Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

'ဂေါတမမြတ်စွာဘုရားအလောင်းတော် အနောမဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း'

ယခုကျွန်တော်ရေးသားသည့် ဂေါတမမြတ်စွာဘုရားအလောင်းတော် အနောမဒဿီမြတ်စွာဘုရားရှင်
ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်းနှင့် တဆက်တည်းဖြစ်စေရန်အတွက် အနောမဒဿီမြတ်စွာဘုရားရှင်၏
ဗုဒ္ဓဝင်အကျဉ်းကိုပါ တပေါင်းတည်း ထည့်သွင်းထားပြီး ယင်းဘလော့ဂ်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာကာရိက
မင်းကွန်းဆရာတော်ကြီး ရေးသားသော မဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ ဒုတိယပိုင်းမှ ထုတ်နုတ်ထားခြင်းဖြစ်လေရာ
ယခုထက် ပြည့်စုံစွာသိရှိလိုပါက ထို မဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ ဒုတိယပိုင်း၌ လေ့လာဖတ်ရှုနိုင်ပါသည်
ဓမ္မမိတ်ဆွေများခင်ဗျာ။
ထိုသို့ မင်္ဂလမြတ်စွာဘုရား၊ သုမနမြတ်စွာဘုရား၊ ရေဝတမြတ်စွာဘုရား၊ သောဘိတမြတ်စွာဘုရား စသော
ဘုရားလေးဆူပွင့်တော်မူသည့် သာရမဏ္ဍကမ္ဘာကြီးသည် သောဘိတမြတ်စွာဘုရားရှင် ပွင့်တော်မူပြီးသည့်နောက်
ပျက်စီးပြီး ကြားကာလ၌ ဘုရားမပွင့်သော သုညကမ္ဘာ တစ်အသင်္ချေကို လွန်မြောက်ပြီးသောအခါတွင်
အနောမဒဿီမြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရား၊ နာရဒမြတ်စွာဘုရားဟူ၍ ဘုရားသုံးဆူပွင့်တော်မူသည့်
ဝရကမ္ဘာကြီးတွင် ပထမဦးဆုံးပွင့်တော်မူသည့် မြတ်စွာဘုရားရှင်မှာ အနောမဒဿီမြတ်စွာဘုရားရှင်ဖြစ်ပေသည်။
(ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တွင် ဧတဒဂ်ရတော်မူကြသော သာဝကကြီးများအနက်
အဂ္ဂသာဝကကြီးနှစ်ပါးနှင့် အရှင်ဗာကုလမထေရ်လောင်းတို့သည်
ယခုအနောမဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် အစဆုံးအနေနှင့် ဗျာဒိတ်ခံယူလျက် ပါရမီတော်တို့ကို
စတင်ဖြည့်ကျင့်ဆည်းပူးခဲ့လေသည်။ ထိုမထေရ်ကြီးသုံးပါးမှတပါး ကျန်သော သာဝကကြီးများမှာ
ကမ္ဘာတစ်သိန်းသာ ပါရမီဖြည့်ရလေသည်။)
အနောမဒဿီမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ၁၆
အသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်ကျင့်တော်မူပြီး နောက်ဆုံးဘဝတွင် ဘုရားဖြစ်ရန်အလို့ငှာ
တုသိတာနတ်ပြည်မှစုတေလျက် စန္ဒဝတီမင်းနေပြည်တော်ကို အစိုးရသော ယသဝါမင်းကြီး၏
မိဖုရားကြီးယသောဓရာထံတွင်
ပဋိသန္ဓေယူလိုက်သည်နှင့်တပြိုင်အနက် ရှေးကောင်းမှုအထူးနှင့် ပြည့်စုံတော်မူသော အလောင်းတော်၏
အာနုဘော်ကြောင့် မယ်တော်၏ကိုယ်ရောင်မှာ ပတ်ဝန်းကျင်အတောင် ၈၀
ထိကောင်းစွာပျံ့နှံ့လျက် နေရောင်လရောင်များပင် မတိုးပေ။ ၁၀ လွန်မြောက်သောအခါ သုစန္ဒနဥယျာဉ်တော်၌
အနောမဒဿီမင်းသားကို ဖွားတော်မူလေသည်။
အသက်တစ်သိန်းတမ်းတွင် ဖြစ်လျက် ထီးနန်းစည်းစိမ်ကို အနှစ် (၁၀၀၀၀) တစ်သောင်းပတ်လုံး
သီရိမာမိဖုရားကြီးနှင့် စံစားတော်မူရာ မိဖုရားကြီးမှ သားတော် ဥပဝါဏမင်းသားကို ဖွားတော်မူပြီး
နိမိတ်ကြီးလေးပါးကိုမြင်သောအခါ သံဝေဂပြင်းစွာရလျက် ရွှေထမ်းစင်စီးကာ တောထွက်ရဟန်းပြုတော်မူသော
အနောမဒဿီမင်းသားကို အတုလိုက်၍ သုံးကုဋေသော ယောက်ျားတို့သည်လည်း တောထွက်
