Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 July 2013

ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဆေးဝါးပစ္စည်း ၁၀ ရာခိုင်နှုန်းအထိ ဈေးတက်

 ရန်ကုန်၊ ဇွန် ၃၀

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နေ့စဉ်သတ်မှတ် ထုတ်ပြန်ပေးနေသည့် မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်း ၉၆၀ ကျပ်အထိ တရွေ့ရွေ့ မြင့်တက်ခဲ့မှုကြောင့် ပြည်ပမှ မှာယူရသော ဆေးဝါးပစ္စည်းများ ပုံမှန်ဈေးထက် ၁၀ ခိုင်နှုန်းအထိ မြင့်တက်လျက် ရှိကြောင်း ပြည်တွင်းဆေးဝါး ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ယခုလပိုင်းအတွင်း ဒေါ်လာဈေး တရိပ်ရိပ် မြင့်တက်မှုကြောင့် ပြည်ပဆေး ဝါးများ တင်သွင်း ရောင်းချနေသော ဆေးဝါး ကုမ္ပဏီကြီးများ ကလည်း ဆေးဈေးနှုန်းကို ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ တက်ခဲ့ကြောင်း၊ ဆေးဝါးကုမ္ပဏီ တစ်ခုနှင့်တစ်ခု ဈေးနှုန်း မြင့်တက်မှု မတူညီဘဲ အမြင့်ဆုံး ၂၀ ရာခိုင်နှုန်း အထိရှိကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင် အသင်းနှင့် ပုဂ္ဂလိက ဆေးရုံများ အသိုင်းအဝိုင်းထံမှ သိရသည်။

“အခု AA Medical ဆေးကုမ္ပဏီက ၅ ရာခိုင်နှုန်း၊ အိန္ဒိယက The Sun ဆေးကုမ္ပဏီက အခုရက်ပိုင်း ၅ ရာခိုင်နှုန်း တက်သွားတယ်” ဟု ရန်ကုန်မြို့ရှိ ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဆက်တိုက် ဆေးဈေး တက်မည်ဆိုလျှင် နောက်ဆုံး ထိခိုက်မည့်သူများသည် လူနာများသာ ဖြစ်ကြောင်း၊ လက်တလော ဆေးဝါး ဈေးနှုန်းများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့် ဝယ်ယူနေနိုင်သော်လည်း ရေရှည် ဈေးတက်လာမည် ဆိုပါက ပုဂ္ဂလိကဆေးခန်းနှင့် ဆေးရုံများ၏ ဆေးကုသမှုပိုင်းတွင် အခက်အခဲများ ရှိလာနိုင်ကြောင်း အင်းစိန်မြို့ရှိ သီရိစန္ဒာ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ထဲမှာတော့ မသုံးမဖြစ်ဆေးတွေ ရှိနေသေးတယ်။ အပြင်ကုမ္ပဏီတွေ ဆီကဝယ်တဲ့ ဆေးတွေကတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်လောက် တိုးတယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

မသုံးမဖြစ် စွဲသုံးရသော ဆေးတစ်မျိုး ဖြစ်သည့် ART ဆေးဈေးကွက်တွင်လည်း တစ်လစာ ဆေးဘူး တစ်ဘူးလျှင် ဇွန်လဆန်းက စတင်ကာ အနိမ့်ဆုံး ကျပ်သုံးသောင်း ဝန်းကျင်ထိ ဈေးနှုန်း ရှိခဲ့ကြောင်း၊ ART ဆေးဈေးနှုန်းသည် တစ်လတစ်ကြိမ် သတ်မှတ်သည့်အတွက် လာမည့် ဇူလိုင်လတွင် ဈေးနှုန်းမည်မျှ တက်မည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း HIV/AIDS လူနာများ အတွက် ART ဆေး ထောက်ပံ့ပေးနေသော ကရုဏာ လရိပ်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာပြုံးမွန်အိက The Voice သို့ ရှင်းပြသည်။

ပြည်တွင်း ဆေးဝါးဈေးကွက်တွင် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့အပြင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဆေးဝါးများ ဝင်ရောက်လျက်ရှိပြီး အများဆုံးမှာ အိန္ဒိယဆေးဝါးများ ဖြစ်ကြောင်း ဆေးဝါး တင်သွင်း ရောင်းချသူများထံမှ သိရသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က တရားဝင် ငွေလဲဈေးနှုန်းသည် ယခုရက်ပိုင်းတွင်း အနိမ့်ဆုံး အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၃ ကျပ်မှ အမြင့်ဆုံး ၉၆၉ ကျပ်ထိ ရှိခဲ့ပြီး ပြင်ပ ငွေလဲဈေးကွက်တွင် တစ်ဒေါ်လာ ကျပ်တစ်ထောင် ဝန်းကျင်ထိ ဈေးပေါက်နေသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့