ရန်ကုန်၊ ဇူလိုင် ၈တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်းမှုကို မေလက စတင်ပြုလုပ်ခဲ့ရာ ဇူလိုင်လ ပထမပတ်အတွင်း အဖွဲ့များအားလုံး ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းပါတီ ပြန်ကြားရေး တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့်က The Voice သို့ ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများ ပြုလုပ်ပြီး စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် ငါးဦးစီကို ရွေးချယ်ကာ NLD စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (ဗဟို) သို့ စာရင်းပေးပို့ အတည်ပြုခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ပါတီစည်းကမ်း ဖောက်ဖျက်သည့် ပါတီဝင်များကို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ခေါ်ယူ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း သို့မဟုက် အချိန်ကာလ အပိုင်းအခြား သတ်မှတ်ပြီး ပါတီဝင်အဖြစ်မှ ရပ်နားထားခြင်း စသောနည်းလမ်းများဖြင့် အရေးယူမည် ဖြစ်ကြောင်း ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
NLD ပါတီက ကော်မတီများနှင့် အဖွဲ့များ ဖွဲ့စည်းခြင်းမှာ ပါတီလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လိုသော NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒအရ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အပြင် တောင်သူလယ်သမားရေးရာ ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီများကို ဖွဲ့စည်းထားပြီး ဥပဒေရေးရာ ကော်မတီ အပါအဝင် ကျန်ကော်မတီ သုံးခုကိုလည်း ထပ်မံဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဒေါ်နန်းခင်ထွေးမြင့်က အတည်ပြု ပြောကြားသည်။
No comments:
Post a Comment