ရဟန်းပြုကြလေသည်။ ထိုရဟန်းသုံးကုဋေအခြံရံရှိသော အလောင်းတော်ရဟန်းသည် ဒုက္ကရစရိယာကို ၁၀
လကြာအောင် ကျင့်ပြီးဘုရားဖြစ်မည့် နောက်ဆုံးနေ့ ကဆုန်လပြည့်နံနက်ပိုင်းဝယ် ပုဏ္ဏားရွာတရွာသို့
ဆွမ်းခံဝင်ရာ အနောပမာသူဌေးသမီးလှူဒါန်းသော နို့ဃနာဆွမ်းကို ဘုန်းပေးပြီးနောက်
ညနေချမ်းအခါသမယတွင် ဗောဓိမဏ္ဍိုင်(ထောက်ကြံပင်) ရှိရာအရပ်သို့ ရှေးရှုလျက်
တပါးတည်း ကြွသွားတော်မူရာတွင် လမ်းခရီးကြား၌ အနောမတက္ကတွန်းလှူဒါန်းသော မြက်ရှစ်ဆုပ်ကို
မဟာဗောဓိပင်ရင်းတွင် ဖြန့်ခင်းတော်မူပြီး နေမဝင်ခင် ဒေဝပုတ္တမာရ်ကို အောင်တော်မူလေသည်။
ဘုရားဖြစ်တော်မူသောအခါ ထက်ဝန်းကျင် ၁၂ ယူဇနာတိုင်အောင် ပကတိရောင်တော် ပျံ့နှံ့တော်မူသော
အနောမဒဿီမြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်(ထောက်ကြံ့) အနီးတွင်
သတ္တသတ္တာဟစံတော်မူပြီးနောက် ဗြဟ္မာမင်း၏ တရားဟောရန် တောင်းပန်ခြင်းကို ဝန်ခံလျက် တရားဦးဟောရန်
ကြည့်တော်မူရာ ကိုယ်တော်မြတ်နှင့် အတူတကွလိုက်၍ ရဟန်းဝတ်သော ဗောဓိပင်နှင့် ၁၈ ယူဇနာဝေးကွာသည့်
သုဘဝတီမြို့၊ သုဒဿနဥယျာဉ်၌ ရှိသည်ကိုမြင်သည်နှင့် ထိုအရပ်သို့ ကောင်းကင်ခရီးဖြင့်ကြွလျက် ဒွေ မေ
ဘိက္ခဝေ အစရှိသော ဓမ္မစကြာဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူလေသည်။
အနောမဒဿီမြတ်စွာဘုရားရှင်၏ အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါးမှာ နိသဘမထေရ်နှင့်
အနောမမထေရ်တို့ဖြစ်လျက် အလုပ်ကျွေးရဟန်းမှာ ဝရုဏမထေရ်ဖြစ်လေသည်။
သုံးလောကထွဋ်ထား အနောမဒဿီမြတ်စွာဘုရား ပွင့်တော်မူသောအခါ ဂေါတမမြတ်စွာဘုရား
အလောင်းတော်သည် စတုမဟာရာဇ်နတ်ပြည်တွင် တန်ခိုးကြီးသည့် နတ်ဘီလူးအပေါင်းကို အစိုးရသော
ဘီလူးစစ်သူကြီးဖြစ်နေလေရာ “မြတ်စွာဘုရားပွင့်ပြီ” ဆိုသောသတင်းကိုကြားသည်နှင့် မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍ ရတနာသုံးပါးကို ကြည်ညိုသော အလောင်းတော်သည် အလွန်တင့်တယ်သော ရတနာမဏ္ဍပ်ကြီးကို
ဖန်ဆင်းလျက် ဘုရားအမှူးရှိသော သံဃာတော်များစွာကို ၇ ရက်ပတ်လုံး ဆွမ်းဘောဇဉ်များဖြင့် ကပ်လှူလျက်
ကြီးစွာသော အလှူဒါနကိုပေးသောအခါ အနောမဒဿီမြတ်စွာဘုရားရှင်သည် အပိတ်ပင်အတားဆီးမရှိသော
အကန့်သတ်မရှိ သိမြင်တော်မူနိုင်သော အနာဂတ္တံဉာဏ်တော်တွင် ထင်မြင်လာသည့်အတိုင်း အလောင်းတော်
ဘီလူးစစ်သူကြီးအား “သင်သည် ဤကမ္ဘာမှနောက်ထပ် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း လွန်မြောက်သောအခါ
တခုသော ဘဒ္ဒကမ္ဘာတွင် ဂေါတမဆိုတဲ့ ဘွဲ့အမည်နဲ့ ငါကဲ့သို့ ဘုရားစင်စစ်ဖြစ်လိမ့်မည်” ဟု
ဗျာဒိတ်ပေးသောအခါတွင် အလောင်းတော် ဘီလူးစစ်သူကြီးသည်ကား “နောက်အခါတွင် ဘုရားဖြစ်မည့်
ငါသည် မေ့မေ့လျော့လျော့ မနေသင့်၊ ပါရမီတော်တို့ကို မဖြည့်ရပဲ သေလို့မဖြစ်” ဟု
သတိတရားလက်ကိုင်ထားလျက် ဝမ်းမြောက်ရွှင်လမ်းစွာဖြင့် ပါရမီဆယ်ပါး (အပြားသုံးဆယ်)

တို့ကို ကောင်းစွာဖြည့်ကျင့်တော်မူလေသည်။
(ပဒုမမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်းကို ဆက်ရန်)

သောဘိတမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့