Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

တိတ်တဆိတ် အလွမ်း





ရှုမျှော်ခင်းတွေ အငွေ့ပျံသွားတိုင်း
အထီးကျန်စိတ်က အရိုးရင့်တယ်
ပင်လယ်ဆီ ဖျားယောင်းခဲ့လေသမျှ
ပွတ်သပ်ညှို့ယူ စိုက်ပျိုးခဲ့ရသော
ဗန်ဂိုးရဲ့ ညနေခင်းများ


ရင်ဘတ်နဲ့ လမ်းလျှောက်ဖြစ်တိုင်း
အနာဟောင်းက အစိမ်းကြွေတယ်
အလေအလွင့်များမယ့် မနက်ဖြန်တွေထဲ
ချောင်းခြားလက်တစ်စုံရဲ့
ခေါက်ရိုးကျိုး လောကဓံများ


အိပ်မက်မြစ်တွေထဲ လောင်ကျွမ်းရင်း
ငါ့သံသရာဟာ အကြိမ်ကြိမ်
မိုးခေါင်ခဲ့


ဒီခရီးနဲ့ ဒီလှေ
မှော်ဝင်ညတွေထဲ
ရိုးသားစွာ မိုက်မဲခဲ့


သူစိမ်းဆန်တဲ့
မြို့ပြရဲ့ကောက်ကြောင်းတွေထဲမှာ
ငါ့ကိုယ်ငါလည်း
အခါခါ
ရပ်ငေးကြည့်ခဲ့ဖူးတယ်


ရှိပါစေတော့
ကြေကွဲစရာတွေ ဖွေးဖွေးလှုပ်နေတဲ့
ဟောဒီအနုပညာ လမ်းဟောင်းလေးအတိုင်း
ဒီအရိပ်ရဲ့ လောင်ကျွမ်းတရားမှာ
ထုဆစ်ရင်းနဲ့ကို ကြွေကျ
ငါ့အရိပ်ငါ ပြန်ထမ်းပိုးရင်း
ဗီသိုဗင်ရဲ့ တေးသွားလေးအတိုင်း
ကရုဏာတေးတွေ
သံပြိုင်ဆိုဖြစ်တယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့