Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

လုပ်အားပေးဆင့်ခေါ်သည့် ဆယ်အိမ်မှူးကို ILO တိုင်မည်ဟုဆို

 ထီးချိုင့်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော် မဟာဗျူဟာ လမ်းမကြီးဘေးရှိ တုံလုံကျေးရွာတွင် စာကြည့်တိုက် အဆောက်အအုံ ဆောက်လုပ်ရာတွင် ဆယ်အိမ်မှူးက လုပ်အားပေး ဆင့်ခေါ်ခဲ့ပြီး လုပ်အားပေး မလာရောက်သူများကို ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်စေခဲ့သည့်ကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO သို့ တိုင်ကြားရန် ပြင်ဆင်နေကြောင်း တုံလုံရွာသား ဦးနေဝင်းက ပြောကြားသည်။

ဂရိတ်ဝေါကုမ္ပဏီက သိန်း ၅၀ မတည် လှူဒါန်းထားသည့် စာကြည်တိုက် မြေဖို့ရန်အတွက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၇ နာရီ မှ ၉ နာရီအထိ လုပ်အားပေး ဆင့်ခေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ကျေးရွာဆယ်အိမ်မှူးတချို့ တာဝန်ပေးမရသည့် လူများကို ဒဏ်ငွေဆင့်သည်မျိုး ရှိနိုင်ကြောင်း ရပ်ရွာဖွံ့ဖြိုးရေးအတွက် အများ၏ သဘောထားအတိုင်း ဆောင်ရွက်ရာတွင် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရသည်များ ရှိကြောင်း ရွာတွင်အိမ် ၁၅၈ အိမ်ခန့်ရှိပြီး ဆယ်အိမ်မှူး ၁၆ ဦး ခန့်ရှိကြောင်း တုံလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောကြားသည်။

“ရပ်ရွာကောင်းဖို့အတွက် လုပ်တဲ့နေရာမှာ ကန့်လန့်တိုက်ချင်တဲ့လူတွေလည်း ရှိတတ်တယ်”ဟု ၎င်းကဆိုသည်။

ကြံ့ခိုင်ရေးပါတီရုံး ဆောက်လုပ်ရာတွင် လုပ်အားပေးခေါ်သည့် သတင်းမှာ မမှန်မကန်ဘဲ ဂရိတ်ဝေါကုမ္ပဏီက ပံ့ပိုးသည့်ငွေဖြင့် စာကြည့်တိုက်ဆောက်ခြင်းသာ ဖြစ်ကြောင်း တုံလုံကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဇော်မျိုးဦးက ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့