Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို စည်းရုံးသိမ်းသွင်းဖို့ ထိုင်းဝန်ကြီးချုပ်ကို သပ်ဆင်ရှီနာဝပ် ညွန်ကြား

 ထိုင်းနိုင်ငံက ရရှိတဲ့ သတင်းတစ်ပုဒ်အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှီနာဝပ်နဲ့ ထိုင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးYuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါ တို့ မကြာခင်က ဟောင်ကောင်ကျွန်းတစ်နေရာမှာ လှို့ဝှက်တွေ့ဆုံခဲ့ရာမှာ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူ ဖြစ်အောင် စည်းရုံးဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို လှို့ဝှက် ဖမ်းယူထားတဲ့ အသံဖိုင်မှာ ထိုင်းနဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ်တွေ လစဉ်လတိုင်းတွေ့ဆုံပြီး အစားအစာအတူတကွ စားသုံးကြကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ လူယုံတော်ဖြစ်ပြီး မြန်မာနိုင်ငံမှာ တံခိုးသြဇာ ကြီးမားသူဖြစ်ကြောင်း၊ ကြွယ်ဝချမ်းသာသူလည်းဖြစ်ကြောင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းလုပ်ငန်းတွေကို လိုချင်ရင် သူ့ကို အသုံးချနိုင်ကြောင်း၊ သူ့ကို မိမိတို့ ထိန်းချုပ်နိုင်အောင် မလွဲမသွေ ကြိုးစားရမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

ထိုင်းဘာသာစကားနဲ့ ပြောကြားထားတဲ့ အဲဒီတွေ့ဆုံပွဲ အသံဖိုင်ကို နားထောင်တဲ့ ထိုင်းလူမျိုးတဦးက ဝန်ကြီးချုပ်ဟောင်း သပ်ဆင်နဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီး ဆာစီပရာဖါ တို့ ပြောဆိုစကားတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့စည်းရုံး သိမ်းသွင်းထားနိုင်ပြီလို့ အဓိပ္ပာယ်ရတဲ့ ပြောကြားချက် လည်းပါဝင်တယ်လို့ RFA ကိုပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမည်ရှေ့ကနေ ရင့်သီးတဲ့ အသုံးအနှုံးတခုလည်း ထိုင်းဘာသာနဲ့ ထည့်သွင်းခေါ်ဝေါ်ခဲ့ကြတယ်လို့ဆိုပါတယ်။

အဲဒီလို လှို့ဝှက်တွေ့ဆုံဖို့အတွက် ထိုင်း ဒုတိယ ကာကွယ်ရေးဝန်ကြီးဟာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇွန်လက ဟောင်ကောင်ကို သွားရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှီနာဝပ်က လက်ရှိ ထိုင်း ဝန်ကြီးချုပ်ဖြစ်တဲ့ သူ့ရဲ့ညီမ ယင်းလတ်ရှီနာဝပ်အနေနဲ့ ကာကွယ်ရေးဝန်ကြီးရာထူးကိုပါ ပူးတွဲရယူဖို့နဲ့ ဝန်ကြီးအဖွဲ့အတွင်း ရာထူးအပြောင်းအလဲတွေပြုလုပ်ဖို့ ညွန်ကြားခဲ့တဲ့အပြင် သူတို့ပြောဆိုစကားတွေထဲမှာ ထိုင်းဘုရင်မိသားစုအကြောင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အခုလို တွေ့ဆုံပွဲကို ပုဂ္ဂိုလ်တယောက်က လှို့ဝှက် အသံဖမ်းထားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှီနာဝပ်ဟာ ၂ဝ၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို အကြိမ်အတော်များများ သွားရောက်ခဲ့ပါတယ်။

သူဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ရက်တွေ အတွင်းက မေမြို့မှာ တစ်ညအိပ်ခရီးသွားရောက်တွေ့ဆုံပြီး အတူတကွ ရေကစားခဲ့ကြပါတယ်။ အဲဒီခရီးစဉ်မှာ သပ်ဆင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မေမြို့မှာတွေ့ဆုံခဲ့ကြတာလား၊ နေပြည်တော်မှာ တွေ့တာလားတော့ မသိရပါဖူး။

ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေရဲ့ ဝေဖန်ပြောကြားချက်ကို မသိရသေးပါဖူး၊ ဗိုလ်ချုပ်ကြီး ဆာစီပရာဖါ ကတော့မဟုတ်မမှန်ဖူးလို့ ငြင်းဆိုပါတယ်။

အဲဒီ လှို့ဝှက်ဖမ်းယူထားတဲ့ အသံဖိုင်ကို RFA က ရရှိထားပြီး ဖြစ်ပါတယ်။

ထပ်မံစုံစမ်းသိရှိရတဲ့ အချက်တွေကို တင်ပြမှာဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့