Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ်များ ရန်ကုန်တွင်လည်း လိုက်လံကောက်ခံနေ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းတွင် “မျိုးစောင့် ဥပဒေ” အား ထောက်ခံ လက်မှတ်ထိုးပေးနေသူ အချို့ကို ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ မြို့နယ်အချို့တွင်လည်း လက်မှတ်ထိုးရန် လှည့်လည် ဆော်သြမှုများ ရှိနေသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) “မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း” အား ထောက်ခံလက်မှတ်ထိုးရန် လက်မှတ်ကောက်ခံမှုများ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့တွင် ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ၊ ( ၂ )ရပ်ကွက်တွင် ဇူလိုင်လ ၉ ရက်က လက်မှတ်ထိုးရန် မဲဆွယ်သည့်အနေဖြင့် မျိုးချစ်စိတ် တက်ကြွစေသော တေးသီချင်းများကို အသံချဲ့စက်ဖြင့် ရပ်ကွက်တွင်း လှည့်လည်ခဲ့ပြီး နှိုးဆော်ခဲ့သည်။ ရပ်ကွက်ထိပ်တွင်လည်း မဏ္ဍပ်ထိုးကာ မျိုးစောင့်ဥပဒေကြမ်း မိတ္တူများကို ဝေငှခဲ့သည်။ လက်မှတ်ထိုးလိုသူများသည် ထိုမဏ္ဍပ်တွင် သွားရောက် ထိုးနိုင်ပြီး အမည်၊ မှတ်ပုံတင်နံပါတ်နှင့် နေရပ်လိပ်စာပေးကာ ထောက်ခံလက်မှတ် ထိုးရသည်ဟု လက်မှတ်ထိုးခဲ့သူ တချို့က ပြောသည်။

“ကျွန်တော်က ဒီဥပဒေ ဖတ်ကြည့်ပြီး လက်မှတ်ထိုးတာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်မှတ်လိုက်ထိုးတာ သုံးခေါက်ရှိပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်ကသူတွေတော့ အများအားဖြင့် လက်မှတ်ထိုးကြတယ်။”ဟု လက်မှတ်ထိုးခဲ့သည့် မြောက်ဥက္ကလာပ၊ (၂)ရပ်ကွက်တွင် ဆိုက်ကားနင်းသူ အမျိုးသားက ပြောသည်။

ထို့အပြင် မင်္ဂလာဒုံမြို့၊ လှိုင်သာသာမြို့နှင့် အင်းစိန်မြို့ရှိ ရပ်ကွက် တချို့တွင်လည်း ထိုကဲ့သို့ လက်မှတ် ကောက်ယူမှုများရှိခဲ့သည်။ မင်္ဂလာဒုံနှင့်လှိုင်သာယာတွင် အိမ်တိုင်ရာရောက် ကောက်ယူမှုများရှိခဲ့သည်။ မင်္ဂလာဒုံတွင်တော့ ရပ်ကွက်လူကြီးတချို့နှင့် မီးသတ်ဝန်ထမ်းတချို့က နားလည်မှုဖြင့်ကူညီပေးကြောင်း ဒေသခံများက ပြောကြသည်။

မင်္ဂလာဒုံ (၃/က)ရပ်ကွက်က မမေသဇင်က “စာရွက်က အမျိုးစောင့်ဥပဒေကို ထောက်ခံကြောင်းပဲ ရေးထားတာ။ အောက်မှာကတော့ နာမည်နဲ့ လက်မှတ်ထိုးပေးရုံပဲ။ လိုက်ကောက်တဲ့သူတွေက ဒီမှာ လက်မှတ်ထိုးလိုက်ရုံပဲ ဘာမှမဟုတ်ဘူးဆိုပြီး လိုက်လုပ်ကြတာ။ ရပ်ကွက်အလိုက် လုပ်ကြတယ်။ အများစုကတော့ အားနာလို့ ထိုးပေးကြတယ်”ဟု ပြောသည်။

၎င်းက လက်မှတ်ထိုးပေးခြင်း မရှိခဲ့ကြောင်းကိုလည်း “ဘုန်းကြီးတွေရဲ့ အတည်ယူချက် တစ်ခုတည်းနဲ့ ဥပဒေမှ မမြောက်တာ။ အမျိုးစောင့်က အမျိုးသမီးအတွက်ပဲ ဦးတည်တယ်။ အမျိုးသားမပါဘူး။ ဥပဒေ ကြမ်းဆွဲထားတဲ့ အချက်တွေကလည်း လိုအပ်ချက်တွေရှိတယ်မြင်လို့ မထိုးဘူး”ဟု ပြောသည်။

