အကြောင်းအရာတခု အက်ကြောင်းထပ်နေအောင် ပြောတတ်တဲ့ အဖေ့ရဲ့ အကျင့်ကို အိမ်သားတွေ အားလုံးလိုလို နားကြားပြင်းကပ်ဆုံးဖြစ်တယ်။ မြို့အိမ်က အိမ်အိုဟောင်းကြီးဆီကို ကြာကြာမှတခါ လာတဲ့ အဖေ့ကို ကျမတို့တွေ စကားသိပ်မပြောမဆိုရဲကြဘူး။ အမြဲတမ်း စကားတတွတ်တွတ်နဲ့ ပြောတတ်တဲ့ အဖေ့ကို အိမ်သားအားလုံးက နားကြားပြင်းကပ်တယ်ဆိုပေမယ့် အဖေ့ကိုတော့ အားလုံးလိုလို ရိုသေလေးစားကြောက်ကြတယ်။ အဖေ့ကို ဘယ်လောက်ထိ ကြောက်ကြတယ်ပြောရမယ်ဆိုရင် အိမ်မှာ အဖေရှိနေခဲ့ရင် အလုပ်ကိုယ်စီ ရှိသယောင်နဲ့ ဟန်ဆောင်ပြီး အိမ်ပြင်မှာထွက်လို ထွက်၊ အခန်းထဲမှာ ဟိုလုပ် ဒီလုပ်နဲ့ ပျာယိပျာယာ အလုပ်ရှုပ်နေတတ်ကြတယ်။ အဖေအိမ်ထဲ ရှိနေရင် ကျမတို့ အိမ်ပြင်ထွက်ထိုင်နေတတ်ကြတယ်။ အဖေ အိမ်ပြင်ထွက်ရင် ကျမတို့ အိမ်ထဲ ၀င်နေ နေတတ်တယ်။ အဖေ့ ဘေးနားမှာ (၅)မိနစ်ထက် ပို မထိုင်ရဲခဲ့ကြဘူး။ သူ ဆုံးမစကားမဆိုခင် သူ့ဘေးနားက အရင်ဦးအောင် ကျမတို့လစ်ထွက်တတ်ကြတယ်။ အဖေ အလုပ်ကိစ္စနဲ့ အပြင်သွားတဲ့အချိန်မှာ သားအမိတွေ အဖေ့ ပါးစိပါးစပ်များတဲ့အကြောင်းတွေကို ဖောက်သည်ချ အတင်းပြောတတ်ကျသေးတယ်။ တခါတလေမှာ အဖေ့အတင်းကို တုတ်နေမှန်း သူ ရိပ်မိ သိနေခဲ့ပေမယ့် သူ မသိချင်ဟန်ဆောင်နေ နေလိုက်တဲ့ အချိန်တွေက ပိုများနေခဲ့ပါတယ်။
“ ဒီည ငါ့ အ၀တ်တွေ ကျောပိုးအိတ်ထဲ ထည့်ပေးထားလိုက်ဦး။ မနက်ဖြန် ငါ ရွာပြန်မယ်။ ” တော်သေးလို့ ဖေဖေက သူ မြို့မှာ ကြာကြာမနေနိုင်တဲ့ အကျင့်ရှိနေခဲ့လို့ ဘုရားမ တရားမပဲ လို့ မောင်နှမတွေတိုင်းရဲ့ စိတ်ထဲမှာ ကျိတ်ပြီး ၀မ်းသာနေခဲ့ကြတယ်။ အဖေရဲ့ အလုပ်က လက်သမားမို့ ကြာကြာအလုပ်နားလို့မရတာတကြောင်း၊ မြို့မှာ နေရတာ စိတ်ကျဉ်းကြပ်သလို ခံစားရတာတကြောင်းပါ။ မြို့ကို သူ သိပ်ပြီး သဘောမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြို့မှာက အရာအားလုံး ပစ္စည်းတိုင်းကို ငွေနဲ့ပေးဝယ်နေရလို့တဲ့။ ဒီတခေါက်လဲ အရေးကြီးတဲ့ စက်ပစ္စည်းဝယ်စရာလိုအပ်လို့သာ သူ မတတ်နိုင်ဘဲ တက်လာခဲ့ရတယ်။ စက်ပစ္စည်းအသေးအမွှားတွေပဲဆိုရင် လူကြုံပဲ ပါးတတ်တဲ့ အဖေ့ကို တစ်နှစ်မှတခါ (သို့) နှစ်နှစ်မှ တခါသာ တွေ့ခွင့်ရတတ်တယ်။ ဒါတောင် သူ့ကို သိပ်ပြီး မကြည်ဖြူကြဘူး။ သူ စကားများတတ်တာ အိမ်သားတွေ သဘောမကျမှန်း သူသိနေပေမယ့် မပြောရ မနေနိုင်ခဲ့ဘူး။ တစ်နေ့ကို တခါလောက် တတွတ်တွတ်ဟောပြောနေရမှ သူ ကျေနပ်တတ်တယ်။
