ဒီနေ့ တစ်နေ့ လုံး ကျွန်တော်`ဘူ´နေရတယ်။
အိမ်ကလူတွေ ဘုရားဖူးသွားတာက တစ်ညအိပ်နှစ်ရက်ခရီးဆိုတော့ မနက်ဖြန်လည်းထပ်ပြီး`ဘူ´ရအုံးမယ်။ သူတို့ နဲ့ အတူတူ ဘုရားဖူးလိုက်သွားရင်ကောင်းသားလို့ လဲတွေးမိတယ်။ ခုတော့ မရတော့ဘူးလေ။ ကြိတ်မှိတ်ပြီး ခံရုံပေါ့…။
ကျွန်တော်တို့ အိမ်ကနှစ်ထပ်ပျဉ်ထောင်။ အပေါ်ထပ်မှာလူနေပြီး အောက်ထပ်မှာကုန်စုံဆိုင်လေးဖွင့်ထားတယ်။ ခု… အဲဆိုင်ကြောင့်ပဲ ကျွန်တော်ဒုက္ခရောက်နေတာ။ အစကတော့ ဘတ်ငွေလေးရမလားဆိုပြီး အာမခံလိုက်မိတယ်။ ခုတော့… တကယ်မလွယ်ဘူးဗျာ ဆိုင်ရောင်းရတာ။
ဒီအလုပ်ကိုအစက ခပ်လွယ်လွယ်ပဲထင်ထားခဲ့တာလေ။ တကယ်ရောင်းကြည့်မှ တော်တော်မလွယ်တဲ့အလုပ်မှန်းသိတော့တယ်။ အိမ်ကလူတွေကိုလည်း ခုမှကိုယ်ချင်းစာတတ်သွားလေရဲ့ ။
ဒီအလုပ်က လူလည်းပင်ပန်းတယ်။ စိတ်လည်းပင်ပန်းတယ်။ ခုလည်းကြည့်…။ မနက်မိုးလင်းကတည်းက ပစ္စည်းတွေထုတ်ရ၊ သွင်းရနဲ့ အလုပ်ရှုပ်နေလိုက်တာ မနက်စာတောင်မစားရသေးဘူး။ ခဏနားမယ်လုပ်လိုက် ဈေးဝယ်သူရောက်လာလိုက်နဲ့ ။ ဒီနေ့ မှဆိုင်ကလည်း တော်တော်ရောင်းကောင်းနေလိုက်တာ။ ထိုင်ရတယ်ကိုမရှိဘူး။
ခုမှ လူနည်းနည်းပြက်သွားလို့ ခဏနားရတာ။ ဟူး…မောလိုက်တာ။ ဒါနဲ့  ကန်တော့ပါသေးရဲ့ ။ စောစောက အီအီးပါချင်တာတောင်အောင့်ထားလိုက်ရတယ်။ လူရှင်းတုန်း သွားလိုက်အုံးမှပဲ။
အင်း… အိမ်သာထဲရောက်တော့လည်း စိတ်ကတထင့်ထင့်နဲ့ ပါ။ တချွတ်ချွတ် အသံတွေကြားတိုင်းစိတ်ကမဖြောင့်တော့ဘူး။ ဒါနဲ့ ကိစ္စကိုမြန်မြန်ရှင်းပြီးထွက်လာခဲ့ရတယ်လေ။ ဟူး…တကယ်မလွယ်ပါလား။
အဆိုးရွားဆုံးတစ်ခုက ခြေချုပ်မိနေတဲ့ကိစ္စပဲဗျ။ ဘယ်မှကိုသွားလို့ မရတော့ဘူး။ လမ်းထိပ်မှာကွမ်းယာလေးဝယ်ချင်တာတောင် ထွက်လို့ မရဘူးဖြစ်နေတယ်။ မုန့် ရောင်းတဲ့အထမ်းသည်တွေလို ရပ်ကွက်ထဲ ကွမ်းယာလိုက်ရောင်းတဲ့သူရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ ခုတော့ ဆေးလိပ်တွေပဲ စွပ်ဖွာနေရတာ လည်ချောင်းတွေတောင်စပ်နေပြီ။ ခေါင်းတွေလည်း မူးနောက်နေပြီ။ စိတ်ညစ်လိုက်တာ…။
