Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

မလေးရှားတွင် မြန်မာတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး

 ရန်ကုန်၊ ဇူလိုင် ၇

မလေးရှားနိုင်ငံ၊ ဆူဗန်းဂျာယာမြို့တွင် ဓားဒဏ်ရာ ခုနစ်ချက်ဖြင့် သေဆုံးနေသည့် မြန်မာနိုင်ငံသား အလောင်း တစ်လောင်းကို ဇူလိုင်လ ၆ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ခုနစ်ရက် သားသမီး ကပုန်း နာရေးကူညီမှုအသင်းထံမှ သိရှိရသည်။

မြန်မာနိုင်ငံသား အသက် ၃၃ နှစ်အရွယ် ဦးရဲဝင်းထွန်းသည် ဇူလိုင်လ ၅ ရက် နေ့ ည ၁၁ နာရီတွင် ဆူဗန်းဂျာယာရှိ Summit Five Star Hotel ရှေ့တွင် စက်စမ်းသပ်ရန် ကားမောင်းနှင်လာစဉ် ကားပျက်သဖြင့် တစ်ဦးတည်း ကားပြင်နေခဲ့ပြီး ၎င်းကို စိတ်မပူရန် ဦးရဲဝင်းထွန်းက ဇနီးဖြစ်သူ ဒေါ်မေသန်းထံ တယ်လီဖုန်းဖြင့် အဆက်အသွယ် လုပ်ခဲ့ကြောင်း အဆိုပါ နာရေး ကူညီမှုအသင်းက ဒေါ်မေသန်း၏ ပြောဆိုချက်ကို ကိုးကားကာ ပြန်လည် ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ဦးရဲဝင်းထွန်းထံ ဖုန်းဖြင့် ထပ်မံ အဆက်အသွယ် ပြုလုပ်ရာ အဆက်အသွယ် မရရှိသဖြင့် လိုက်လံ ရှာဖွေခဲ့ရာ စက်စမ်း မောင်းနှင်ခဲ့သည့် ယာဉ်မှာ လမ်းပေါ်တွင် ရပ်ထားပြီး ရေမြောင်းထဲတွင် အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ယင်းအလောင်းကို PJ ယူနီဗာစတီ ဆေးရုံသို့ ကပုန်း နာရေးကူညီမှု အသင်းနှင့် မလေးရှား ရဲတပ်ဖွဲ့တို့က စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဦးရဲဝင်းထွန်းသည် ၆ပီ (တရားမဝင် အလုပ်သမားများကို တရားဝင် လုပ်ပေး သည့် စီမံချက်) စီမံချက်ဖြင့် နိုင်ငံကူးလက်မှတ် ရရှိထားသူဖြစ်ပြီး ဆူဗန်းမေဝ ကားပြင်၊ ဆေးမှုတ် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်။

မလေးရှားနိုင်ငံရောက် မြန်မာ တစ်ဦး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ချိတ်ဆက်ကာ ယင်းသေဆုံးသူ မှာ မြန်မာနိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသား မှန်ကန်ပါက တရားဥပဒေအရ လုပ်ဆောင်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ၁၀ နှစ်ခန့်ကြာ အလုပ် လုပ်ကိုင်ခဲ့သူ ဦးရဲဝင်းထွန်းသည် အမှတ် (၄၀၄) သုမာလာ၊ ၉ လမ်း (၂) ရပ်ကွက် မြောက်ဥက္ကလာ တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်း ၎င်း၏ နိုင်ငံကူး လက်မှတ်တွင် ပါရှိသည်။

မလေးရှားနိုင်ငံတွင် မေလကုန်နှင့် ဇွန်လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခံရမှုများကြောင့် မြန်မာ ငါးဦး သေဆုံးခဲ့ပြီး ၁၂ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်ခံရမှု ဖြစ်ပွားခြင်းများကြောင့် မလေးရှားနိုင်ငံသို့ မြန်မာ အလုပ်သမား စေလွှတ်ခွင့်ကို ဇွန်လ ၁၃ ရက်နေ့တွင် ယာယီ ဆိုင်းငံ့ခဲ့ပြီး အကြမ်းဖက်မှု ဂယက်ကြောင့် မလေးရှားနိုင်ငံမှ ပြန်လာသူ ရပ်တန့်မှသာ မလေးရှားနိုင်ငံသို့ အလုပ်သမား ပြန်လည်စေလွှတ်ခွင့် ပြုမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့