နောက်တစ်နှစ်မှာ အဖေ ထူးထူးဆန်းဆန်း နမ့်ခမ်းကို အလည်တခေါက်လာခဲ့တာတဲ့လေ။ တခါမှ အလည်သက်သက်နဲ့ မလာစဖူးတဲ့ အဖေကို အံ့သြနေခဲ့မိတယ်။ ကိစ္စတခုခုတော့ တခုခုပဲဖြစ်လိမ့်မယ်။ ဒီ ညီအစ်မနှစ်ယောက် အကြောင်းနဲ့ ပတ်သက်ပြီး ဘာသတင်းတွေကြားထားမှန်းမှမသိ။ စပ်စုချင်မိတယ်။ အဖေနဲ့တောင် မျက်နှာချင်းဆိုင် စကားမပြောရဲခဲ့တာ လာရတဲ့ အကျိုးအကြောင်းမေးမြန်းဖို့ဝေးသေး။ ထမင်းစားတာတောင် အဖေနဲ့ အတူ တခါမှ လက်စုံမစားဖူးဘူး။ ထမင်းစားချိန်ရောက်ရင် သူ့အတွက် ထမင်းဝိုင်း ပြင်ဆင်ပေးပြီး ထမင်းစားဖို့ အသိပေးခေါ်ရုံပဲ။ ထိုင်ခုံအောက် ခြေစုံမချဘဲ ထိုင်ခုံပေါ် ငုတ်တုတ်ထိုင်းပြီး ထမင်းစားတတ်တဲ့ အဖေ့ရဲ့ အကျင့် အဖေ့ရဲ့ပုံရိပ်ကို အမှတ်ရနေဆဲပါ။ တယောက်တည်း မီးဖိုဆောင်မှာ မှုန်ကုတ်ကုတ်နဲ့ ငုတ်တုတ်ထိုင် ထမင်းစားနေခဲ့ရတာ ခုနဲ့ဆို အနှစ်နှစ်ဆယ်ရှိခဲ့ပြီဖြစ်တယ်။ သားသမီးတွေက အဖေနဲ့ အတူ စကားထိုင်ပြောဖို့၊ အဖေနဲ့ အတူ ထမင်းလက်စုံစားဖို့ မရဲရလောက်အောင် အဖေက ဘာရောဂါတွေရှိနေလို့လဲ၊ အဖေက ဘာတွေ အပစ်ရှိနေလို့လဲ။ ဘာလို့ အဖေနဲ့ မျက်နှာချင်းမဆိုင်ရဲ ခဲ့လို့လဲ။ အနာစာ ရှာမရတဲ့ ဒဏ်ရာတခုရဲ့ ပုစ္ဆာကို ကျမကိုယ်တိုင်လည်း အဖြေမထုတ်နိုင်ခဲ့ပါဘူး။ ကျမအတွက် ဆို့နင့်ဖွယ်အမှတ်တရလေးတခု ခုချိန်ထိ မှတ်မိနေတုန်းပါပဲ။ အဲဒီချိန်တုန်းက ကျမ (၆)တန်းအရွယ်လောက်ပဲရှိပါသေးတယ်။ တနေ့မှာ အဖေ အပြင်က ပြန်လာပြီး အထဲမှာ အနားယူရင်း အဖေ အိပ်ပျော်နေခဲ့တဲ့အချိန်မှာ ကျမ အိမ်ရှေ့က တိုဟူးပျော့ရောင်းတဲ့ အန်တီရဲ့ ဆိုင်လေးမှာ ထွက်ထိုင်လိုက်တယ်။ အဖေ အိပ်ပျော်လောက်ပြီဆိုပြီး အဖေ့ပါးစိပါးစပ်များတဲ့ အကြောင်းတွေ စကားကို အက်ကြောင်းထပ်နေအောင် ပြောတတ်တဲ့အကျင့်တွေ၊ အဖေ အိမ်ထဲဝင်ရင် ကျမတို့ အိမ်ပြင်ထွက်နေတတ်တဲ့ အကြောင်းတွေ၊ ဖောက်သည်အတင်းပြောခဲ့ပါတော့တယ်။ အားရပါးရနဲ့ စိတ်ထဲမှာ မွန်းကျပ်နေခဲ့တဲ့ အဆိုင်အခဲလေးတွေကို ကျေနပ်ပေါ့ပါးသွားလောက်တဲ့ထိ ပြောဆိုပြီးချိန်မှာ နေအရမ်းပူနေလို့ အိမ်ထဲမှာပဲ အေးအေးဆေးဆေးဝင်နားဖို့ ၀င်လိုက်တဲ့ အချိန်မှာ အဖေဟာ ကျမထင်ထားတဲ့ အတိုင်း အိပ်မပျော်ပဲ ကျမ ပြောပြနေခဲ့တဲ့ အဖြစ်ပျက်တွေ အကုန်လုံး သူ ထိုင်ခုံတန်းလျားပေါ်မှာ တိတ်တဆိတ်နဲ့ ငုတ်တုတ် ထိုင်ပြီးနားထောင်နေခဲ့တယ်။ အဖေ အိပ်ပျော်စဉ်ခဏလေးမှာတောင် မချန်ပဲ အဖေ့အတင်းကို တခြားလူသိအောင် ဖောက်သည်ချနေတော့ စိတ်မကောင်းစွာနဲ့ ငြိုးငယ်နေတဲ့ အဖေ့ရဲ့မျက်နှာ ကျမ သတိထား အမှတ်ရနေဆဲပင်။ ရုတ်တရက်ကြီး ဖေ့ဖေ့မျက်နှာနှင့် ထိပ်တိုက်ဆုံမိလေတော့ ကျမ အရမ်းအနေရခက်သွားခဲ့တယ်။ မလိမ္မာလိုက်တဲ့ သမီး။ အဖေ့ ဂုဏ်သိက္ခာတွေကို မစောင့်ထိန်း မငှဲ့ညှာတတ်တဲ့ သမီးမိုက်ကြီး။ အတင်းပြောခဲ့မိတဲ့ ကိုယ့်ပါးစပ်ကိုပဲ ပြန်အပစ်တင်ရိုက်ပုတ်နေခဲ့မိတယ်။ ကျမရင် တဒိတ်ဒိတ်နဲ့ ရှက်ကြောက်တဲ့ မျက်နှာနဲ့ မီးဖိုဆောင်ထဲမှာ တန်းပြေးဝင်ခဲ့လိုက်တယ်။ ဖေဖေနဲ့ ကျမ အခန်းချင်းလဲ ကန့်ထားသလို ကျောလဲ ပေးထိုင်နေခဲ့ကျတယ်။ ဘယ်ချိန်ကတည်းက မျိုသိပ်ထားခဲ့မှန်းမသိတဲ့ အဖေ့ရဲ့ ခံစားချက်ဒဏ်ရာတွေဟာ နံရံကြားက တုန်ယင်အက်ကွဲနေတဲ့အသံဖြင့် ကျမဆီ လွှင့်ထွက်လာပါတော့တယ်။ “ ငါ ဒီလို စကားများနေတာ နင်တို့ကို ငါမုန်းလို့မဟုတ်ပါဘူး။ ဒါပေမယ့် ငါ တတွတ်တွတ်ပြောနေတာကိုက နင်တို့ ငါ့ကို မုန်းရင်မုန်းနေမှာ ငါသိပါတယ်။ အမြင်လဲ ကပ်နေကျမှာ ငါသိတယ်။ ဒါပေမယ့် ငါ့ စေတနာတွေကို တော့ နင်တို့ သိမြင်နိုင်မှာမဟုတ်ပါဘူး။ ငါ မရှိတော့တဲ့ နောက်ပိုင်းမှာမှ နင်တို့တွေ နားလည်လာပါလိမ့်မယ်။ ငါတို့ အဖေဟာ ငါတို့ကို ဘာကြောင့် ဒီလောက်ထိ အကြောင်းအရာတခုကို အက်ကြောင်းထပ်နေအောင်ပြောခဲ့တာလဲဆိုတာ နင်တို့ ကြီးပြင်းအရွယ်ရောက်လို့ သေချာဆုံးဖြတ်တတ်တဲ့ဥာဏ်တွေရှိလာတဲ့တစ်နေ့မှာ နင်တို့ နားလည်လာမှာပါ။ အဖေကတော့ ဗွေမယူပါဘူး။ ထုံးစံအတိုင်းပဲ ဆက်ပြောနေမှာပဲ။ ဒါကို မင်းတို့ သဘောပေါက်ဖို့လိုတယ်။” အဖေ့ စကားအဆုံးမှာ ကျမ ရင်ဝတခုလုံးကို ကျောက်ခဲတွေနဲ့ ဖိပိတ်ထားသလိုပင် အသက်အောင့်သွားခဲ့မိတယ်။ စိတ်တွေ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားတော့ လူသူမကြား လူသူမသိဘဲ ကျမ ကြိတ်ပြီးရှိုက်ငိုခဲ့တယ်။ နာကျင်ကွဲအက်တဲ့ အဖေ့အသံဟာ ဘယ်ချိန်ကတည်းက ပေါက်ကွဲချင်ခဲ့မှန်းမသိခဲ့ဘူး။ ဒီဖြစ်ကျော်ခဲ့တဲ့နှစ်တွေထဲမှာ ဖေဖေ ဘယ်လောက်ထိတောင် မျိုသိပ်ကြိတ်မှိတ်နေခဲ့မလဲ။ ဖေဖေ ဘယ်လောက်များ စိတ်သောကတွေရောက်ခဲ့ရမလဲ။ ဖေဖေ ဘယ်လောက်တောင် ခံပြင်းနေခဲ့မလဲ။ ဖေဖေ ဘယ်လောက်တောင်များ ငိုကြွေးနေခဲ့မလဲ။ ဖေဖေ ဘယ်လောက်တောင် အထီးကျန်ဆန်ခဲ့ရမလဲ။ မတွေးဝံ့စရာပါပဲ ဖေဖေရယ်။ သားသမီးတွေ ပေးတဲ့ ဒဏ်ရာဟာ မိဘတွေအတွက် အကြီးမားဆုံး အနာကျင်ဆုံး ဒဏ်ရာတွေပဲဖြစ်တယ်။ တတွတ်တွတ်ပြောတတ်တဲ့ အဖေ့ဟာ ဒီသားသမီးတွေရဲ့ ဦးနှောက်ထဲ ရင်ထဲထိ ဘ၀ခရီးတလျှောက် အမှားမရှိလမ်းမှန်ရောက်အောင် ဆိုဆုံးမ ပြောဆိုနေတာဖြစ်တယ်ဆိုတဲ့ အသိနဲ့ ကျမ နားလည်ခဲ့တယ်။ နောက်ဘယ်သောအခါမှ အဖေ့ရဲ့ အကြောင်းတွေ ပါးစပ်ဖျားက မဟခဲ့မိတော့ဘူး။ ဒါပေမယ့် အိမ်သားတွေကတော့ ထုံးစံအတိုင်းမပြောင်းလဲခဲ့ပါဘူး။ အဖေဟာ ကျမတို့မိသားစုကို ဘယ်တုန်းကမှ ချစ်တယ်လို့မပြောခဲ့ပေမယ့် ဘယ်တုန်းကမှ မမုန်းဘူးလို့အမြဲတမ်း ပြောခဲ့ပါတယ်။ ကျမ (၁၀)တန်းရောက်တဲ့နှစ်မှာ အဆင်မပြေမှုတွေကြားက တစ်ယောက်တည်းနှင့် အိမ်နှစ်လုံးရဲ့ နှစ်စဉ်ဝန်တွေကိုထမ်းနေရတော့ မြို့အိမ်ကို ရောင်းဖို့ အဖေဆုံးဖြတ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ကို အမေသာမက အစ်ကိုအစ်မတွေအားလုံးလဲ လက်မခံခဲ့ဘူး။ သားသမီးတွေများတော့ အိမ် နှစ်နေရာရှိထားတာ နဲနဲခံသာပါသေးတယ်လို့ အမေ ပြန်ချေပခဲ့ပေမယ့် အဖေ့ရဲ့ ဆုံးဖြတ်ချက်က ယိုင်မသွားပဲ ပြတ်သားခိုင်မာဆဲပါ။ တစ်ယောက်နဲ့တစ်ယောက် တင်းရုံတင်းနေမယ်ဆိုလျှင် ဒီမိသားစုဟာ ပြိုလဲဖို့များနေတာ အမေ ကြိုသိနေခဲ့တယ်။ မိသားစုတွေတကွဲတပြားဖြစ်မှာ စိုးရိမ်တဲ့ အသိစိတ်နဲ့ “လုပ်ချင်ရာလုပ် ၀င်မဆွတ်ဖက်တော့ဘူး”ဆိုတဲ့ အမေ့ရဲ့ အလျှော့ပေးမှုက အဖေ့ဆန္ဒတွေကို