Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 July 2013

မြစ်ကြီးအချို့ ကမ်းပြိုမှုများက လူမှုစီးပွားရေး ဘဝကို ခြိမ်းခြောက်

 သဘာဝပတ်ဝန်းကျင် ပြောင်းလဲထိခိုက်လာမှု သင်္ကေတအဖြစ် မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများ ဖြစ်သော ဧရာဝတီ၊ စစ်တောင်းနှင့် ငဝန်မြစ်တို့တွင် ရေ လမ်းကြောင်း ပြောင်းလဲလာပြီး မြစ်ရေ တိုက်စားခြင်းကြောင့် ကမ်းပြိုမှုများ ဇွန်လဆန်းက စတင်ကာ ဆက်တိုက် ဖြစ်ပွားလျက်ရှိပြီး ဒေသခံများ၏ စီးပွားရေး၊ လှုမှုရေးဘဝများကို တစ်စတစ်စ ခြိမ်းခြောက်နေသည်ကို တွေ့ ရသည်။

ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်အတွင်းရှိ လန်တာရွာ၊ ညောင်နီကုန်း၊ ညောင် ကုန်းရွာနှင့် ဂွေးတောက်ချောင်းရွာတို့တွင် ဧရာဝတီ မြစ်ရေ တိုက်စား မှုကြောင့် ကမ်းပါးများ ပြိုကျရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပြိုကျ ပျက်စီးခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

ကျေးရွာအလိုက် ကမ်းပြိုမှုနှုန်းမှာ နေ့စဉ် အလျားလိုက် ပေ ၃၀၀ ခန့်နှင့် အတွင်းသို့ ပေ ၅၀ ခန့် ရှိသည့်အတွက် ဒေသခံများ စုပေါင်း၍ ရေကာ များ ပြုလုပ်သော်လည်း ထိရောက်မှုမရှိဘဲ ဆက်လက် ပြိုကျနေသေးကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များ၏ နည်းပညာနှင့် ငွေကြေး အထောက်အပံ့ လိုအပ်ကြောင်း ဒေသခံတစ်ဦး ဖြစ် သူ ဦးစိုးလွင်က ပြောကြားသည်။

အဆိုပါ ကမ်းပြိုနေသော မြစ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က ဧရာဝတီ မြစ်မကြီး ဖြစ်သော်လည်း ယနေ့အချိန်တွင် မြစ်ကျိုး ဖြစ်သွား ပြီး မြစ်ရေ ဦးတိုက်မှုကြောင့် ကမ်းပြိုခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင် ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဌာနမှူး ဦးလှသိန်းက ရှင်းပြသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မင်းဘူး-စကုမြို့နယ်ရှိ နိဗ္ဗာန်ကျွန်းကျေး ရွာမှာလည်း မြစ်ရေ တိုက်စားခြင်းကြောင့် ဇွန်လ ပထမအပတ်က စတင်၍ ကမ်းပြိုကျရာ အိမ်ခြေ ၃၀ကျော်ခန့် ပြောင်းရွှေ့ ခဲ့ရပြီးနောက် ရွာလုံး ကျွတ် ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း အဆိုပါကျေးရွာ ဒေသခံ တစ်ဦး က ဆိုသည်။

ငဝန်မြစ်သည်လည်း နုန်းပို့ချမှု များပြားခြင်းကြောင့် ရေစီးလမ်းကြောင်း မှန်ကန်မှုမရှိဘဲ မြစ်ရေ တိုက်စားမှုများ ဖြစ်ပေါ်ကာ ကမ်းပြိုကျမှုများ ဖြစ်ပွားနေကြောင်း ရန်ကုန်မြို့တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အနောက်ဆင် ကျေးရွာအုပ်စုရှိ ရွာတန်း ရှည်ရွာနှင့် ဆင်ရွာတို့တွင်လည်း စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပွားရာ အိမ်ခြေအချို့ ပြောင်းရွှေ့နေရပြီး မိုးစပါးစိုက်ခင်း ဧက ၆၀၀၀ ကျော်သည် မြစ်ကမ်း ဆက်လက် ပြိုကျပါက ပျက်စီး ဆုံးရှုံးနိုင် ဖွယ်ရှိကြောင်း ကျေးရွာ ဒေသခံများက စိုးရိမ်တကြီး ပြောကြားသည်။