ကျွန်တော့်မှာ အကျင့်တစ်ခုကလည်းရှိသေးရဲ့ ။ အဲဒါက နေ့ ခင်းနေ့ လည် တစ်ရေးတစ်မောအိပ်တတ်တာပဲ။ ခုလည်း နေ့ လည်စာစားပြီးတော့ မျက်လုံးတွေကမှေးလာပြီလေ။ မနည်းတင်းခံနေတဲ့ကြားက မှေးခနဲ၊မှေးခနဲ ဖြစ်သွားတယ်။ ဟူး…။
ဒီလိုနဲ့ ထိုင်ခုံမှာထိုင်ပြီးငိုက်နေလိုက်တာ တချွတ်ချွတ်အသံကြားမှ ကျွန်တော်လန့် နိုးသွားတယ်။ ကြည့်မိတော့...ဆိုင်ရှေ့ မှာ အဖွားအိုတစ်ယောက်ရပ်နေတာတွေ့ လို့  ကျွန်တော်လည်း ကုန်းရုန်းထသွားပြီးပြောလိုက်ရတာပေါ့။
` ဘာလိုလဲ အဖွား၊ ကြိုက်တာယူလေ ´ လို့ ။
အဲဒီမှာတင် အဖွားအိုရဲ့ မျက်ဝန်းအကြည့်တွေက အရောင်တလက်လက်ထသွားလေရဲ့ ။ ပြီးတော့ ဆိုင်ထဲကိုလှည့်ပတ်ပြီး ကြည့်တယ်။ ပြီးမှ..
` လိုတာတွေကတော့ အများသားပေါ့ ငါ့မြေးရယ်...ဒါပင်မယ့်လည်း
ငါ့ မြေး လှူချင်တာလှူပါ... ရပါတယ်။ ဆန်တို့ ၊ ဆီတို့  ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်၊
အင်း...သာဓု၊ သာဓု...သာဓုပါကွယ်၊ ဩော်...လောကမှာ ခုလိုစိတ်သဘောထား
မွန်မြတ်တဲ့ သူငယ်လေးတွေလည်းရှိသေးသကွယ့်ကိုး...နော် ´
` ဗျာ ´
` ဟို...ဟိုဟာလေ အဖွား...ဂလု ´
ဘာပြောရမှန်းမသိတော့လို့ တံတွေးတွေပဲ မြိုချလိုက်မိတယ်။ သေပြီဆရာ...။
ဒီချိန်မှာပဲ ဆိုင်ထဲကိုကောင်မလေးတစ်ယောက် ၀င်လာတယ်။ ဟိုကြည့် ဒီကြည့်လုပ်ပြီး အဘွားအိုကိုတွေ့ တော့ လက်ထဲမှာဆုတ်ကိုင်ထားတဲ့ပိုက်ဆံတွေထဲက တစ်ရွက်ထုတ်ပြီးပေးတယ်။ အဘွားအိုရဲ့ ` သာဓု...သာဓု ´ဆိုတဲ့အသံတွေကထပ်ထွက်လာလေရဲ့ ။
ဒါနဲ့  ကျွန်တော်လည်း ချက်ချင်းဆိုသလို အံဆွဲထဲကပိုက်ဆံအကြွေတစ်ရွက်ကို အမြန်နှိုက်ယူလိုက်တယ်။ ပြီးတော့ အဘွားအိုလက်ထဲအတင်းထိုးထည့်ပေးပြီး ဆိုင်အပြင်ကို အသာဆွဲခေါ်သွားလိုက်တယ်။ ပြီးမှ ကျွန်တော်လည်း ဘယ်လိုအဓိပ္ပါယ်ရှိမှန်းမသိတဲ့ အပြုံးမျိုးနဲ့  အဘွားအိုကိုပြုံးပြလိုက်တော့တာပေါ့။ မတတ်နိုင်ဘူးလေ။
