Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

ရှမ်းပြည်သူများ မှတ်ပုံတင်ရရေး ရှမ်းပြည်တပ်မတော် စီစဉ်

ချင်းမိုင်တွင် အလုပ်သမားအချို့ လုပ်ငန်းခွင်သွားရောက်ရန် စောင့်ဆိုင်းနေကြစဉ် ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံထဲ ရောက်နေတဲ့ ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာနိုင်ငံသား စိစစ်ရေးကတ်နဲ့ အိမ်ထောင်စုဇယားရရှိရေး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ် န၀တစစ်အစိုးရ လက်ထက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို  ဖြတ် ၄ ဖြတ်စနစ်နဲ့ နှိမ်းနင်းရာမှာ ကြားထဲက ဒုက္ခရောက်ရတဲ့ ပြည်သူတွေ ထိုင်းနိုင်ငံကို ဒုက္ခသည်အဖြစ်နဲ့ရော ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ပါ ၀င်ရောက်ခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ  ခေတ်စနစ်ပြောင်းလဲလာပြီဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံမှာ သန်းခေါင်စာရင်းထဲ ပါဝင်ရေးနဲ့ ကိုယ့်မြေကိုယ့်ရေကို ပြန်ရောက်နေထိုင်ဖို့ ကူညီဆောင်ရွက် ပေးသွားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“နအဖ စစ်အစိုးရတွေရဲ့ ဖြတ်လေးဖြတ်ကြောင့် အိုးအိမ်တွေ ရွာတွေကို စွန့်ခွာပြီးတော့ ရောက်ရှိလာတဲ့ လူတွေပဲ ဖြစ်ပါတယ်။ လက်ရှိ အစိုးရကနေ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနေတယ်ဆိုတော့ သူတို့မှာလည်း နိုင်ငံသား အဖြစ်နဲ့ သူတို့နေခဲ့ဖူးတဲ့ ချက်မြုပ်ရာ ဒေသဖြစ်တဲ့ ကျနော်တို့ ရှမ်းပြည်ကို ဘယ်သူက ပြန်ချင်ပါသလဲ၊ နိုင်ငံသားအဖြစ်နဲ့ ပြန်လည်ခံယူချင်တဲ့ ကျနော်တို့ရဲ့ ရှမ်းပြည်နယ်သားတွေကို စားရင်းကောက်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။”

ရှမ်းပြည်သူတွေအတွက် အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးအတွက် ရှမ်းနိုင်ငံရေးပါတီ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ကူညီလို့ဆိုပြီး ရွာမီးရှို့ခံရလို့  အိမ်မဲ့ယာမဲ့ဖြစ်သွားသူတွေ၊ မြေယာပျောက်ဆုံးသွားသူတွေကို ပြန်လည်နေရာချထားပေးဖို့လည်း သက်ဆိုင်ရာအစိုးရနဲ့ ညှိနှိုင်းစီစဉ်ပေးမယ်လို့ ပြောပါတယ်။

ဒါပေမယ့် တကယ်ပြန်နေချင်တဲ့ လူဦးရေစာရင်းကိုတော့ အရင်ဆုံးကောက်ယူရမှာဖြစ်ပြီး နိုင်ငံသားဖြစ်ကြောင်း သက်သေခံအထောက်အထား အရင်လုပ်ရမယ်လို့ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

နိုင်ငံသားပြန်လုပ်လိုသူတွေရဲ့ စာရင်းကို ထိုင်းရောက် အလုပ်သမားလူငယ်တစုက လုပ်အားပေးအနေနဲ့ ကူညီပြီး ပထမဆုံး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ စပြီး စာရင်းကောက်ခံသွားမှာဖြစ်ကြောင်း၊ နောက်ပိုင်း တခြားခရိုင်တွေမှာ တိုးချဲ့ကောက်ခံမယ်လို့ ဆိုပါတယ်။

လူဦးရေစာရင်းကောက်ခံရေး လုပ်အားပေးလူငယ်တဦးဖြစ်သူ စိုင်းဆိုင်ဝမ်းက နိုင်ငံသားစာရင်းကောက်ခံဖို့ လူဝင်မှုကြီးကြပ်ရေးဌာနကနေ  ၆၆/ ၆  ပုံစံစာရွက်တွေ ရခဲ့ပြီလို့ ပြောပါတယ်။

စာရင်းလာပေးတဲ့သူတွေမှာ ပတ်စပို့ဓာတ်ပုံ ၃ ပုံနဲ့ အိမ်ထောင်စုဇယား မိတ္တူကူးလာရမှာဖြစ်ပြီး အထောက်အထားမရှိရင် နိုင်ငံသား ဟုတ်၊ မဟုတ် သိရဖို့ မွေးရပ်ဇာတိနဲ့ မိဘဆွေမျိုးတွေအကြောင်း မေးမြန်းမယ်လို့ ဆိုပါတယ်။

စာရင်းသွင်းသူတွေ ငွေပေးစရာမလိုဘဲ အမည်စာရင်းလက်ခံရာနေရာကို  ချင်းမိုင်မြို့ ချန့်ဖိုတ်ရပ်ကွက် ဆနမ်ကီးလားလမ်းသွယ် ၂  မှာ ဇူလိုင်လလယ်လောက် စလက်ခံဖို့ ရည်ရွယ်ထားတယ်လို့ စိုင်းဆိုင်ဝမ်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ချင်းမိုင်အခြေစိုက်  ရွှေ့ပြောင်းအလုပ်သမားညီညွတ်ရေးအဖွဲ့က စိုင်းမွန်းကတော့ ခုလို ကူညီဆောင်ရွက်ပေးတဲ့အပေါ်မှာ ကြိုဆိုကြောင်း၊ ဒါပေမယ့် ကိုယ့်ရပ်ရွာပြန်ပြီး အလုပ်အကိုင် ရှားပါးရင်တော့ ပြည်ပကို ပြန်ထွက်ပြီး အလုပ်လုပ်ရဦးမှာပဲလို့ ပြောပါတယ်။

သမတဦးသိန်းစိန်လက်ထက်မှာ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း   ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေအတွက်  အိမ်ထောင်စု ဇယား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ဝေးလံခေါင်ဖျားရွာတွေအထိ ကွင်းဆင်းဆောင်ရွက်ပေးတဲ့ တနေရာတည်းအပြီး ၀န်ဆောင်မှုပေး (One Stop Service ) စနစ်နဲ့ လုပ်ပေးနေပါတယ်။

အဲဒီအစီအစဉ်ကို မိုးပွင့်စီမံချက်လို့ခေါ်ပြီး ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် ပအိုဝ်းဒေသ၊ ပဲခူးတိုင်း ကျောက်ကြီးဒေသနဲ့ တနင်္သာရီတိုင်းတွေမှာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ စပြီးဆောင်ရွက်ပေးခဲ့ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့