အချစ်ဆိုတဲ့ စာမျက်နှာ
ဘ၀သင်ရိုးမှာ ထပ်တိုးမယ်ကြံတိုင်း
ရေစိုစုတ်ပြဲလိုက်
လောင်ကျွမ်းပြာကျလိုက်နဲ့
ခုထိ ၀င်ခွင့်မရသေး
ကိုးရီးယားကားလို
လှလှပပ အလွဲနဲ့
ခဏခဏ ကြယ်သီးပေါက်မှားနေခဲ့တာ ကြာပေါ့…..
မုန်တိုင်းထန်ခဲ့တဲ့အတိတ်ရဲ့
သက္ကရာဇ်ရိုင်းတွေက
ခုထိအုံ့မှိုင်းတုန်း
ရောင်နီများ ရစ်သိုင်းလေမလားလို့
မျှော်လင့်ချက် ရိပ်ရိပ်လေးပိုက်
အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့
နေ၀င်မိုးချုပ်လျှောက်မိသေးတယ်
ဒဏ်ရာတွေသာစိုက်ပြီး
မျက်ရည်လေးဝိုင်း.....ပြန်ခဲ့ရတာ
ရင်ဘတ်ဟောင်းလောင်းနဲ့....
အချစ်က မီးပြင်းပြင်းလေး တိုက်စားခဲ့လို့
ဆိုနေကျတေးနဲ့ ရေးနေကျကဗျာတွေတောင်
ပေါက်ကွဲဖူးယောင်ကုန်ပေါ့....
ဒဏ္ဍာရီမဆန်တဲ့ ပုံပြင်တစ်ပုဒ်ကို
အချစ်သင်ရိုးလို့ အညွှန်းထိုးမလား
ဒါဆို အမုန်းတစ်မျက်နှာနဲ့
အလွမ်းတစ်ရွက်ပါ
နောက်ထပ်တိုးရဦးမှာနော
(ဒီနေ့အထိ) စိုထိုင်းခဲ့တဲ့နေ့တွေအတွက်
ညှို့ညှို့မှိုင်းမှိုင်းရွာခဲ့တဲ့ မိုးတွေကို
ဘယ်တန်ခိုးနဲ့ ရပ်ခိုင်းမလဲ
သံသရာအ၀န်းအ၀ိုင်းထဲ
အမိုးမလုံတဲ့ ဘ၀ကိုပဲ အပြစ်ပုံချရမလား
သေချာတာကတော့
ချစ်ခြင်းရဲ့ ၀င်္ကပါလမ်းမှာ
ရင်တစ်ဖက်ကန်း ကျွန်တော်ကတော့
မြေပုံအညွှန်းပျောက်နေဦးမှာပဲ......။ ။
No comments:
Post a Comment