
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ကာ တောင်းဆိုထားသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အထူးအစည်းအဝေးကို လွှတ်တော်၏ အကြံပြုချက်အတိုင်း ယနေ့ (ဇူလိုင်လ ၁ ရက်နေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို ဇူလိုင်လ ၁ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပမည် ဖြစ်၍ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများကို နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှသာ ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
အဆိုပါ အထူးအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို ဆွေးနွေးမည်ဖြစ်ပြီး ငြိမ်းချမ်းရေးတွင် လွှတ်တော်က ပါဝင်နိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများကို ပြန်လည် ခေါ်ယူပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ တိုက်တွန်း ထားကြောင်း ဇွန် ၂၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ အချို့လက်နက်ကိုင်တွေနဲ့ ဆွေးနွေးလို့ အဆင်မပြေဘူးလို့ သိရတယ်။ အဲဒီတော့ ဒါတွေကို တပ်မတော်က သိသင့်တယ်၊ ဒါကြောင့် ကာလုံအစည်းဝေး ခေါ်ပြောရင် ပိုကောင်းမယ်” ဟု သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော် အစည်းဝေးတွင် ပြောကြားထားသည်။
ယင်းသို့ ပြောကြားချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ရှိသည့်အနက် KIO/KIO တစ်ဖွဲ့နှင့်သာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကျန်ရှိတော့ကြောင်း ယင်းအဖွဲ့နှင့်လည်း ဇူလိုင်လအတွင်း အပစ်အခတ် ရပ်စဲနိုင်ဖွယ် ရှိကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ရှင်းလင်းခဲ့သည်။
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများကို ဒုတိယသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူပြီးသည့် ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ကာ ခေါ်ယူခြင်း မရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်တို့ အပါအဝင် ၁၁ ဦး
ဖြင့်၂၀၁၁ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment