ပြည်တွင်းမှာ နိုင်ငံခြားငွေ တရားဝင် ရရှိသူတိုင်းဟာ နိုင်ငံခြားငွေ ကိုင်ဆောင်မှုကို ကိုင်ဆောင် ခွင့်ရရှိပြီ ဖြစ်ပြီး ဒီလို ကိုင်ဆောင် ရာမှာ ၃ လ အထိသာ ကိုင်ဆောင်
ခွင့်ပြုထားတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ကိုင်ဆောင် ခွင့်ပြုရာမှာ နိုင်ငံခြားငွေ ရရှိသူတိုင်းဟာ ဒေါ်လာ တစ်သောင်း အထိ လက်ဝယ် ကိုင်ဆောင်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
အရင်က ပြည်တွင်းရှိ နိုင်ငံသား တွေကို ဒေါ်လာ ကိုင်ဆောင်ခွင့် အတွက် တရားဝင် ခွင့်ပြုပေး ထားခြင်း မရှိဘဲ လုပ်ငန်းရှင် တွေဟာ ပြည်ပ ပို့ကုန်က ရရှိတဲ့ ၀င်ငွေတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဘဏ်တွေမှာ မြန်မာငွေနဲ့ ထုတ်ယူပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကိုင်ဆောင်ခွင့် မရှိတာဟာ ပြည်တွင်းနေ နိုင်ငံသား များမှ နိုင်ငံခြား သုံးငွေ လက်ဝယ် ကိုင်ဆောင်ခြင်း၊ ပြည်ပသို့ နိုင်ငံခြား သုံးငွေ လွှဲပို့ခြင်းများကို ၁၉၄၇ ခုနှစ် နိုင်ငံခြားငွေ စည်းမျဉ်း သတ်မှတ်ရေး အက်ဥပဒေ အရ ကန့်သတ် တားမြစ်ထား တာကြောင့် ဖြစ်ပါတယ်။
အခုအခါ ပြည်တွင်းမှာ နိုင်ငံခြားငွေ လဲလှယ်မှု တွေနဲ့ ပတ်သက်လို့ ပုံစံတွေ ပြောင်းလဲ လာတာ နဲ့အညီ သက်ဆိုင်ရာ ကနေ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ကို အမိန့် ကြေညာစာ ထုတ်ပြန်ကာ ခွင့်ပြုပေး လိုက်တာ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုပေးမှုကို ပြီးခဲ့တဲ့ မေလက စတင် ခွင့်ပြုပေးခဲ့ပြီး ပြည်ပ ပို့ကုန် လုပ်ငန်းရှင်တွေ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ၊ ပြည်တွင်းမှာ နိုင်ငံခြားငွေ လုပ်ခလစာနဲ့ လုပ်ကိုင်နေသူ တွေဟာ ဒေါ်လာ တစ်သောင်း အထိ ကိုင်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကိုင်ဆောင်ခွင့် ရရှိတာဟာ ၃ လသာ ကိုင်ဆောင် ခွင့်ရရှိမှာ ဖြစ်ပြီး ၃ လပြည့်ရင်တော့ ဘဏ်မှာ ပြန်လည် အပ်နှံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment