ဇာတ်တော်များ၌ ကံတူအကျိုးပေးပုံတွေ များစွာပါရှိ၏ ။
ရှေးရှေးက စိတ်တူကိုယ်တူ ပြုခဲ့သော ကံတို့သည် နောက်အခါလည်း အတူ အကျိုးပေးတတ်ကြ၏ ။
ဒါန အတူပြုခြင်း၊ သီလ အတူဆောက်တည်ခြင်း၊
ထိုကဲ့သို့ အတူတကွ ပြုခွင့်မရသောအခါ၌လည်း တစ်ယောက်ပြုနေသည်ကို တစ်ယောက်က
သဘောကျခြင်း (အိမ်ရှင်က ပစ္စည်းရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ၀မ်းမြောက်ခြင်း)၊
ဤသို့စသောကုသိုလ်များကို "ကံတူ" ဟု ဆိုလိုသည်။
ထိုကဲ့သို့ ကံတူပြုရာ၌ ပညာရှိ သူတော်ကောင်းချင်းဖြစ်လျှင် တစ်ယောက်စကား
တစ်ယောက်နားထောင်ကာ မခွဲမခွာနေလိုသော သမ္မာဆန္ဒဖြင့် တစ်ယောက်နှင့်တစ်ယောက် ငဲ့ညှာသော
တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေ့အဖို့ နောက်အဖို့မှာ မကင်းဘဲ ရှိတတ်၏ ။
ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ တဏှာဆန္ဒ အလိုကျအောင်
ထိုနှစ်ယောက်တို့ အတူတွေ့ဆုံရတတ်၊ အတူ အကျိုး ခံစားရတတ်ပေသည်။
ဤအရာမျိုးကို "ကံတူအကျိုးပေး" ဟု ခေါ်သည်။
ထိုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ငဲ့ညှာမှုဆန္ဒ ပြင်းပြလှသော ကုသိုလ်ရှင်တို့သည်
သံသရာထဲ၌ ပါရမီ ဖြည့်ဖက်များအဖြစ် ကျင်လည်ကာ တပျော်တပါး အလောင်းတော်များဖြစ်ရပုံကိုလည်း
ဘုရားရှင်နှင့် ယသော်ဓရာ မိဖုရား၊ ရှင်မဟာ ကဿပနှင့် မယ်ဘဒ္ဒါ၊
မဟာကပ္ပိနမင်းနှင့် အနော်ဇာတို့အပြင် မကင်းရာမကင်းကြောင်းဖြစ်၍ ပါလာသော
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊
မိထွေးတော် ဂေါတမီ၊ သုဒ္ဒေါဒနမဟာရာဇာ တို့၏ ၀တ္ထုကြောင်းဖြင့်
ကောင်းကောင်းကြီး ယုံကြည်သင့်ကြပေသည်။
No comments:
Post a Comment