Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 July 2013

နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းရှင်စနစ် ပြောင်းမည်

ရန်ကုန်၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံခြား ငွေကြေးဈေးကွက် ဖော်ဆောင်ရန် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ရှိ ကျင့်သုံးလျက် ရှိသည့် ထိန်းချုပ် နှုန်းရှင် ငွေလဲစနစ် (Manage Float Exchange Market) မှ ဈေးကွက်သဘော နှုန်းရှင် ငွေလဲစနစ် (Free Float Exchange Market) သို့ ပြောင်းလဲမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

ယင်းဈေးကွက် ဖော်ဆောင်ရန် ချမှတ်သင့်သည့် ဥပဒေ စည်းမျဉ်း များ ပြဋ္ဌာန်းရန် လိုအပ်ပြီး ပြည်တွင်း ဘဏ်များ ခေတ်မီရန်နှင့် လုပ်ကိုင်နိုင်စွမ်းများ မြှင့်တင်ရန် လိုကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

နိုင်ငံခြား ငွေကြေး ဈေးကွက်ကို သြဂုတ်လတွင် စတင်နိုင်ရန် ခန့်မှန်းထား ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချမှတ်မည့် စည်းမျဉ်းများ ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် များက ပြောဆိုသည်။

ဈေးကွက်သဘော နှုန်းရှင် ငွေလဲစနစ် (Free Float Exchange Market) သို့ ပြောင်းလဲပါက ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေကြောင်း၊ ဈေးကွက် သဘောအတိုင်း ဖြစ်သည့်အတွက် ဈေးကစားခြင်း ပြုလုပ်၍ မရဘဲ ဈေးကွက် ပီပြင်လာမည်ဖြစ်ကာ နေရာမရွေး၊ အချိန်မရွေး လဲလှယ်နိုင်ရန် လုပ်ကိုင်ထားသင့်ကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။

“ဆိုးကျိုးကတော့ ဗဟိုဘဏ်က အရန် ငွေကြေးအင်အား မတောင့်တင်း တာပဲ။ အခုက ဒေါ်လာ ရှစ်ဘီလီယံကျော်ပဲရှိတော့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ထက် နည်းတော့ ပြဿနာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဘဏ်များတွင် နိုင်ငံခြားငွေများ ရောင်းဝယ်ရန် ဌာနတစ်ခု ဖွင့်လှစ် ၍ နိုင်ငံခြားငွေ ရောင်းသူနှင့် ဝယ်သူအကြား ဘဏ်များက ချိတ်ဆက်ပေးမည်ဖြစ်ပြီး ယင်းအတွက် ကော်မရှင်ခ ရယူမည်ဖြစ်ကာ ဝယ်သူ ရောင်းသူများ၏ စာရင်း ရှင်းလင်းရေးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြုလုပ်မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ရှင်းပြသည်။

အဆိုပါ စနစ်မှာ လက်ရှိ ပြုလုပ်နေသော စာရင်းပြောင်း နည်းဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းထက် ပိုမို ကျယ်ပြန့်မည်ဖြစ်ပြီး ငွေများ မှာလည်း စာရင်းရှင်း စနစ်ဖြင့် ပြုလုပ်မည်ဖြစ်သောကြောင့် နိုင်ငံခြားငွေ ရောင်းဝယ်ရေး ပိုမို လွယ်ကူ လျင်မြန်မည်ဖြစ်ကြောင်း ဦးသန်းချိုက ဆိုသည်။

“အစပိုင်းမှာတော့ ဘဏ်တွေ အချင်းချင်း ရောင်းတာ ဝယ်တာကိုပဲ အရင် ဦးစားပေး လုပ်မှာပါ” ဟု မြန်မာနိုင်ငံသားများဘဏ် အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

နှစ်ပေါင်းများစွာ နှုန်းသေ သတ်မှတ်ထားသော နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) လဲလှယ်နှုန်းကို ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ထိန်းချုပ် နှုန်းရှင် ငွေလဲစနစ် (Manage Float Exchange Market) ကို ပြောင်းလဲခဲ့ပြီး အမေရိကန် ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းကိုလည်း တစ်ဒေါ်လာ ၈၁၈ ကျပ် အဖြစ် ပထမဆုံး ပြောင်းလဲ သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ပုဂ္ဂလိကဘဏ် ၁၄ ခုကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်သည့် လုပ်ငန်း လိုင်စင်များ ချထားပေး ခဲ့သည်။

ပြည်တွင်းရှိ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်း များ၊ ဟိုတယ်များ၊ ခရီးသွား လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ တစ်ဦးချင်း နိုင်ငံခြား ငွေစာရင်း ပိုင်ရှင်များ၏ စာရင်းရှိ နိုင်ငံခြားငွေများကို ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ဘဏ်စာရင်း ပြောင်းနည်း (Transfer) ဖြင့် နိုင်ငံခြားငွေ အကန့်အသတ်မရှိ ရောင်းဝယ်ခွင့် ပြုခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့