အဘွားအိုကတော့ လက်ထဲကပိုက်ဆံအကြွေနှစ်ရွက်ကိုကြည့်လိုက်၊ ကျွန်တော်နဲ့ ဆိုင်ထဲကကောင်မလေးကို ပြန်ကြည့်လိုက်နဲ့ လုပ်နေသေးတယ်။ ပြီးမှ တရားပဲရသွားသလိုလို ခေါင်းတခါခါ လည်တခါခါ နဲ့ သက်ပြင်းရှည်ကြီးချပြီး ထွက်သွားတော့တယ်။
ဟူး...တော်သေးတာပေါ့။ ဟို လှတပတကောင်းမလေးရောက်လာပေလို့ ။
ဒီလိုနဲ့  ဒီနေ့ ဟာ ဒီလိုမျိုး တလွဲတချော်တွေနဲ့ ကုန်းဆုံးသွားခဲ့တယ်။ နောက်နေ့ မှာတော့ ကျွန်တော်ဟာ ဆိုင်ရောင်းအတွေ့ အကြုံတစ်ရက်တိတိရှိခဲ့ပြီးပြီမို့  အတော်လေးအဆင်ပြေနေခဲ့တယ်။
ဒီလိုနဲ့ ညရောက်တော့ အိမ်ကလူတွေပြန်ရောက်လာလို့  အိမ်နဲ့ ဆိုင်ကိုဝမ်းသာအားရပစ်ထားခဲ့ပြီး ကျွန်တော်ထွက်လာခဲ့တယ်။ လွတ်လပ်ရေးရဲ့ အရသာကိုလည်း ခုမှသဘောပေါက်တော့တယ်။ နောက်နေ့ တွေလည်း ကျွန်တော် အိမ်လုံးဝမကပ်တော့ဘဲ လျှောက်သွားနေမိတယ်လေ။ ဆုံးရှုံးသွားတဲ့နှစ်ရက်တာအတွက် အတိုးရောအရင်းပါ ပြန်ရှာနေမိတာပေါ့။
ဒါပင်မဲ့ တစ်နေ့ မှာတော့ ကျွန်တော်ဆိုင်ပြန်ရောင်းနေရတယ်။ ဒီတစ်ခါတော့ ဟိုတစ်ခေါက်ကလိုအကြာကြီးမဟုတ်တော့ဘူး။ နာရီပိုင်းလောက်ပါပဲ။ ဒီလောက်ကတော့ အပျော့ပေါ့လေ။ ကျွန်တော်က ခုဆိုဆိုင်ရောင်းအတွေ့ အကြုံနှစ်ရက်တိတိရှိခဲ့ပြီးပြီမဟုတ်လား။
ဒီလိုနဲ့ အဲဒီနှစ်ရက်ကအဖြစ်အပျက်လေးတွေတောင်ပြန်သတိရနေမိတယ်။ အထူးသဖြင့် ဟိုအဖွားကြီးနဲ့ တိုင်ပတ်နေတုန်း ရောက်လာခဲ့တဲ့ လှတပတကောင်းမလေးပေါ့...။
အဲကောင်မလေးက တကယ်ကိုလှတပတလေးပါဗျာ။ သနပ်ခါး ပါးလျလျနဲ့ သူ့ မျက်နှာလေးက တကယ်ကိုဖြူစင်ဝင်းပပြီး ချစ်စရာလေး။ သူမ ၀တ်ထားတဲ့ရှပ်အင်္ကျီပွပွလေးရဲ့ နောက်မှာ ကပိုကယိုစုပြီးချည်ထားတဲ့ ခပ်မွမွဆံချည်မျှင်လေးတွေက ဖယိုဖရဲလေးပင်မဲ့ တကယ်ကိုရှိုက်နမ်းချင်စရာ။ သူမ ဆိုင်ထဲဝင်လာတဲ့အချိန် ခြေလှမ်းတွေနဲ့ အတူ ထမီအောက်ခြေနားကိုပွတ်တိုက်မိတဲ့ တဖျတ်ဖျတ်အသံလေးတွေတောင် ပြန်ကြားယောင်လာမိတယ်လေ။
` ဒီမှာ...ဒီမှာ ရှင့်´
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်လည်းလှန့် ဖြန့် ပြီးကြည့်မိတော့ ...အိုး...ဟိုး ကျွန်တော့်ရဲ့ ဘယ်ဖက်ရင်အုံတည့်တည့်ကို မျှားတစ်စင်းက အားကုန်ထိုးစိုက်သွားလေရဲ့ ။ ရင်ထဲမှာတော့ ကုလားဘုရားနဲ့ ဘင်ခရာအဖွဲ့ ထိပ်တိုက်တွေ့ သလို တဒုန်းဒုန်းနဲ့ ပေါ့။
