Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

စီးပွားရေးတက္ကသိုလ်ကျောင်းသား သေဆုံးမှု ကျောင်းသားကိုးဦးကို ဖမ်းဆီး

 မုံရွာ၊ ဇူလိုင် ၁၁

မုံရွာမြို့ မုံရွာ-ကျောက္ကာလမ်းမကြီးဘေး ရွှေမင်းသမီး အဆောင်ရှေ့တွင် စီးပွားရေးတက္ကသိုလ် နောက် ဆုံးနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ သေဆုံးခဲ့ရမှုတွင် ၎င်းအား ရိုက်နှက်သူများ နှင့်ပါဝင်သူ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသား ကိုးဦးကို အမှုဖြစ်ပွားပြီး နှစ်ပတ်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရွှေမင်းသမီး အမျိုးသမီးအဆောင် ရှေ့သစ်သား ခုံတန်းပေါ်တွင် မောင်အောင်ဝိုင်းချစ်သူနှင့်အဖွဲ့ ဂစ်တာတီးနေစဉ် ပြစ်မှုကျုးလွန်သော လူငယ်အုပ်စုက ၎င်းတို့အား ဆဲသည်ဟုဆိုပြီး အသင့်ပါလာသည့် သစ်သားတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြကာ ယင်းအဆောင်ရှေ့ရှိ ရေမြောင်းထဲသို့ ကန်ချခဲ့ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြစ်မှုကျူးလွန်ပုံကို ပြန်လည် ၍သရုပ်ပြခဲ့သည်။

မောင်အောင်ဝိုင်းချစ်သူ သေဆုံးခဲ့ရပြီး နောက်ရက်ဇွန်လ ၂၆ ရက်နေ့ညတွင်လည်း ကျောက္ကာလမ်း နံဘေးရှိ ချင်းတွင်းမင်းသမီး အဆောင်ရှေ့တွင်လည်း ဂစ်တာတီး အဖွဲ့တစ်ဖွဲ့ ထပ်မံအရိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ရာ ယင်းသတင်းကြောင့် အရိုက်ခံရသူများကို ဆက်သွယ်၍ ဝင်ရောက် ရိုက်နှက် သူများအဖွဲ့တွင် ပါဝင်သူ စီးပွားရေးတက္ကသိုလ်ကျောင်းသား ဇော်မိုးအောင် (ခ) ရှမ်းကြီးကို ပါမောက္ခချုပ်ထံ အကြောင်းကြားပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာမှ မောင်အောင်ဝိုင်းချစ်သူ သေဆုံးခဲ့ရမှုတွင် ပါဝင်သူများကိုပါ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“တက္ကသိုလ်ကျောင်းသားတွေရဲ့ စရိုက်လက္ခဏာတွေက တော်တော်ကို ကြမ်းတမ်းလာတယ်။ ကျွန်တော်တို့ လက်ထက်က တက္ကသိုလ်မှာ ကိုယဝါသနာပါတဲ့ အလုပ်ကိုလုပ်နိုင်ဖို့ ကျောင်းတွေက ပွဲလမ်းသဘင်တွေ၊ အသင်းအဖွဲ့တွေလုပ်ပေးတယ်။ အခုခေတ်မှာက အဲဒီတုန်းကလို စိတ်မလေအောင် လုပ်ပေးတဲ့လုပ်ဆောင် ချက်တွေနည်းသွားပြီ။ စိတ်ကြွဆေး သုံးစွဲမှုတွေကလည်း ကြားနေရတယ်။ ဒါတွေက မကောင်းဘူး။ အခုခေတ် ကျောင်းသားအချို့တွေရဲ့ ထွက်ပေါက်က အရက်ဆိုင်တွေ၊ လောင်းကစားတွေ၊ နောက်မိန်းကလေး ကိစ္စတွေမှာပဲ စိတ်ဝင်စားလာတယ်။ အဲဒီ ကနေ နောက်ဆက် တွဲ ပြဿနာတွေ ပေါ်လာတော့တာပဲ။ ဒါတွေကို ထိန်းနိုင်ဖို့လိုတယ်၊ အဖြေရှာဖို့လိုတယ်” ဟု မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး လက်ရှိမုံရွာတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက် ၄၀ ဝန်းကျင် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ကျောက္ကာလမ်းမကြီးတွင် ဆိုင်ကယ်တိုက်မှု မကြာခဏဖြစ်သည့်အတွက် ကြောက်စရာ လမ်းမကြီးဟု မြို့ခံများက ခေါ်ဆိုသည်အထိ ဖြစ်ခဲ့ရပြီး တက္ကသိုလ်များနယ်မြေ တဝိုက်တွင် ညနက်ပိုင်း ဆိုင်ကယ်ဖြင့် အရပ်သားများ ဖြတ်သန်းသွားလာလျှင်ပင် အုပ်စုဖွဲ့၍ သစ်ပင်ကွယ်များမှ ထွက်လာပြီး ရိုက်နှက်ခံရမှုများသည် မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့ခံတစ်ဦးက သုံးသပ်သည်။

“ကျွန်တော်တို့မှာ တာဝန်ရှိတယ် ဆိုပေမယ့် လှည့်ကင်းလှည့်ဖို့ ရဲအင်အားက မလုံလောက်ဘူး။ မြို့လူထုရဲ့ လူဦးရေ ၃၀၀၀ ရှိရင် ရဲဝန်ထမ်းတစ်ယောက်ပဲ ရှိတယ်။ မူးယစ်သောက်စားတယ် ပြီးတော့ရမ်းကားတယ်။ အဲဒီမှာရန်ပွဲတွေ ဖြစ်ကုန်တာပဲ။ အဆောင်ပိုင်ရှင်တွေကလည်း ကျောင်းသား တွေကို အလိုလိုက်ပြီး ထွက်ခွင့်မပေးသင့်ဘူး။ ဖြစ်ခဲ့တာတွေ အားလုံးဟာ ညနက်ပိုင်းတွေမှာ ဖြစ်တာပဲများတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ဝန်းကျင် နယ်မြေများရှိ လမ်းသွယ်များ၊ လမ်းမများပေါ်တွင် ရန်ပွဲများ၊ ရိုက်ပွဲများမှာ မကြာခဏ ဆိုသလို မြင်တွေ့နေရသော မြင်ကွင်းများ ဖြစ်ပြီး၊ ညနက်ပိုင်း အချိန်များတွင် အဆောင်များကို ခဲများဖြင့်ထုသည့် ဖြစ်ရပ်များလည်းရှိကြောင်း၊ အလုပ်မှအပြန် ညနက်ပိုင်း အချိန်များတွင် ရန်ပွဲများကို ရှောင်ကွင်း၍ အကြိမ်အရေအတွက်များစွာ အိမ်ပြန်ခဲ့ရကြောင်း တက္ကသိုလ်နယ်မြေအနီး သလ္လာမြို့သစ်ရပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့