Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 May 2013

အိုကလာဟိုးမား လေဆင်နှာမောင်း လူ (၉၁)ဦးသေဆုံး

အိုကလာဟိုးမားရှိ မောရ်အရပ်တတွင် ကျောင်းနှစ်ခုသည် အားကောင်း ပြင်းထန် လွန်းသည့် လေဆင်နှာ မောင်းကြီးကြောင့် ပြားပြား ဝပ်သွားသလို (၂)မိုင်မျှ ကျယ်ပြန့်သည့် ဧရိယာ တစ်လျှောက် လူနေအိမ် မြောက်မြားစွာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သည်
အမေရိကန်နိုင်ငံ၊ အိုကလာ ဟိုးမားတွင် လေဆင်နှာမောင်း မွှေ့ယမ်း တိုက်ခတ် မှုကြောင့် လူ(၉၁)ဦး ထက်မနည်း သေဆုံးပြီး ယင်းတို့အနက် ကလေးငယ် (၂၄)ဦးလည်း အသက်ဆုံးရှုံးခဲ့သည်ဟု ယူဆရကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိုကလာဟိုးမားရှိ မောရ်အရပ်တတွင် ကျောင်းနှစ်ခုသည် အားကောင်း ပြင်းထန်လွန်းသည့် လေဆင်နှာမောင်းကြီးကြောင့် ပြားပြားဝပ်သွားသလို (၂)မိုင်မျှ ကျယ်ပြန့်သည့် ဧရိယာတစ်လျှောက် လူနေအိမ် မြောက်မြားစွာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သည်။ တာဝန်ရှိသူများက ပလာဇာတာဝါ ကျောင်းအတွင်း ကလေးငယ် (၂)ဒါဇင်ထက်မနည်းသည် အပျက်အစီးပုံများအောက် ပိတ်မိနေသည်ဟု ယူဆရကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့၏ အသက်ဘေးအတွက်လည်း စိုးရိမ်နေရကြောင်း ဝန်ခံခဲ့သည်။

အင်္ဂါနေ့ထိ အနည်းဆုံး လူ(၉၁)ဦး လေဆင်နှာမောင်းကြောင့် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး (၁၄၅)ဦးထက်မနည်း ဒဏ်ရာများ ရခဲ့ကြောင်းလည်း သိရှိရသည်။ ယခု လေဆင်နှာမောင်းသည် လေတိုက်နှုန်း တစ်နာရီ မိုင်(၂၀၀)ထိ ရှိနေပြီး စတုရန်းမိုင် (၃၀)ပတ်လည် ဧရိယာကို စုတ်ပြတ်သွားအောင် ဖျက်ဆီးပစ်ခဲ့သည်။ (၁၉၉၉)ခုနှစ်က အဆိုပါ နေရာတွင်ပင် တိုက်ခတ်ခဲ့ပြီး လူပေါင်း (၃၆)ဦး သေဆုံးစေသည့် လေဆင်နှာမောင်းထက် ယခုတစ်ကြိမ်က ပိုမို အဖျက်စွမ်းအား ကြီးမားလာခဲ့သည်။ ကယ်ဆယ်ရေးများသည် ပလာဇာတာဝါရှိ အပျက်အစီးများအောက်တွင် ပိမိနေသော ရေကန်ငယ် အတွင်း၌ ရေနစ် သေဆုံးသွားသည့် ကလေးငယ် (၇)ဦး၏ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်။ လူနေထူထပ်သည့် အိုကလာဟိုးမားစီးတီး၏ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သော သဘာဝ ဘေးဆိုးကြီး၏ နောက်ဆက်တွဲ နာကျင်စရာများ ယခုထက် ပိုမို ဆိုးရွားလာမည်ကို အားလုံးက စိုးရိမ်နေကြရသည်။

ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့များသည် အပျက်အစီးများကို မည်သည့်နေရာမှ စတင်ရှင်းလင်းရမည်ကိုပင် ရုတ်တရက် ဝေခွဲမရ ဖြစ်ခဲ့ပြီး လတ်တလောတွင် ပျောက်ဆုံးနေသည့် ကျောင်းသူကျောင်းသားငယ်များကို ကယ်ဆယ်နိုင်ရန် ဦးစွာ ကြိုးစားလျှက် ရှိသည်။ လေတိုက်နှုန်း ပြင်းထန်လွန်းခြင်းကြောင့် အဝေးပြေး လမ်းပေါ်မှ မော်တော်ကားနှင့် ထရပ်ကားကြီးများပါ လမ်းဘေးသို့ လွှင့်ထွက်ကုန်ကြောင်း မျက်မြင်များက ဆိုသည်။ လေငြိမ်သွားသည့်နောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ကလေးများ၏ မိသားစုများသည် အနီးရှိ ဘုရားကျောင်း တစ်ခုတွင် စုရုံးဝတ်ပြုကာ ၎င်းတို့၏ ရင်သွေးငယ်များအတွက် သတင်းကို စောင့်မျှော်နေကြသည်။ ဆေးရုံတွင် လူပေါင်း (၁၄၅)ဦးထက် မနည်းကို ကုသပေးထားရပြီး (၇၀)ကျော်မှာ ကလေးများဖြစ်ကာ ယင်းအရေအတွက် ပိုမို မြင့်တက်လာဖွယ် ရှိနေသည်။