တိုက်ဆိုင်တာပဲလား၊ ဖူးစာပဲပါလို့ လားမပြောတတ်တော့အောင်ပါဘဲ။ ရှေးလူကြီးတွေပြောစကားအရဆိုရင်တော့ ဒီကောင်မလေးအသက်ရှည်အုံးမှာပေါ့လေ။ ဖူးစာပါတယ်ဆိုရင်တော့ ခုတစ်ခါတည်း ရည်းစားစကားပြောလိုက်ရရင်ကောင်းမလားလို့ တွေးမိပင်မယ့် မဖြစ်နိုင်မှန်းသိလို့ ဖြစ်နိုင်တာကိုပဲပြောလိုက်ရတယ်။
` ဘ...ဘာ...ဘာလိုလို့ လဲ ခင်ဗျာ ´
ကျွန်တော့်ရဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြာယိပြာယာပုံစံကြောင့်လားမသိဘူး။ ကောင်းမလေးရဲ့ မျက်နှာအမူအယာက တစ်မျိုးပြောင်းသွားတယ်။ ကျွန်တော်ကလည်း ဘာမဆိုင်ညာမဆိုင် ဟိုအဖွားအိုကြီးရဲ့ မျက်နှာကိုသွားမြင်ယောင်နေမိပြန်တယ်။ ဒါပင်မဲ့ ဒီတစ်ခါတော့မလွဲလောက်တော့ပါဘူးလေ။ ကျွန်တော့်ရဲ့ (experience) နှစ်ရက်တာအတွေ့ အကြုံအရပြောမယ်ဆိုရင်ပေါ့။ ဟုတ်ဘူးလား...။
ဒါပင်မဲ့ ကောင်မလေးက ကျွန်တော့်ကိုကျော်ပြီး အိမ်ထဲကိုပဲလှမ်းလှမ်းကြည့်နေတယ်။ ပြီးတော့...
` ဟို...ဟိုလေ အန်တီတို့ မရှိဘူးလား ´ လို့ မေးတယ်။
သူက မားသားကြီးနဲ့ တောင်သိနေပုံပဲ။ ကောင်းတာပေါ့လေ...။ နောက်ဆို အမျိုးတော်ချင်တော်ရမှာမဟုတ်လား။ ခုကတည်းကသိထားဖို့ လိုတာပေါ့။
` မင်းက မားသားကြီးကိုမေးတာထင်တယ်၊ သူတို့ က ကိစ္စတစ်ခုနဲ့ အပြင်သွားလို့ လေ
အဲဒါ…ကိုယ်က ခဏစောင့်ပေးနေတာ၊ မင်းဘာလိုလို့ လဲ ကိုယ့်ကိုပြောလေ ´
ဆက်ရန်ရှိသေးတဲ့ကောင်မလေးဆိုတော့ အခေါ်အပြောနဲ့  လေသံကို မတင်မကျလေးပြောလိုက်မိတယ်။
ဒါပင်မဲ့ အဲကောင်မလေးမျက်နှာက တစ်ခုခုကိုစိုးရိမ်နေသလို၊ ကြောက်နေသလိုမျက်နှာပေးနဲ့ ။ ဘာဖြစ်နေမှန်းလည်းမသိဘူး။
ဒါမှမဟုတ် ကျွန်တော်တွေးနေတာတွေကို သူသိနေလို့ များလား…။ ဟာ…မဖြစ်နိုင်ပါဘူး။ ဒါမျိုးတွေက ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာပဲ ကျွန်တော်တွေ့ ဖူးတာ။ အပြင်မှာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နောက်ပြီး မားသားကြီးက ဆိုင်ရောင်းရင်းနဲ့ အပေါင်ခံတာတို့ ၊ ငွေတိုးချေးတာတို့ လုပ်တတ်သေးတယ်လေ။ အဲဒါကြောင့် ကျွန်တော်က…
