Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 July 2013

စစ်တပ်သိမ်းမြေ ပြန်ပေးမည်ဟု ပြောဆိုမှုကို လယ်သိမ်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် သံသယဖြစ်

 စစ်တပ်မှ သိမ်းပိုက်ထားခဲ့သည့် မြေများကို ဇူလိုင်လတွင် မူလပိုင်ရှင်ထံသို့ ပြန်ပေးတော့မည်ဟု ကာကွယ်ရေး ဝန်ကြီးက ပြောဆိုသော်လည်း လက်ရှိဖြစ်ပျက်နေသည့် အနေအထားအရ ယုံကြည်စိတ်ချ၍ မရသေးကြောင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းမှု စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဖေသန်းက မဇ္ဈိမ ကို ပြောကြား လိုက်သည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် လင့်လမ်းမှတ်တိုင်အနီး တပ်မတော်မှပိုင်ဆိုင်သည့် မြေကွက်တွင် ဆိုင်းဘုတ်စိုက်ထူထားသည်ကို ဇွန်လ ၃ဝ ရက်တွင် တွေ့ရစဉ်။ လယ်မြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးမှုကော်မရှင်အဖွဲ့ဝင် ဦးဖေသန်း၏ အဆိုအရ မြန်မာနိုင်ငံတွင် တပ်မှသိမ်းထားသည့် လယ်မြေဧက နှစ်သိန်းခွဲနီးပါး ရှိသည်ဟုဆိုသည်။ (ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)

စီမံကိန်း အသုံးပြုထားပြီး မြေများမှလွဲ၍ ကျန်တပ်သိမ်းမြေ အားလုံးပြန်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စုံစမ်းရေးကော်မရှင် တာဝန်ရှိသူများနှင့် ဇွန်လ ၂၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် ကတိပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် လယ်သမားများ လက်တွေ့ ရင်ဆိုင် နေရသည့် အတွေ့အကြုံ အရ သီးစားလုပ်ပိုင်ခွင့်ပင် ဆုံးရှုံးနေမှုအပေါ် လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်သူ ဦးဖေသန်းက ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က နှုတ်အားဖြင့် ကတိပေးထားပေမယ့် လက်တွေ့မှာ လယ်သမားတွေ ကိုယ့်လယ်ကို ကိုယ်လုပ်ခွင့်မရ ဖြစ်နေကြရတယ်။ အရင်တုန်းက တပ်က သိမ်းထားချိန်မှာတောင် လယ်သမားတွေဟာ သီးစားခပေးပြီးတော့ လုပ်ကိုင်ခွင့် ရှိခဲ့သေး တယ်။ ကုန်ခဲ့တဲ့ ငါးလလောက်က တပ်ဘက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက စစ်တပ်အနေ နဲ့သီးစားမချရဘူး။ ပြောလိုက်ပြီးတဲ့ နောက် ပိုင်းမှာတော့ လယ်သမားတွေ လယ်လုပ်ခွင့်တောင် မရှိတော့ဘူး။ ပြန်ပေးမယ်ဆိုတဲ့ အပေါ် ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ'' ဟု ဆိုသည်။

တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်း နိုင်ကလည်း ဇန်နဝါရီလအတွင်း ကော်မရှင်နှင့် တွေ့ဆုံစဉ် တပ်မတော် အနေဖြင့် သိမ်းဆည်းမြေများအပေါ် သီးစားချထားခြင်း မ ပြုရန် ညွှန်ကြားထားခဲ့ပြီး အကယ်၍ သီးစားချထား သည်ကို သိရပါက အဆိုပါ တပ်ဖက်တာဝန်ရှိသူအား ထိရောက်စွာ အရေးယူသွားမည်ဟု ပြောဆိုခဲ့သေး သည်ဟု ဦးဖေသန်းက ဆိုသည်။

လယ်ပြန်မပေးသေးဘဲ သီးစားလုပ်ခွင့် ရုတ်သိမ်းလိုက်၍ လက်ရှိတွင် လယ်သမားများ လယ်မလုပ်ရဘဲ ဒုက္ခရောက် နေကြရသည်ဟု ကာယကံရှင် လယ်သမားများနှင့် ၎င်းတို့ အရေးဆောင်ရွက်ပေးသူများကလည်း ဆိုကြသည်။

