တောင်စွယ်တစ်ဖက်ကမ်း နေတစ်ခြမ်းနှင့်
တိမ်ပန်းတစ်ခင်း ရောင်စုံကျင်း၍
ရေခင်းသာယာ လေညှင်းလာချိန်
သစ္စာပန်းခိုင် အတူကိုင်၍
တိုင်တည်ခဲ့ဖူး စေတီဦးမှာ
ဆုထူးပန်ဆင် ပုံရိပ်သွင်းတို့
ရင်ထဲခုထိ မြင်ယောင်မိဆဲ။
တောင်းဆုနေ့နေ့ ကောင်းမှုဖွေလည်း
မောင့်မှာတစ်မြေ မေ့မှာတစ်ရွာ
ခြားခဲ့ပေမို့..............။
ထုံးဖြူဝင်းဝင်း စေတီရင်းမှာ
လွမ်းချီမပီ သီတော့မည်.......
ညနေချိန်တိုင်း အာကာလှိုင်းဝယ်
ခိုငှက်မောင်နှံ ၀ဲကာပျံလျှက်
တောင်ပံတွဲယှက် အိပ်တန်းတက်သော်
သည်ငှက်တွေလို ချစ်ကျွန်းညိုဝယ်
ကွန်ခိုတူယှဉ် ထာဝစဉ်သာ
“နေချင်လိုက်တာ.......နော်........မောင်ရာ” တဲ့
သီတာခွန်းချို ချစ်သူ့ဆိုစကား
နေညိုချိန်တိုင်း ရမ်းရော်ကြားမိ။
ခုလိုအချိန် နေမှိန်မှိန်ဝယ်
တိမ်လေအကြား ကျေးငှက်များကို
သက်ထားမျှော်ကြည့် ရင်မချိစွာ
သတိတရ ရှိပေစွဟု
လွမ်းမျှော်စေတီ ရင်ပြင်ဆီ၌
မျက်ရေဝေ့သီ လွမ်းရော့မည်။
ကမ်းပါးတစ်ဖက်..............
ရန်ကင်းစေတီ လှမ်းမျှော်ရည်၍
တူညီလက်စုံ ဖူးခဲ့ပုံအား
အာရုံထဲတွင် ထပ်ဟပ်ကြည်ရင်း
လေညှင်းနော့သွေး ရင်မှာမအေးဆဲ
တွေးလျှက်ပူဆာ တောင်းဆုဖြာလျှက်
အောက်မေ့ကာပင် တရားမင်းလည်း
မရွှင်မလန်း နေထိပန်းသို့
နွမ်းနေရော့မည် တမ်းရော့မည်။
သြော်.... နေခြည်ဖြိုးဖျ ချိန်ကာလတိုင်း
ရန်ကင်းစေတီ ရင်ပြင်ဆီမှ
မျက်ရည်စမ်းစမ်း ချစ်သူတမ်း၍
“မလွမ်းသူက နေစိမ့်လှ” ဟု
စိတ်ကမှတ်မည် နိုးမိသည် “မ”
ရာသီသစ်သစ် ကြာပြီဖြစ်လည်း
ချစ်ခြင်းသက်သေ မပျက်လေကြောင်း
အနေဝေးကွာ “ မ” ဖြေသာဖို့
ကဗျာတစ်ပုဒ် ရင်မှထုတ်လာ
သရုပ်ဖော်၍ ပို့လိုက်၏ *******
No comments:
Post a Comment