Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

ကသည်းသူပုန်များ ဆက်ကြေးတောင်း၍ နန့်ဖာလုံဈေးဆိုင်ခန်း ၉၀၀ ခန့် ပိတ်ဟုဆို

 ကလေး၊ ဇူလိုင် ၆

ကသည်းသူပုန်များ ဆက်ကြေး တောင်းသောကြောင့် မြန်မာ - အိန္ဒိယ နယ်စပ်ရှိ အဓိကဈေးကြီး ဖြစ်သော တမူးမြို့နှင့် လေးမိုင်ခန့် အကွာရှိ နန့်ဖာလုံဈေးကို တစ်ဖက်နိုင်ငံမှ ကုန်သည်များ လာရောက် ဝယ်ယူခြင်း မရှိသဖြင့် ဈေးရှိဆိုင်ခန်းပေါင်း ၉၀၀ ခန့် အားလုံးပိတ်ထားကြောင်း အဆိုပါ ဈေးဘဏ္ဍာရေးမှူး ဦးခင်မောင်ချိုက The Voice သို့ အတည်ပြု ပြောကြားသည်။

“အဲလို ဆက်ကြေးတောင်းတာတွေကြောင့် ကုန်သည်တွေမလာတော့ အရောင်းပါးတယ်။ ဒါကိုဖြေရှင်း ပေးနိုင်ရင်တော့ ပြန်ဖွင့်ကြမယ်လို့ ပြော ပါတယ်။ သုံးလေးရက် အတွင်းတော့ ပြန်ဖွင့်နိုင် အောင်လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

“ဈေးမရောင်းရဘူး ဖြစ်နေတယ်။ ဒီကိုလာတဲ့ ကုန်သည်တွေကို ဆက်ကြေးပဲ တောင်းနေတယ်ဆိုတော့ ဆိုင်ဖွင့်လည်း အလကား ဖြစ်မယ်ဆိုပြီး ကိုယ့်သဘောနဲ့ ကိုယ် ပိတ်ထားကြတာ။ ဆန္ဒပြတဲ့သဘောတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်သဘောနဲ့ကိုယ် ပိတ်လိုက်ကြတာ။ မရောင်းရမယ့်တူတူ ဆိုပြီးတော့ပေါ့နော်” ဟု နန့်ဖာလုံဈေးမှ အသက် ၂၅ နှစ်ခန့်ရှိ ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။

တစ်ဖက်နိုင်ငံရှိ မိုရ်ရေးဈေးကိုလည်း ညဇူလိုင်လ ၆ ရက်တွင် ပိတ်ထားကြောင်း၊ နန့်ဖာလုံဈေးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် အထည်၊ ဖိနပ်နှင့် လူသုံးကုန် ပစ္စည်းများကို အဓိက ရောင်းဝယ်နေပြီး တစ်ဖက်နိုင်ငံမှ လာရောက် ဝယ်ယူခြင်းများရှိကာ ဇူလိုင်လ ၄ ရက်နေ့က တစ်ဖက်နိုင်ငံမှ ဈေးလာဝယ်သော ကုန်သည်ကို နယ်စပ်လက်နက်ကိုင် အဖွဲ့အစည်းမှ တပ်ဖွဲ့ဝင် တစ်ဦးက ဆက်ကြေးတောင်းခံမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပိတ်လိုက်ကြခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အိန္ဒိယနိုင်ငံ မိုရ်ရေးဈေးတွင် နေထိုင်ပြီး မြန်မာနိုင်ငံ နန့်ဖာလုံဈေးသို့ ဈေးလာဝယ်သော ဦးပါဝါဂျစဝါး အမည်ရှိ ကုန်သည်တစ်ဦးကို ကသည်းသူပုန်ဟု ယူဆရသည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ဆူနာတာနာ (Suna Tuna) က တမူးမြို့မ (၁၂) ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ဆက်ကြေးငွေ ကျပ် နှစ်သိန်း တောင်းနေစဉ် ဒေသခံ လူငယ်များက မသင်္ကာ၍ အိမ်ပေါ်သွားကြည့်ရာ ဆူနာတာနာမှာ အိမ်နောက်ဘက်မှ ထွက်ပြေး သွားခဲ့ကြောင်း၊ ဈေးရောင်း မကောင်းသည်မှာ တစ်လကျော်ကြာပြီ ဖြစ်၍ ဈေးသူဈေးသားများမှာ ကိုယ့်သဘောဖြင့်ကိုယ် ပိတ်ခြင်းဖြစ်ကြောင်း တမူးလူငယ် ကွန်ရက်ထံမှ သိရသည်။