` ပြောပါ…ကိုယ့်ကိုပြောလို့ ရပါတယ်၊
ဘာလဲ အကူညီတစ်ခုခုများ လိုလို့ လား ´ ဆိုတော့…
` အို…မဟုတ်ပါဘူး၊ ဘာလို့ အကူအညီလိုရမှာလဲ၊
အန်တီတို့ မရှိဘူးဆိုလဲ သွားမယ်…ဟွန့် ´ ဆိုပြီး…
အဲဒီ ခပ်မိုက်မိုက်ကောင်မလေးက ဆိုင်ထဲကနေ ခပ်သုပ်သုပ်ထွက်သွားတော့တယ်။
ကျွန်တော်လည်း ခပ်ကြောင်ကြောင်ဖြစ်ပြီး ခပ်မှိုင်မှိုင်လေးကျန်ရစ်ခဲ့တာပေါ့။ ဒါနဲ့  ခပ်ပျင်းပျင်းဖြစ်လာတာမို့  ဆိုင်ရှေ့ ထွက်ပြီး ခပ်ငေးငေးကြည့်နေလိုက်မိတယ်။
ခဏအကြာမှာပဲ အဲဒီကောင်မလေးပြန်ရောက်လာတယ်။ ဆိုင်ထဲကိုတော့မဟုတ်ဘူး။ ဆိုင်ရှေ့ ကနေဖြတ်လျှောက်သွားတာ။ ဒါနဲ့ ကျွန်တော်လည်း အသေအလဲလိုက်ငမ်းတော့တာပေါ့။
ဒါပင်မဲ့ ကောင်မလေးကကျွန်တော့်ဘက်ကို လုံးဝလှည့်မကြည့်ဘူးဗျ။ သူ့ ဟာသူ ခပ်သွက်သွက်လျှောက်နေတယ်။ လက်ထဲမှာလည်း ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့ အထုပ်ကလေးတစ်ထုပ်။
ကျွန်တော်သေချာကြည့်မိတော့ ကျွတ်ကျွတ်အိတ်လေးထဲမှာ အဖြူရောင်ပါကင်ထုတ်လေးတစ်ခုကို နေ့ အလင်းရောင်နဲ့ အတူ အတိုင်းသားကျွန်တော်မြင်နေရတယ်။ တဆက်တည်းမှာပဲ ကြည့်ဖူးနေကျ တီဗီကြော်ငြာတစ်ခုကိုသွားသတိရမိတယ်။ `အေဗာနဲ့ ဆို ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိတယ်´ ဆိုလားပဲ...။
ဒီတော့မှ ကျွန်တော်လည်းသေချာသဘောပေါက်သွားတော့တာပေါ့။ ပြီးတော့ ဆိုင်ထဲဝင်လာတုန်းက အဲဒီကောင်မလေးရဲ့ ရှက်နေတဲ့မျက်နှာလေးကလည်း ခုမှရုပ်လုံးပေါ်လာတော့တယ်။ ရှက်နေတာလေးလဲ လှတာပဲဗျ…ဟီး။
အင်းလေ...ခုဆိုရင်တော့ အဲကောင်မလေး မရှက်လောက်တော့ပါဘူး။ သူ့ ကိုယ်သူ ယုံကြည်မှု ရှိနေလောက်ပြီလေ။ ဟုတ်ဘူးလား...။
ဒါနဲ့ ...ဆိုင်လားမဆိုင်လားတော့ မသိဘူးပေါ့လေ။
ပြက္ခဒိန်ထဲက ဒီနေ့ ရက်စွဲလေးကို ကျွန်တော် ကြတ်ခြေခတ်လိုက်မိတယ်။
ဒီနေ့ ...ချစ်သူလာတဲ့နေ့ လေ။ ။
No comments:
Post a Comment