မင်္ဂလာဒုံမြို့နယ် (၃/က) ရပ်ကွက်တွင် ထိုသို့ လက်မှတ် ကောက်ခံမှုများ မရှိခင် ရပ်ကွက် ဓမ္မာရုံတွင် မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းမှ ဆရာတော်တစ်ပါးဖြစ်သော ဦးဝီရသူ၏ တရားများကို အသံချဲ့စက်ဖြင့် ဖွင့်ထားမှုများ ရှိကြောင်း မမေသဇင်က ပြောသည်။

လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်မှာ နေထိုင်သော မချောစုက “သူတို့က သန်းခေါင်စာရင်းထဲမှာရှိတဲ့ လူဦးရေအလိုက်ပဲ လက်မှတ်ထိုးပါဆိုလို့ မှတ်ပုံတင်ရော သန်းခေါင်စာရင်းပါ ပြပြီး ထိုးလိုက်တာ။ ပြီးမှ အဲဒီထဲက လူက စာအုပ်တစ်အုပ်ပေးပြီး အလှူငွေ စေတနာရှိသလောက် ထည့်ပါဆိုတော့မှ အစ်မက ကြည့်မိတော့ မျိုးစောင့်ဥပဒေဖြစ်နေတယ်။ ဘယ်သူကောက်ခိုင်းတာလဲ မေးတော့ အောင်ပရဟိတ ဆရာတော် ကောက်ခိုင်းတာတဲ့။ ဘယ်သူတွေလဲတော့ မသိဘူး”ဟု ပြောသည်။

လှိုင်သာယာမြို့နယ်တွင် “ဘက”ကျောင်းဖွင့်ကာ စာသင်ကြားပေးနေသော အောင်ပရဟိတကျောင်းမှ ဆရာတော်ဦးသူရိယကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ဘုန်းဘုန်းတို့ ဒီလို လက်မှတ်ကောက်ဖို့ ညွှန် ကြားထားတာမျိုး မရှိပါဘူး။ သိလည်းမသိပါဘူး”ဟု မိန့်ကြားသည်။

ဥပဒေနှင့် ပတ်သက်၍ ဆရာတော်က သုံးသပ်ပြောကြားခြင်း မရှိသော်လည်း သံဃာများအနေနဲ့ ယခုကဲ့သို့ “ဘက” ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းတွင် ယဉ်ကျေးမှု သင်တန်းများဖွင့်ကာ ကလေးများကို သင်ကြားပေးပြီး စည်းရုံးသင်ကြားပေးမှုက ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းမှုထက် ပိုမိုထိရောက်မည်ဟု မြင်ကြောင်း မိန့်ကြားသည်။

ထိုသို့ လက်မှတ်ကောက်ခံမှုများကို မန္တလေးနှင့် ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲ ဟိုး၊ညောင်ရွှေ၊ တောင်နီ၊ ရပ်စောက်မြို့များတွင်လည်း ကောက်ခံမှုရှိနေကြောင်း သိရသည်။

မျိုစောင့်ဥပဒေဟု ခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း”နှင့်“ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း”တို့ ဖြစ်သည်။

ထိုဥပဒေကို ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေ ခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့က ရေးဆွဲထားခြင်းဖြစ်ပြီး “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း”တွင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ် မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီး ကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရန် လိုအပ်ကြောင်း ပါရှိသည်။ ထိုကိစ္စကို မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟုလည်း ပြစ်ဒဏ်ကို တစ်ပါတည်း ထည့်သွင်း ရေးဆွဲထားသည်ကိုလည်းလေ့လာတွေ့ရှိရသည်။

မြောက်ဥက္ကလာ ၂ ရပ်ကွက်မှာ ဇူလိုင် ၂ရက်ကနေ ယနေ့အထိ လက်မှတ်ကောက်ခံနေပြီး လက်မှတ်ပေါင်း ၂၂,၀၀၀ ရရှိပြီဟု ဆိုသည်။ ရရှိသော လက်မှတ်များကို ဇူလိုင်လ ၁၉ ရက် ဆရာတော်ဦးဝီရသူ ရန်ကုန်အလာတွင် စုစည်းပေးအပ်မည်ဟု ဗုဒ္ဓဘာသာလူငယ်များစုစည်းမှု နာရေးအသင်းဝင် ကိုစိုးဝဏ္ဏ ပြောသည်။  

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့