Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

အင်ဒိုနီးရှားတွင် ကျားရန်ကြောက်၍ သစ်ပင်ပေါ်ရောက်နေသူများကို ကယ်တင်ရန် စီစဉ်နေရ

 အင်ဒိုနီးရှား နိုင်ငံတွင် ကျားများရန် ကြောက်သဖြင့် သစ်ပင်ပေါ် တက်ပြီး ပုန်းရှောင်နေရသူ (၅)ဦးကို ကယ်တင်နိုင်ရန် တာဝန်ရှိသူများက လုပ်ဆောင်နေကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က လူ(၅)ဦးတို့သည် ဆူမားတြား ကျားကြီး(၄)ကောင် ဝန်းရံ လှည့်လည်နေသော သစ်ပင်ကြီး တစ်ပင်အထက်တွင် တိမ်းရှောင်နေခဲ့ရသည်။

၎င်းတို့၏ သူငယ်ချင်း ဖြစ်သူမှာမူ ဒေါသတကြီး လက်စားချေသည့် ကျားကြီးများ၏ ကိုက်ဖြတ် ဝါးမြိုမှုကြောင့် သေဆုံးခဲ့ပြီ ဖြစ်သည်။ အင်ဒိုနီးရှားတွင် လူနှင့် တိရစ္ဆာန်တို့၏ စားကျက်မြေ ထိစပ်နီးကပ်မှုကြောင့် ပြဿနာများ မကြာခဏ ကြုံရတတ်ပြီး ယခုဖြစ်စဉ်သည် နောက်ဆုံး တွေ့ကြုံလာခြင်း ဖြစ်သည်။

ရဲများက သစ်ပင်ပေါ် ရောက်နေသူများသည် အဖိုးတန်သည့် သစ်မွှေးတစ်မျိုးကို လူဆာတောင် အမျိုးသားဥယျာဉ်ထဲတွင် လိုက်လံ ရှာဖွေရာမှ ကျားများနှင့် ထိပ်တိုက် တွေ့ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

"အဲဒီသစ်မွှေးက အရမ်း တန်ဖိုးရှိတယ်။ ဒါပေမဲ့ လိုက်ရှာဖို့ ဆိုတာကလည်း အင်မတန် စွန့်စားရတယ်။ လူဆာတောင်ရဲ့ လူသူအရောက်အပေါက် အရမ်းနည်းပြီး ကျားတွေ၊ ဆင်တွေ ကျက်စားတဲ့ နေရာတွေမှာပဲ တွေ့ရ တတ်တယ်"ဟု ရဲအရာရှိ ဒစ်ကီ ဆွန်ဒါနီက ဆိုသည်။ ထိုသူများသည် သစ်မွှေးရှာရင်း ကျားပေါက်လေး တစ်ကောင်ကို မတော်တဆ သတ်ဖြတ်မိ သွားရာမှ အခြေအနေ ဆိုးကုန်ခြင်း ဖြစ်သည်။

ယင်းတို့သည် ရိက္ခာအတွက် သမင်များကို ထောင်ချောက်ဆင် ဖမ်းဆီးသော်လည်း ကျားငယ်လေး တစ်ကောင်မှာ ကံဆိုးပြီး ထောင်ချောက်ထဲတွင် ပိတ်မိ သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ဒေါသထွက်နေသော ကျားကြီးများက ယင်းတို့ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒေးဗစ်ဟုသာ အမည်သိရသေးသည့် အသက်(၂၈)နှစ်ရှိ လူတစ်ဦးမှာ ကျားများ လက်ချက်ကြောင့် သေဆုံးသွားပြီး ကျန်(၅)ဦးမှာ သစ်ပင်ပေါ်တွင် ဒုက္ခသည် များအဖြစ် သောင်တင်နေသည်။

"ကျွန်တော်တို့ ကြားထားတဲ့ သတင်းအရတော့ ကျား(၄)ကောင်က အဲဒီသစ်ပင်အောက်မှာ စောင့်နေတယ်"ဟု ဆွန်ဒါနီက ဆိုသည်။ ၎င်းတို့ကို တွေ့ရှိ၍ ကယ်ဆယ်ရန် ကြိုးစားသော ရွာသားအချို့သည်လည်း ကျားများကြောင့် တစ်စုံတစ်ရာ မတတ်နိုင်ဘဲ လှည့်ပြန်ခဲ့ရသည်။

"တကယ်လို့ ကျွန်တော်တို့ ရောက်သွားချိန်ထိ ကျားတွေ ရှိနေဦးမယ် ဆိုရင် ခြောက်လှန့် ပစ်ခတ်တာမျိုး၊ မေ့ဆေးနဲ့ ပစ်ခတ်တာမျိုး လုပ်ပြီး လူတွေကို ကယ်ရပါမယ်"ဟုလည်း ဆွန်ဒါနီက မှတ်ချက်ပြုခဲ့သည်။ ယင်းတောအုပ်ထဲတွင် မျိုးသုဉ်းလုနီးပါး အော်ရန်ဂူတန် မျောက်ဝံကြီး
များ၊ ဆင်ကြီးများလည်း ကျက်စားနေဆဲ ဖြစ်သည်။

အော်ရန်ဂူတန် မျောက်ဝံများသည် ကမ္ဘာပေါ်တွင် ကောင်ရေ (၆၆၀၀)မျှသာ ရှိတော့ပြီး (၅၈၀၀)မျှသည် လူဆာ တောနက်ကြီးထဲတွင် ခိုအောင်းနေသည်။

သို့သော်လည်း စီးပွားဖြစ် သစ်ထုတ်လုပ်ခြင်းနှင့် စားအုန်းဆီ လုပ်ငန်းများကြောင့် သစ်တော ရှင်းလင်းမှုများ ပြုလုပ်လာရာ တိရစ္ဆာန်များအတွက် အခက်အခဲများ ကြုံလာရသည်။ ဆူမားတြား ကျားမျိုးများသည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး ကျားမျိုးနွယ် ဖြစ်သည်။

၎င်းတို့သည် ကမ္ဘာပေါ်တွင် အရိုင်း သဘာဝအတိုင်း ကျက်စားနေသည့် အရေအတွက် (၄၀၀)မှ (၅၀၀)ခန့်ထိသာ ကြွင်းကျန်တော့သည်။ ကယ်ဆယ်ရေး အဖွဲ့များသည် ကျားများရန်မှ ပိတ်မိနေသူများထံ ထွက်ခွာသွားပြီ ဖြစ်သော်လည်း ထိုနေရာသို့ရောက်ရန် (၂)ရက်မှ (၃)ရက်မျှထိ အချိန်ယူရဖွယ် ရှိနေကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့