ပိုပြည့်ဝစေခဲ့ပါတယ်။ အမေ့ရဲ့ သဘောတူညီချက်ကိုရတော့မှ အဖေ့ရဲ့ ရည်ရွယ်ချက်တွေကို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့တော့တယ်။ “ ဒီအိမ်ကို ရောင်းရတဲ့ ရည်ရွယ်ချက်က နင်တို့ မောင်နှမတွေ တစုတစည်းတည်းဖြစ်အောင်လို့။ ပြီးတော့ နင်တို့ စီးပွားရေးလုပ်ဖို့အတွက် အရင်းနှီးတွေ ထုတ်ပေးနိုင်အောင်လို့ ရောင်းလိုက်တာ။ ငါလည်း အသက်ကြီးနေပြီ အိုနေပြီ ဒီ လက်သမားအလုပ်နဲ့ ငါ နင်တို့ကို ဆက်ပြီး မလုပ်ကျွေးနိုင်တော့ဘူး။ အဲဒါကြောင့် နင်တို့ကို နင်တို့ နိုင်နင်းစေချင်တယ်။ နင်တို့ ငါ့စကားကို နားထောင်၊ ငါ့ နည်းအတိုင်းလိုက်လုပ်ရင် နင်တို့ ဘ၀တလျှောက် ဆင်းရဲမှာမဟုတ်ဘူး။” ဆိုတဲ့ အဖေ့ရဲ့ ခိုင်မာပြတ်သားတဲ့ယုံကြည်ချက်တွေဟာ သားသမီးတွေရဲ့ ဘ၀ကောင်းစားဖို့အတွက်ပဲ သူ ဦးတည်ခဲ့ခြင်းဖြစ်တယ်။ အရင်က အဖေ့ကို အပစ်မြင် အပစ်တင်ခဲ့တာတွေကို ကျမ ပြန်နောင်တရနေမိတယ်။ အဖေဟာ ကောင်းသည်ဖြစ်စေ ဆိုးနေသည်ဖြစ်စေ သူဟာ ကျမတို့ရဲ့ အဖေပါပဲ။ တကွဲတပြားဖြစ်နေတဲ့ ကျမတို့တွေကို အိမ်ဆိုတဲ့ စုစည်းမှုထဲမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနိုင်အောင်၊ မိသာစုးဆိုတဲ့ နွေးထွေးရင်းနှီးမှုတွေရရှိအောင် သူ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်ကိုယ်စီကိုယ်ငှ ဖြစ်နေတဲ့ အစ်ကို အစ်မတွေဟာ တစုတစည်းနေဖို့ မဖြစ်နိုင်မှန်းသိနေတော့ အဖေ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။
၂၀၁၀ခုနှစ်မှာ ကျမ အဝေးသင် ပထမနှစ် ကျောင်းပြီးသွားတော့ အိမ်ကိုအလည်ပြန်ပါတယ်။ ကျမနဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ ဖေဖေလည်းရောက်လာပါတယ်။ မြို့အိမ်ကို ၂၀၀၈ ခုနှစ်မှာ ရောင်းလိုက်ကတည်းက ကျမ အိမ်ကို မကပ်ဖြစ် မပြန်ဖြစ်ခဲ့တော့ဘူး။ အလုပ်ရုံမှာပဲ အိပ်လိုက် စားလိုက် အလုပ်လုပ်လိုက်နဲ့ (၄)နှစ်သာအချိန်တွေကုန်ခဲ့ပါတယ်။ အိမ်ကို ပြန်တဲ့အခေါက်တိုင်း အကြာကြီးမနေဖြစ်ခဲ့တဲ့ ကျမ အိမ်ဟာ ကျမအတွက် တည်းခိုးခန်း တည်းသလို သွားလိုက်လာလိုက်နဲ့ပင်ဖြစ်နေခဲ့တယ်။ ကျောင်းတက်ချိန်ရောက်ရင် ဖုန်းဆက်အကြောင်းကြားပြီး ကျောင်းစရိတ်အတွက် ဖေဖေ ငွေတွေရှာပို့ပေးတယ်။ ကျောင်းတက်ပြီးသွားတဲ့အချိန်မှာ အိမ်ကိုမရောက်ဘဲ ချက်ချင်းအလုပ်ထဲမှာပဲ တန်းဝင်ဖြစ်နေခဲ့တော့ ကျမအတွက် အိမ်ပြန်ချိန်ဆိုတာ တည်တည်တံ့တံ့မထားဖြစ်ခဲ့ဘူး။ အိမ်ပြန်တိုင်း အိမ်အထိ ဘယ်တော့မှ ခရီးမရောက်ဖြစ်ခဲ့ပါဘူး။ မြို့အိမ်ကို ရောင်းပြီးကတည်းက ဖေ့ဖေ့ကို ဆန့်ကျင်ပြီး အစ်မ အိမ်တစ်လုံးဆောက်ခဲ့ပါတယ်။ အိမ်ကတော့ ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိပါဘူး။ အစ်မကြီးနဲ့ အစ်မလတ်ရဲ့ ယောက္ခမတွေနဲ့ပေါင်းပြီး အလျှားပေ(၈၀) အနံပေ(၆၀) မြေကွက် တစ်ကွက်ကို ၀ယ်ပြီး အတူတူ တိုက်ပုအိမ်လေးတွေ ဆောက်နေကြပါတယ်။ ဆယ်တန်းကျောင်းပြီးကတည်းက အိမ်မကပ်ပဲ အလုပ်မှာပဲ ကြီးပြင်းဖြတ်ကျော်လာခဲ့တော့ အိမ်ကလူတွေက ကျမကို စိတ်ချနေပြီးသား၊ ယုံကြည်ပြီးသားလို့ ကျမထင်ထားခဲ့တယ်။ ဒီ(၄)နှစ်သာအတောအတွင်းမှာ ကျမတို့တွေ တစ်ယောက်ကိုတစ်ယောက် အဆက်သွယ်လုပ်တာလဲ မရှိသလောက်ပါပဲ။ မိဘတွေရဲ့ထုံးစံကတော့ တိုင်ပင်စရာ ကိစ္စလေးတွေ အလိုလေးတွေရှိမှ အိမ်ကို ဖုန်းဆက်ဖို့ ပြောထားတော့ အလိုမရှိရင် ဖုန်းမဆက်ဖြစ်တော့ဘူး။ သူတို့တွေ ကျမဆီဖုန်းဆက်ဖို့က ပိုလို့တောင် မျှော်လင့်ချက်မရှိပါဘူး။ ကျမကိုလည်း သူတို့တွေ သတိရကျမှာ မဟုတ်ပါဘူးလို့ ခပ်နုံနုံအတွေးတွေ ကျမခေါင်းထဲနေရာယူပြီးသားဖြစ်နေခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၁ သင်္ကြန်မှာတုန်းက အားလပ်ရက်တွေဖြစ်နေတော့ ကျမအိမ်ကို ပြန်ပါတယ်။ ဒါပေမယ့် အိမ်ပြန်တယ်ဆိုပေမယ့် အိမ်ရဲ့ ခရီးတစ်ဝက်မှာပဲ ဆိုက်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း အိမ်ထိမရောက်ပဲ အစ်မကြီးရဲ့ အိမ်မှာပဲ ခရီးဆုံးနေခဲ့ပါတယ်။ အိမ်ကို ဖုန်းဆက်အကြောင်းကြားလိုက်တော့ “မြို့မှာပဲ ခရီးမဆိုက်ပဲ အိမ်ကိုလဲ ရောက်ဖြစ်အောင်ဆင်းခဲ့ပါဦး ”ဆိုတဲ့ ဖေ့ဖေ့ရဲ့ အမှာစကားတွေဟာ အရင်က ကျမကို သူတို့တွေ မေ့ထားရက်ခဲ့တယ် ပစ်ထားရက်ခဲ့တယ်ဆိုပြီး မိဘတွေကို အတွေးစိတ်ကနေ ပြစ်မှားမိခဲ့တဲ့အမှားတွေအတွက် အခု