မြန်မာနိုင်ငံတွင်းရှိ မြစ်ကြီးများတွင် ကမ်းပြိုမှုများ မကြာခဏ ဖြစ်ပွားနေရ သည့် အဓိက အကြောင်းအရင်းမှာ သစ်တောများ ပြုန်းတီးမှုကြောင့်ဖြစ် ပြီး မြစ်ကမ်း နံဘေးတွင် အဆောက်အအုံများ တည်ဆောက်ခြင်း၊ မြေ တူးဖော်ခြင်း၊ ရွှေတူးခြင်းနှင့် ကျောက်စရစ်သဲ ထုတ်ယူခြင်းတို့ကြောင့် လည်း ရေလမ်းကြောင်း ပြောင်းလဲကာ မြစ်ရေ တိုက်စား၍ ကမ်း ပြိုခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ရေသုတေသန ပညာရှင် ပါမောက္ခ ဒေါက်တာခင်နီနီသိန်းက သုံးသပ် ပြောကြားသည်။

ဧရာဝတီမြစ်ကမ်း ပြိုမှုများသည် ညောင်တုန်းမြို့နယ်၊ ရေကြည်၊ ဟင်္သာတ မြို့နယ်နှင့် တိုက်ကြီးမြို့နယ် ကြွေပုဂံချောင်း ကျေးရွာဘက်ခြမ်းတို့တွင် အများဆုံး ပြိုကျခြင်းဖြစ်ပြီး အဆိုပါ ဧရာဝတီမြစ် တစ်လျှောက် ကမ်းပြိုကျမှု များကြောင့် ရေလမ်းကြောင်း ပြောင်းလဲမှု အခြေအနေများကို သိရှိနိုင်ရန် ဇူလိုင်လအတွင်း ဂြိုဟ်တုမှ တစ်ဆင့် သုတေသနပြု လေ့လာသွားမည်ဖြစ်ပြီး ထိန်းသိမ်းရမည့် ဧရိယာများကို သတ်မှတ်မည်ဖြစ်ကြောင်း ဒေါ်ခင်နီနီသိန်း က ပြောကြားသည်။

တံတားများ တည်ဆောက်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည်တို့သည် သဘာဝအတိုင်း ရှိနေသည့် မြစ်ကို ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် အသုံးချခြင်းဖြစ်၍ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိလာနိုင်သော် လည်း ဖြစ်လာနိုင်သည့် ဆိုးကျိုး နည်းပါးစေရန် စည်းကမ်းရှိရှိ အသုံးချရ မည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ဆိုသည်။

အခြားသော နိုင်ငံများကဲ့သို့ ဘဏ္ဍာငွေကြေး လုံလုံလောက်လောက်ဖြင့် ထိန်းသိမ်းနိုင်ခြင်း မရှိသေးသော်လည်း ၎င်းတို့ ဌာနအနေနှင့် မြစ်ကြောင်း ပျက်စီးနေမှုများကို ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

ဤသို့ ကမ်းပြိုကျမှုများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် လယ်ယာမြေ များမှာ ဆုံးရှုံးရတော့မည့် အခြေအနေကို ရင်ဆိုင်နေရပြီး အိမ်နှင့်ရွာ များ ပြောင်းရွှေ့နေရခြင်းသည်လည်း ၎င်းတို့၏ လူမှုဘဝ စီးပွားရေး အခြေအနေကို ခြိမ်းခြောက်လာနေပြီဖြစ်ကြောင်း နိဗ္ဗာန်ကျွန်း ကျေးရွာတွင် နေထိုင်သူ ဒေသခံ အမျိုးသမီး တစ်ဦး၏ အောက်ပါ ရင်ဖွင့်သံက ထောက်ပြလို့နေသည်။

“ကျွန်မတို့ လယ်သုံးကွက်လောက် ကမ်းပြိုတဲ့အထဲ ပါသွားပြီ၊ လယ်ကွက်နဲ့ အတူ ကျွန်မတို့ ဘဝတွေလည်း ပါသွားတယ်” ဟု အဆိုပါ အမျိုးသမီး ကလည်း ညည်းတွား ပြောဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့