Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 6 July 2013

လူ့စည်းစိမ်ကိုစွန့်ခွါ၍ တောထွက်တော်မူခြင်း။


ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုရားအလောင်းတော် ကပိလ၀တ်ပြည် သုဒ္ဓေါဓနမင်းမြတ်၏သားတော်
သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီး
လျှင် မင်းသမီးပေါင်းလေးသောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစား
တော် မူပါတယ်။
အဲဒီလို ကာမဂုဏ်အာရုံများဖြင့် ပျော်မွေ့နေစဉ် တစ်နေ့သောအခါ ဥယျာဉ်တော်သို့ အခြွေအ
ရံများနှင့်တကွ ပျော်ပွဲစားထွက်တော် မူပါတယ်။ အဲဒီအခါ လမ်းခုလပ်မှာ သူအိုကို တွေ့မြင်ရတာနဲ့
သံဝေဂဖြစ်ပြီး အဲဒီအရပ်မှပဲ ပြန်လှည့်လာခဲ့ပါတယ်။ နောက်တစ်ကြိမ်ထွက်တဲ့အခါလည်း သူနာကို
တွေ့မြင်ရပါတယ်။ နောက်တစ်ကြိမ်မှာ သူသေကို တွေ့မြင်ရပါတယ်။ အဲဒီလို တွေ့မြင်ရတဲ့ အခါများ
မှာလည်း သံဝေဂဖြစ်ပြီး အဲဒီအရပ်မှပဲ ပြန်လှည့်လာခဲ့ပါတယ်။
ဘုရားအလောင်းတော်ဟာ စတုတ္ထအကြိမ် ဥယျာဉ်တော်သို့ ထွက်တဲ့အခါမှာ ရဟန်းကိုတွေ့
မြင်ရပါတယ်။ အဲဒီရဟန်းထံမှ ရဟန်းပြုပြီး ကုသိုလ်တရားရှာနေတဲ့အကြောင်းကို ကြားရတဲ့အခါမှာ
လူ့ဘောင်မှထွက်၍ ရဟန်းပြုပြီးတော့ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတဲ့ တရားကိုရှာဖို့ ကောင်းမြတ်
တဲ့အကြံအစဉ် ဖြစ်ပေါ်လာပါတယ်။ မအို၊ မနာ၊ မသေတဲ့တရားကို မိမိကိုယ်တိုင် ရအောင်ရှာပြီးတော့
သတ္တ၀ါအများအား အဲဒီ မအို၊ မနာ၊ မသေတဲ့တရားကိုရအောင် ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်
ချက်နဲ့ ဖြစ်ပေါ်လာတဲ့ အကြံအစည်ပါပဲ။
အဲဒီနေ့ အဲဒီအချိန်လောက်မှာပဲ ဘုရားအလောင်းတော်၏ ကြင်ယာတော်ဖြစ်တဲ့ ယသော်ဓရာ
ဒေ၀ီက သားတော်ကို ဖွားမြင်ပါတယ်။ အဲဒီအကြောင်းကိုကြားတော့ “လ ကိုဖုံးကွယ်တဲ့ ရာဟုသဖွယ်
ဖြစ်ပေါ်လာပါတယ်၊ အနှောင်အဖွဲ့ဖြစ်ပေါ်လာတယ် ” လို့ ဘုရားအလောင်းတော် ညည်းညူပြောဆို
မိပါတယ်။ အဲဒီစကားကို အကြောင်းပြုပြီးတော့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ဘုရားအလောင်း
တော်အား တောမထွက်နိုင်အောင် ရာဟုကဲ့သို့ပင် ဖမ်းယူထားတဲ့ သားတော်ကလေး ဖြစ်ပါစေဆိုတဲ့
ရည်ရွယ်ချက်နဲ့ အဲဒီ သားတော်ကလေးအား ရာဟုလာလို့ အမည်ပေးလိုက်ပါတယ်။
ဒါပေမယ့် ဘုရားအလောင်းတော်က လောကထဲ မပျော်မမွေ့ငြီးငွေ့တာနဲ့ အဲဒီညဥ့်မှာ တီး
မှုတ်၊ ကခုန်ပြီး ဖျော်ဖြေနေကြတဲ့ ကချေသည်မတွေကိုတောင် မရှုစားတော့ဘဲ ညဥ့်ဦးစောစောကပင်
စက်တော်ခေါ်၍ အိပ်ပျော်သွားပါတယ်။ ကချေသည်မတွေကလည်း အဲဒီနေရာမှာပဲ အိပ်လိုက်ကြတယ်၊
ဘုရားအလောင်းတော်က အိပ်ရာမှနိုးလာလို့ ကြည့်ရှုလိုက်တဲ့အခါမှာ အတုံးအရုံးနဲ့ အိပ်ပျော်နေကြတဲ့
ကချေသည်မတွေကို မြင်ရတော့ သူသေကောင်တွေလို ထင်မြင်တဲ့ အသုဘသညာ ဖြစ်ပေါ်လာပြီး
တော့ သန်းခေါင်ယံအချိန်မှာ ကဏ္ဍကဆိုတဲ့ မင်္ဂလာမြင်းတော်ကိုစီးပြီး နောက်တော်ပါ ဆန္နအမတ်နှင့်
တကွ တောထွက်တော်မူခဲ့ပါတယ်။
အနော်မာမြစ်သို့ ရောက်တဲ့အခါ အဲဒီမြစ်ရဲ့ သဲသောင်ပြင်ပေါ်မှာ ဆံမုတ်ဆိတ်တော်များကို
ပယ်ပြီးတော့ ဃဋီကာရဗြဟ္မာကပ်လှူတဲ့ သင်္ကန်းကို ၀တ်ရုံပြီး ရဟန်းပြုတော်မူခဲ့ပါတယ်၊ အဲဒီတုန်း
က ဘုရားအလောင်းတော်ဟာ အသက်အရွယ်အားဖြင့် ၂၉ နှစ် ရှိပါတယ်။ ပျော်မွေ့ဖွယ်အကောင်းဆုံး
အရွယ်ပါ။ ဒါပေမယ့် အဲဒီလို အရွယ်ကောင်းတုန်းမှာ ထီးနန်းစည်းစိမ်တွေနဲ့ ယသော်ဓရာအစရှိသော
မိဖုရား အခြွေအရံတွေကို ငဲ့ကွက်ခြင်းမရှိဘဲ တောထွက်ရဟန်းပြုတော်မူခဲ့ပါတယ်။
{မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဓမ္မစကြာတရားတော်ကို ကိုးကားရေး
သားပါသည်။}
ဦးသိန်းဝေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့