ကျမရဲ့ ရင်ဘတ်ကို ထိမှန်ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၂မှာလဲ ကျမ အိမ်ကိုပြန်ပါတယ်။ ထုံးစံအတိုင်း အိမ်ခရီးတစ်ဝက်ပင်။ သင်္ကြန်နှစ်သက်ကြိုဆိုတဲ့အနေနဲ့ ဖွားဖွားဆီ ဆွမ်းသွားလှူရင်း ဖေဖေ မြို့တက်လာတာနှစ်ပတ်လောက်ရှိနေသည့်အကြောင်းကို သိလိုက်ရတယ်။ ဘယ်တောင် စိတ်တွေ နာနေခဲ့မှန်းမသိတဲ့ ဖေ့ဖေ့ဟာ မြို့တက်လာတာတောင် အိမ်မရောက်ဘဲ တောင်ပေါ်ဘက်တိုက်ရိုက်တက်သွားခဲ့တာဖြစ်တယ်။ ကံဆိုးစွာနဲ့ ကျမ အလုပ်မယ့်ရက်မှာ ဖေဖေက ရောက်လာခဲ့ပါတယ်။ ဖေဖေနဲ့တောင်စကားမပြောရသေး၊ နှုတ်မဆက်ရသေးဘဲ တက်စီကားက တီတီနဲ့ လာခေါ်နေပြီ။ ပိန်ရှည်နေတဲ့ အဖေ့ ခန္ဒာကိုယ်ဟာ အရင်နှစ်တွေထက် ပိုပြီး ပိန်လှီသွားတာကို သတိထားလိုက်မိတယ်။ ချိုင်းနေတဲ့ ပါးပြင်တွေ စိမ်းဝါခြောက်သွေ့နေတဲ့ ဖေ့ဖေ့အသားအရေတွေဟာ အရင်ကနဲ့မတူ ကျန်းမာရေးတွေချို့တဲ့နေကြောင်းပြသနေပါတယ်။ ဖေဖေ ဘယ်လောက် ပင်ပန်းနွမ်းနယ်စိတ်ဆင်းရဲနေခဲ့မှန်ုး ခန့်မှန်းတွက်ချက်ချလို့ရပါတယ်။ ဖေ့ဖေ့ရဲ့ ပုံပန်းသွင်ပြင်တွေဟာ ကျမကို ထွက်ခွာမသွားနိုင်အောင် ဆွဲဆန့်ထားခဲ့တယ်။ တက်စီကားတွေကလဲ အလိုက်မသိ လောနေလိုက်တာ။ အဖေ ရောက်လာတဲ့အချိန်နဲ့ကားနဲ့က တိုက်ဆိုင်လိုက်တာ …ဖေဖေရယ်။ ဖေဖေ နေကောင်းရဲ့လား။ ကျန်းမာရဲ့လား ဆိုတဲ့ မေးခွန်းတွေတောင်မေးဖော်မရလိုက် ။ ဖေဖေ သမီးသွားတော့မယ်နော်ဆိုတဲ့ လက်ပြနှုတ်ဆက်ခြင်းက အဆုံးသတ်ပေးတာကိုခံလိုက်ရတယ်။ ရင်ထဲမှာစို့နင့်လိုက်တဲ့ အဖြစ်တွေပါလား ဖေဖေရယ်။ ဖေဖေနဲ့ တူတူမျက်နှာချင်းဆိုင် ထိုင်ပြီး ဖေဖေဆိုဆုံးမချင်တဲ့ စကားတွေ ဖေဖေ ရှင်းပြချင်တဲ့ အနာဂတ်အောင်မြင်ရေးလမ်းကြောင်းတွေကို သမီး နားထောင်ချင်မိတယ်။ ဖေဖေနဲ့ အတူတူ ထမင်းလက်စုံစားနိုင်အောင်၊ ဖေဖေနဲ့ အတူတူ ထိုင်ပြီး အနာဂတ်အောင်မြင်ရေးခရီးတွေနှီးနှောဖလှယ်ဖို့အတွက် အိမ်ကို အရောက် သမီး ပြန်လာနိုင်အောင် ကြိုးစားပါမယ်။
“သားသမီးတွေ မကြောင့်မကျ သူများတွေလို တန်းတူနေနိုင်ရန်အတွက် နေပူ၊ မိုးရွာမရှောင် ရုန်းကန် ရှာဖွေကျွေးမွေးခဲ့တဲ့ အဖေ့ဂုဏ်ကျေးဇူးတွေ…..
