Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

ဗုဒ္ဓဂယာ တိုက်ခိုက်မှုအပေါ် အိန္ဒိယ မူဂျာဟေဒင်အား ရဲတပ်ဖွဲ့ သံသယရှိ

ဗုဒ္ဓဂါယာ ဗုံးကွဲမှုတွင် သံသယရှိသူနှစ်ဦးအား အန္ဒိယအစိုးရမှ ထုတ်ပြန်ထား မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံရှိ Laskhar-e-Tayyaba (LeT) အဖွဲ့က ထောက်ခံအားပေးထားသည့် ရိုဟင်ဂျာ မူဆလင် အစွန်းရောက်များက လက်စားချေ တိုက်ခိုက်လာနိုင်ကြောင်း အိန္ဒိယ အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ဘီဟာ ပြည်နယ်သို့ တပ်လှန့်သတိပေးမှုပြုလုပ်ခဲ့သည်ဟု Asian Age သတင်းစာကြီးက ရေးသားထားသည်။

ဟိုက်ဒရာဘတ်မြို့တွင် ဖေဖော်ဝါရီလ အတွင်း ဗုံးပေါက်ကွဲမှု အပြီးကတည်းက ထိုသို့ သတိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေလီနှင့် မွန်ဘိုင်းမြို့ကြီးများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံစည်လျက် ရှိကြောင်းလည်း ထောက်လှမ်းရေး သတင်းရပ်ကွက်များက ဆိုသည်။

ပိတ်ပင်တားဆီးခံထားရသည့် အိန္ဒိယ မူဂျာဟေဒင် (IM) အဖွဲ့မှ ဖမ်းဆီးရမိသူတဦးကို စစ်ကြောရာတွင် အယ်လ်ကိုင်ဒါ အဖွဲ့ကို အထင်ကြီး အားကျသည့် အဆိုပါ IM ခေါင်းဆောင်မှု အဖွဲ့က အသေခံ တိုက်ခိုက်သူများကို ဖွဲ့စည်းရန် ကြိုးပန်းလျက်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ IM အဖွဲ့ဝင် နှစ်ဦးကို ဗုဒ္ဓဘာသာ ဘုရားကျောင်းတော်ကို တိုက်ခိုက်မှု ပြုလုပ်နိုင်ရန် ကင်းထောက် လေ့လာမှုများ ပြုလုပ်စေခဲ့ပြီးနောက် အဆိုပါ အတင့်ရဲလှသည့် အကြံအစည် ပြန်လည်အရှိန်ရလာခဲ့သည်။

တနင်္ဂနွေနေ့နံနက်က ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါးအပြီး နာရီပိုင်း အတွင်းမှာပင် မြို့တော်ဒေလီရှိ လုံခြုံရေး အေဂျင်စီ အကြီးအကဲများအဘို့လည်း ယခင်က ဖြေရှင်းခြင်း မပြုနိုင်ခဲ့သည့် အမှုများအတွက် ရတတ်သမျှသော သဲလွန်စများကို ဆက်စပ်ကာ ခေါင်းချင်းရိုက်အဖြေရှာခဲ့ကြရသည်။

၎င်းတို့ မသင်္ကာဖြစ်နေသူမှာ IM အဖွဲ့ဝင် အဓိက လှုပ်ရှားနေသူတဦးဖြစ်သည့် ယာဆင် ဘတ်ကားလ် (Yasin Bhatkal) ဖြစ်သည်။ ထောက်လှမ်းရေး အကြီးအကဲများ၏ အခြား မသင်္ကာဖြစ်ခြင်း ခံရသူတဦးမှာ (LeT) ၏ နာယကကြီးဖြစ်ပြီး နိုဝင်ဘာ ၂၆ မွမ်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး၏ စီစဉ်ညွှန်ကြားသူဖြစ်သော ဟာဖစ်ဇ်ဆာအစ် (Hafiz Saeed) ဖြစ်သည်။ မူဆလင်များကို ဆက်လက် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံနေသည်ဟု သူက အိန္ဒိယနိုင်ငံကို နှုတ်ဖြင့် တိုက်ခိုက် ပြောကြားသူ ဖြစ်သည်။

ထိပ်တန်း လုံခြုံရေး တာဝန်ရှိသူတဦးက “ကျနော်တို့ ဖြစ်နိုင်တာ အားလုံးကို လေ့လာ စုံစမ်းနေပါတယ်။ ထောင့်ပေါင်းစုံက လေ့လာစစ်ဆေးနေပါတယ်” ဟု ပြောသည်။

တနင်္ဂနွေနေ့က ဗုဒ္ဓဂါယာ စေတီတော်တွင် ဆက်တိုက် ဗုံးပေါက်ကွဲမှုများ မဖြစ်ပွါးမီ နာရီ အနည်းငယ်ခန့်တွင် အိန္ဒိယမူဂျာဟေဒင် (IM) အဖွဲ့ဝင်တဦးကို ကိုလ်ကာတာ ရဲတပ်ဖွဲ့ အထူးတပ်ဖွဲ့ဝင်များက ပြည်နယ် အစိုးရ ရုံးစိုက်ရာ (Writers’ Buildings) အနီး ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သေးသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့