Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 July 2013

လူနှစ်ဦး သေဆုံးသည့် ပေါက်တော ရုန်းရင်းဆန်ခတ်မှုကြောင့် တည်ဆောက်ရေးကို ရပ်ထားရ

 စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် ဒုက္ခသည်စခန်း၌ ဇွန်လ ၂၇ ရက်နေ့ က ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်လိုမှုတွင် အာဏာပိုင်များ၏ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ရအပြီးနောက် ဒုက္ခသည်များအတွက် တဲအိမ် ဆောက်လုပ်မှုများကို ရပ်ဆိုင်းထားရကြောင်း ရခိုင်ပြည်နယ်အစိုးရက ဆိုသည်။

“ပေါက်တော ဒုက္ခသည်စခန်း ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတဲ့နောက်မှာ ယာယီအားဖြင့် ဆောက်လုပ် ရေးလုပ်ငန်းတွေကို ရပ်ထားရပါတယ်။ ဘယ်နေ့မှာ ဆောက်လုပ်ရေး ပြန်စမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ၂၈ ရက်နေ့မှာ ပြည်နယ်ဝ န်ကြီးနှစ်ဦး အခင်းဖြစ်တဲ့နေရာကို သွားနေပါတယ်။ အခြေအနေတွေ ကို လေ့လာစိစစ်သုံးသပ်လို့ တည်ငြိမ်လာတဲ့အခါကျမှ ဆက်လုပ်သွားမှာ ဖြစ်တယ်” ဟု ပြည်နယ်အစိုးရ၊ ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးသန့် က ဆိုသည်။

UNHCR မှ လှူဒါန်းသည့် ကြိမ်နီပြင်ဒုက္ခသည်စခန်း တဲအိမ်ကြီးများ တည်ဆောက်မှု အပေါ် မူဆလင် ဒုက္ခသည်များ အချင်းချင်း မကျေမလည်ဖြစ်ကြရာမှ လူစုလူဝေးနှင့် တိုက်ခိုက်ရန် ကြိုးပမ်းလာ၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ခြောက်လှန့်ပစ်ခတ်လူစုခွဲရာမှ ဒုက္ခသည်နှစ်ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာ ရခဲ့ရခြင်းဖြစ်သည်ဟု ပေါက်တောမြို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းအောင် က ဆိုသည်။

“UNHCR က ဆောက်ပေးတဲ့ ယာယီတဲ အိမ်ကြီး (တန်းလျား)တွေမှာ နေလိုသူတွေနဲ့ လုံးချင်း အိမ်တွေ ရလို သူတွေကြား အချင်းချင်း ဖြစ်တဲ့ ပြဿနာပါ။ မူဆလင် တချို့က လုံးချင်းအိမ် ဆောက်ပေးရမယ်။ တချို့ ကျတော့ မိုးရာသီမှာ နေစရာမရှိလို့ ယာယီတဲကြီးမှာ နေမယ်ပေါ့။ နေလိုသူတွေက အမြန်ပြီးအောင် ဝိုင်းကူပေးတယ်။ ဒါကို တဖက်က မကျေမနပ်ဖြစ်ပြီး ဇွန် ၂၇ ရက်နေ့မှာ တုတ်တွေ၊ ဒါးတွေနဲ့ လူ ၅၀၀ လောက်က ကူညီနေသူတွေကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့အခါ အာဏာပိုင်တွေဆီ ပြေးလာကြတယ်။

အဲဒီမှာ ပေါက်တောမြို့နယ် ထွေအုပ်ဦးစီး၊ ဒု-ဦးစီး၊ နစက၊ တပ်၊ ရဲ အားလုံး ရှိနေတယ်။ ဆူပူသူတွေက ဒီလူတွေကို ထုတ်ပေးဖို့ တောင်းဆိုတယ်။ မပေးတဲ့အခါ အာဏာပိုင်တွေကို ဦးတည် တိုက်ခိုက်ဖို့ ပြင်လာလို့ အာဏာပိုင်တွေက နောက်ဆုတ်ပေးရတယ်။ နောက်ဆုတ်ရင်းက ချောင်းကမ်းပါးကို ရောက်လာခဲ့တယ်။ ဆုတ်ပေးစရာ မြေ မရှိတော့ဘူး။ သတ်ဖြတ်နိုင်တဲ့ အကွာအဝေးကို ရောက်နေချိန်မှာ မိုးပေါ်ထောင် ပစ်ဖောက် လူစုခွဲခိုင်းတယ်။ ဒါပေမယ့် လူစုကွဲမသွားဘဲ ရှေ့ကို တိုးလာနေကြတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က လူစုခွဲ ပစ်ခတ်ရာမှာ ဦးခေါင်းကို ထိမှန်ပြီး တယောက် ပွဲချင်းပြီး သေတယ်။ နောက်တယောက် ထပ်သေတယ်လို့လည်း သိရတယ်” ဟု ရှင်းပြသည်။

ခြိမ်းခြောက်ပစ်ဖောက်မှု အချက်၂၀ ခန့်ရှိခဲ့ပြီး ဘော်ဒေါ နှင့် မာမောက် အမည်ရှိ ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ဒဏ်ရာရသူ ၆ ဦးကို အစိုးရကျန်းမာရေးဌာနနှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြုစု စောင့်ရှောက်ပေးနေကြောင်း သိရသည်။

ကြိမ်နီပြင်ရွာမှာ ပေါက်တောမြို့၏ တောင်ဘက် ၆ မိုင် အကွာတွင်ရှိ မူဆလင်များ နေထိုင်ရာ ရွာတရွာဖြစ်ကာ ထိုရွာ၏ ဒုက္ခသည်စခန်း၌ လူဦးရေ ၅,၀၀၀ ကျော် ရှိသည်။ ပေါက်တောမြို့နယ် တခုလုံးတွင် ဒုက္ခသည်စခန်း လေးခုနှင့် ဒုက္ခသည်ပေါင်း တသောင်းကျော်ရှိကြောင်း ဦးမျိုးသန့် က ရှင်းပြသည်။

အလားတူ အဖြစ်အပျက်မျိုး ဇွန်လ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပုရိန်ရွာ ဒုက္ခသည် စခန်း၌ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး မူဆလင်ဒုက္ခသည် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရသေးသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့