သားသမီးတွေရဲ့ ပြစ်မှားကျူးလွန်မှုကို မေတ္တာစိတ်နဲ့ ဖြေဖျောက်ခဲ့တဲ့ အဖေ့ရဲ့ အကြင်နာတရားတွေ……
သားသမီးတွေ လမ်းမှားမရောက်လေအောင် မမောမပန်းမဆုတ်မနစ်ပဲ ဆိုဆုံးမသွန်သင်ခဲ့တဲ့ အဖေ့စေတနာတွေ….
သားသမီးတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့ အနာဂတ်ကို မလျှောက်လှမ်းစေလိုတဲ့ အဖေ့ရဲ့ ကရုဏာတရားတွေကြောင့် သားသမီးတွေဆီက အမုန်းပွားမှုတွေနဲ့ အလဲလှယ်လုပ်ပြီး အဖေ့ရဲ့ ချစ်ခြင်းမေတ္တာစေတနာတွေနဲ့ စတေးပြီး ပေးဆပ်ခဲ့တယ်။”
အဖေရယ်……………..ဒီလောကကြီးထဲမှာ အဖေ့လောက် ချီးကျူးအမွှမ်းတင်စရာလူတွေ မရှိတော့ပါဘူး။ အဖေ့ရဲ့ စေတနာ အဖေ့ရဲ့ မေတ္တာ အဖေ့ရဲ့ ပေးဆပ်မှုတွေဟာ သားသမီးတွေရဲ့ ဘ၀တစ်သက်တာမှာ အေးမြတဲ့အရိပ်လေးသဖွယ် ထင်ကျန်နေခဲ့လိမ့်မယ်လို့ သမီး ယုံကြည်ပါတယ်။။ စေတနာမေတ္တာကရုဏာပွားပြီး ပြုစုပျိုးထောင်ခဲ့တဲ့ အဖေ့ရဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေကို သမီး လေးစားချစ်မြတ်နိုးမိတယ်။
မိဘတွေရဲ့ သံသရာစက်ဝန်း
သားသမီးတွေ မကြီးပြင်းခင်မှာ သားသမီးတွေ လူလားမြောက်ဖို့ အခက်ခဲပေါင်းစုံ ပြဿနာပေါင်းစုံကြားကနေ သားသမီးတွေဘေးမသီရန်မခအောင် ပြုစုပျိုးထောင်ခဲ့ကြတယ်။ သားသမီးတွေ ကြီးပြင်းလို့ မြေးမြစ်တွေရှိတဲ့အချိန်ထိ မိဘတွေကို စိတ်ချမ်းသာမှုတွေ မပေးနိုင်ကျသေးတဲ့အပြင် သားသမီးတွေရဲ့ ၀န်ထုပ်ဝန်ပိုတွေ ပြန်ထမ်းကြရတယ်။ သားသမီးဒုက္ခတွေပြီးတော့ သမက်၊ ချွေးမရဲ့ မထီမဲ့ဆက်ဆံမှုတွေ၊ မလေးစားမှုတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ “မပြီးဆုံးနိုင်တဲ့ ဒုက္ခသံသရာစက်ဝိုင်းထဲမှာ ကျင်လည်နေခဲ့ရတဲ့ မိဘတွေရဲ့ သောကမီးတွေဟာ သားသမီးတွေကို ချစ်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ပေးဆပ်ရက်ရောခဲ့ပါတယ်။”
No comments:
Post a Comment