''တပ်မြို့ဖြစ်တဲ့ ကျွန်မတို့ အမ်းမြို့မှာ မြေအသိမ်းခံလယ်သမားတွေဟာ အရင်နှစ်တွေက စစ်တပ်ကို အခပေးပြီးတော့ ကိုယ့်လယ်ကို လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာ လယ်လုပ်ခွင့်မရကြတော့လို့ စားဝတ်နေရေး အခက်ကြုံနေကြရတယ်'' ဟု ရခိုင်ပါတီတစ် ခု ဖြစ်သော RNDP ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုးက မဇ္ဈိမကို ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့၌ တပ်သိမ်းမြေဧက ထောင်ချီရှိနေပြီး ထိုမြေများ ပြန်ရရေးအတွက် စုံစမ်းရေးကော်မရှင်သို့ တိုင်တန်းထားကြောင်း ဒေါ်သွယ်သွယ်စိုး က ဆိုသည်။

''အမ်းမြို့မှ မြေသိမ်းခံ လယ်သမားတစ် ဦးကလည်း နပခ လက်အောက်ခံ၊ ထောက်ပို့တပ်နဲ့လုံးရွာကြားမှာ ကျွန်တော်တို့ လယ် သမား ၁၁ ဦး ပိုင်တဲ့ လယ်မြေ ၂၃ ဒသမ ၉ ဧက ရှိတယ်။ ဒီမြေအတွက် နှစ်တိုင်း မြေခွန် ပြေစာသွင်းနေရတုန်းပါပဲ။ အရင်တုန်းက တဧကကို ၁ဝ တင်းနှုန်းနဲ့ ထောက်ပို့တပ်ကို ပေးသွင်းနေ ခဲ့ရတာ မနှစ်က စီမံကိန်း မလုပ်တဲ့ မြေတွေ ပြန်ရမယ်ဆိုလို့ ကော်မရှင်ကို တိုင်လိုက်တာနဲ့ လယ်လုပ်ခွင့် မဆိုထားနဲ့ လယ်နားတောင် ကပ်ခွင့်မရတော့ဘူး'' ဟု ပြောပြသည်။

ဗိုလ်ချုပ်မင်းနိုင် အဆိုအရ မြန်မာတစ် နိုင်ငံလုံးတွင် တပ်သိမ်းလယ်မြေဧက ၁၉,ဝဝဝ ဒသမ ၅၁၉ ရှိပြီး ၄၃၁ ဧကအတွက် ကျပ်သန်းပေါင်း ၉၉၉ ဒသမ ၂၅ သန်းကို ၂ဝ၁၂ ခုနှစ်အတွင်း လျော်ကြေးပေးခဲ့ပြီး ဖြစ်ကြောင်း လည်း ပြောဆိုခဲ့သည်။

ကော်မရှင်သို့ တိုင်ကြားချက်များအရ တစ်နိုင်ငံလုံးတွင် တပ်သိမ်းလယ်မြေဧက ပေါင်း ၂၄၇,ဝ၇၇ ဒသမ ဝ၆ ဧက ရှိနေပြီး ရခိုင်ပြည်နယ်တွင်ပင် စစ်တပ်သိမ်း မြေဧက တစ်သောင်းကျော် ရှိသည်ဟု သိရသည်။

ထိုသို့ စာရင်းနှစ်ခု ကွာခြားနေရခြင်းမှာ တပ်မြေအဖြစ် အမှန်တကယ် သိမ်းရမည့် မြေဧရိယာထက်ပို၍ သိမ်းဆည်းထားခြင်းကြောင့် ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဖေသန်းက မှတ်ချက်ပေးသည်။