အမျိုးသား အစောင့်တပ်ဖွဲ့ဝင် (၈၀)ကျော်သည် လေ့ကျင့်ပေးထားသည့် ခွေးများကို အသုံးပြုကာ အပျက်အစီးများကြား လှည့်လည်သွားလာပြီး အသက်ရှင်သူများကို ရှာဖွေလျှက် ရှိသည်။ အိုကလာဟိုးမား အုပ်ချုပ်ရေးမှူး မေရီဖယ်လင်က သူမ၏ ပြည်နယ်တွင် ထိခိုက် ခံစားရသူများအတွက် မျှော်လင့်ချက်ကို အတတ်နိုင်ဆုံး ရှင်သန်အောင် ကြိုးပမ်းပေးရန်၊ အပျက်အစီး အစအန အသေးလေး တစ်ခုမကျန် ရှင်းလင်းပြီး အောက်တွင် ကျန်ရှိနေသူများကို ကယ်ထုတ်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူများအား ပန်ကြား တိုက်တွန်းခဲ့သည်။ ကျောင်းဝင်းအတွင်း အမှိုက်သရိုက်နှင့် အပျက်အစီး အစအနများဖြင့် ရှုပ်ပွနေပြီး လေဆင်နှာမောင်းသည် အဆိုပါကျောင်းကို ဖြတ်သန်းတိုက်ခတ်သွားကြောင်းလည်း သိရှိရသည်။

အသက်ရှင် လွတ်မြောက်လာသည့် (၆)တန်းကျောင်းသားအရွယ် ကလေးငယ် တစ်ဦးဖြစ်သော ဘရက်ဒီက မိမိနှင့် အခြား သူငယ်ချင်း အချို့သည် လေဆင်နှာမောင်း တိုက်ခတ်လာချိန်တွင် ရေချိုးခန်းအတွင်း ဝင်ရောက် အကာအကွယ် ယူနေခဲ့ကြောင်း ABCသတင်းဌာနသို့ ပြောကြားခဲ့သည်။ "မျက်နှာကျက်တွေရော၊ တခြားပစ္စည်းတွေပါ ပြုတ်ကျလာတာ။ ဒါပေမဲ့ လုံခြုံသလိုတော့ ဖြစ်သွားတယ်။ အဲဒီထဲမှာ အားလုံး ပိတ်မိနေခဲ့တာလေ"ဟု ၎င်းက ဆိုသည်။ တတိယတန်း ကျောင်းသားလေး အချို့ကိုမူ ကယ်ဆယ်ရေးများက ကြိုးကြိုးစားစား ကယ်ထုတ်ပြီး ဆေးရုံတွင် အရေးပေါ် စောင့်ကြည့်ကုသရေး ဌာနသို့ ပို့ဆောင်ခဲ့ရသည်။

လွတ်မြောက်လာသည့် ဆရာမ တစ်ဦးက သူမတို့ သင်ကြားရေး ဝန်ထမ်းများသည် ကလေးများကို ခန္ဓာကိုယ်ဖြင့် အုပ်မိုးကာ အကာအကွယ် ပေးခဲ့ကြောင်း ဆိုသည်။ သူမကိုယ်တိုင်လည်း လေမုန်တိုင်း တိုက်ခတ်လာချိန်တွင် ကျောင်းသူကျောင်းသားလေး (၆)ဦးကို ကိုယ်ဖြင့် ကာကွယ်ထားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ အကာအကွယ်ပေးရင်း ကျောင်းဆရာ တစ်ဦးမှာမူ အသက်ဘေး စိုးရိမ်ရလောက်အောင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ယခုကိစ္စတွင် လိုအပ်သမျှ အထောက်အကူများအတွက် ပံ့ပိုးပေးအပ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ "လောလောဆယ်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ မိသားစုတွေ အနေနဲ့ ခပ်ဝေးဝေးကနေ စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်"ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ဖယ်လင်က ဆိုသည်။ သမ္မတ အိုဘားမားက လေဘေးသင့် ဒေသတွင် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစိုးရ ရန်ပုံငွေထဲမှ အသုံးပြုခွင့် ကိစ္စကို ချက်ချင်း ဆောင်ရွက်ပေးခဲ့သည်။ လေဆင်နှာမောင်းကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးခဲ့သလို မိုဘိုင်းလ်ဖုန်း တာဝါတိုင်များပါ အောက်ခြေမှ ကျွတ်ထွက်ကုန်သဖြင့် ဖုန်းအဆက်အသွယ်များပါ ခက်ခဲလာခဲ့သည်။

အသက်အန္တရာယ်မှ လွတ်မြောက်လာသူ (၆)နှစ်အရွယ် ကလေးငယ် တစ်ဦးက "နံရံတွေကို မြဲနေအောင် ဆုပ်ကိုင်ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေဆင်နှာမောင်းနဲ့အတူ ပါသွားပြီး လေထဲကို ပျံတက်မသွားချင်လို့ပါ"ဟု KFORသို့ ပြောကြားခဲ့သည်။ လတ်တလောတွင် ထိုဒေသတွင် လူပေါင်း(၈၀၀၀)မျှသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ကြုံနေရသည်။ ကျွမ်းကျင်သူများက ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် အသေအပျောက် ပမာဏ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ KFOR၏ ဖော်ပြချက်အရ ဒေသခံ ဆေးရုံမှာလည်း လေဆင်နှာမောင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနာများကို ကုသပေးရာတွင် အဟန့်အတားများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Source: DailyMail
by Planet Myanmar Network


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့