“ဈေးလုံခြုံရေး တိုးမြှင့်ဖို့အတွက် ဒီနေ့အစည်းအဝေးမှာ ပြောဖြစ် တယ်။ နောက် တမူး-အင်ဖာ လမ်းကလည်း ပိတ်ထားတဲ့ကာလ ဖြစ်နေတယ်။ ဒီမှာဖြစ်တာနဲ့တော့ မဆိုင်ဘူး။ အကြောင်းတိုက် ဆိုင်သွားတာပေါ့။ ဒါကြောင့် ကုန်သည်တွေ မလာကြတာ။ အဓိက ဂိတ်ပေါက်ဖြစ်တဲ့ ဂိတ်အမှတ် (၂) မှာ ရဲနဲ့ စစ်တပ်အစောင့်တွေပဲ ရှိတယ်။ ဈေးအတွင်းနဲ့ အပြင်မှာ အစောင့်ဆိုတာ မရှိဘူး။ ဈေးနဲ့ လေး ဖာလုံလောက်ဝေးတဲ့ နေရာမှာတော့ ရဲကင်းတစ်ခု ရှိတယ်။ အခုလုံခြုံရေးကို တိုးမြှင့်ဖို့ လုပ်ထားပါတယ်။ ဈေးသူဈေးသားတွေ ကလည်း ဈေးလုံခြုံရေးကိုပဲ အဓိကလိုချင်ကြတာ” ဟု တမူးမြို့ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောကြားသည်။

မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ တစ်ဖက်နိုင်ငံမှ လာရောက် ဝယ်ယူမှုကိုသာ အားထားနေရပြီး တစ်ဖက်နိုင်ငံဘက်မှ လက်နက်ကိုင် အဖွဲ့အစည်းများ၏ လမ်းပိတ်ဆို့ခြင်းများ ရှိပါက အရောင်းအဝယ် ပါးတတ်ကာ ယခုနှစ်ဇွန်လ အတွင်းတွင် လမ်းပိတ်မှုမှာ ခြောက်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း အဆိုပါနယ်စပ် ကုန်သည်ကြီးများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မိုရ်ရေးမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် နယ်စပ် နန့်ဖာလုံဈေးသို့ ဝင်ထွက်သွားလာမှုများ ပိတ်ဆို့ခဲ့ကာ ဈေးအရောင်းအဝယ် ပါးခဲ့ကြောင်း၊ ဖေဖော်ဝါရီ လ ၃ ရက်နေ့တွင် တမူးခရိုင်တရားရုံးမှ အထက်တန်းရှေ့နေတစ်ဦး၏ နေအိမ်မြေ အောက်ခန်း အတွင်းမှ တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသော သံသေတ္တာ ၁၀ လုံးတို့အား တွေ့ရှိခဲ့ရကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း တမူးမြို့မှ မြို့သစ်မြို့နယ်ခွဲသို့ သွားရာ တမူး-စေတီလမ်းပေါ်ရှိ တံတားတစ်စင်းကို နယ်စပ်နေ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက မိုင်းထောင် ဖောက်ခွဲခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းက နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ဆွေးနွေးရန် အတွက် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် မိုင်ပေါင်း ၁၀၀၀ ခန့် ရှည်လျားသည့် နှစ်နိုင်ငံနယ်စပ် တစ်လျှောက် ကင်းစောင့်မှု အခြေအနေများ တိုးတက်လာစေရေးနှင့် ပင်လယ်နယ်ခြား မျဉ်းတွင်လည်း ကင်းလှည့်စောင့်ကြပ်မှု အခြေအနေများ တိုးတက်လာစေရေး တို့ကို ဆွေးနွေးခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့