''ကျွန်တော်တို့ ကွင်းဆင်း စစ်ဆေးချက်အရ လိုအပ်တာထက် ပိုသိမ်းထားတာ တွေ့ရတယ်။ ဥပမာ မင်းပြားမြို့နယ်၊ ကမ်းနီမှာ ရှိတဲ့တိုင်းဗဟို (၉) တပ်မြေအတွက် အမှန်တ ကယ်လိုအပ်တာက ဧက ၁ဝဝ လောက်မှာ သိမ်းထား တာက ဧက ၆,ဝဝဝ သိမ်းထားတယ်။ ဂွမြို့နယ်၊ ကမ်းသာယာမှာ ဟိုတယ်ဆောက် ဖို့ အမှန်တကယ် လိုအပ် တဲ့မြေဧက ၂ဝ အတွက် ၃ဝ၇ ဧကကို ခလရ (၅၅) က သိမ်းထားတယ်။ အလုပ်လည်းခုထိ မဖြစ်သေးဘူး'' ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေး ယန္တရာ လည်ပတ်နေစဉ်က မလျော်သြဇာဖြင့် လယ်ယာမြေများကို အဓမ္မသိမ်းဆည်းခဲ့ပြီး မဆိုစလောက် လျော်ကြေးသာပေးခဲ့သည်ဟု ဦးဖေသန်း က ပြစ်တင်လိုက်သည်။

''သိမ်းတဲ့အခါပြေစာမရှိရင် အခမဲ့သိမ်းပစ်တယ်။ ပြေစာရှိရင် လျော်ကြေးတော့ ပေးတယ်။ ဒါပေမဲ့ သူတို့ သုံးတဲ့
ဗြိတိသျှလက်ထက်က မြေသိမ်းဥပဒေအရ လျော်ကြေး ငွေ က တစ်ဧက တစ်ကျပ်ပဲ ရှိတယ်။ အဲဒီ တစ်ကျပ်ကို ၁၂ နဲ့မြှောက်ပြီးတော့ တစ်ဧက ၁၂ ကျပ်နှုန်းနဲ့ ပေးတော့ မြေငါးဧကရှိတဲ့ လယ်သမားဟာ လျော်ကြေးငွေ ၆ဝ ပဲရတယ်။ ဒီတော့ လယ်သမားတွေ လျော်ကြေး မယူaတာ့ဘူးပေါ့။ မယူပြန်ရင်လည်း ခြိမ်းခြောက်ပြီး ဘောင်ဝင်အောင် အဓမ္မလက်မှတ်ရေး ထိုးစေခဲ့တာဖြစ်တယ်'' ဟု စုံစမ်းတွေ့ရှိချက်ကို ရှင်းပြသည်။

မည်သို့ဆိုစေ ကာကွယ်ရေးဝန်ကြီး၏ ပြောစကားအပေါ် မျှော်လင့်ချက်ထား စောင့်စားနေသည့် လယ်သမား များလည်း ရှိကြသည်။ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲတွင် လယ် မြေဧက ၇၄၇ ဒသမ ၄၅ ဧကကို ခလရ (၅၅) မှ စက်ပစ်ကွင်း (သေနပ်ပစ် လေ့ကျင့် ကွင်း) ပြုလုပ်ရန် သိမ်းဆည်းထားခဲ့သော်လည်း ''ဒီကနေ့ထိ သိမ်းဆည်း မြေမှာ ဘာမှလုပ်တာ မရှိသေးဘူး။ တောက်လျှောက် ပေးလာရတဲ့ သီးစားခလည်း ကျွန်တော်တို့ မပေးတော့ ဘူး။ ဒါပေမဲ့ ကိုယ့်မြေကို စိတ်ချလက်ချ လုပ်ချင်တာပေါ့။ ဒီအတွက် စစ်တပ် ခေါင်းဆောင်တွေ အပြောနဲ့ အလုပ်ညီပါစေလို့ပဲ ဆုတောင်းနေရတာပေါ့ဗျာ'' ဟု သဲ ကုန်းရွာမှ တောင်သူ ဦးဝင်းထွဋ်က ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကို ဦးတင်ထွဋ် ဦးဆောင်၍ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆ဝ ဖြင့် အဖွဲ့ကိုးဖွဲ့ခွဲ၍ ပြည်နယ်နှင့်တိုင်းများတွင် စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင် ရှစ်ဦး ပါဝင်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့