Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် ၉၀ ရာခိုင်နှုန်းခန့် အမိုးအကာအောက် ရောက်ရှိနေပြီဖြစ်


ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပြည်သူတွေကို နိုင်ငံတော် အစိုးရ အနေနဲ့
အမိုးအကာအောက် ရောက်ရှိရေး ဆောင်ရွက် လျက်ရှိရာ အခုအခါ မှာတော့ ၉၀ ရာခိုင်နှုန်းခန့်ကို အမိုးအကာအောက် ရောက်ရှိအောင် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ အရ သိရပါတယ်။
 
ယခုလို ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်တွေကို အမိုးအကာအောက် ရောက်ရှိအောင် ပြုလုပ်နိုင်မှုဟာ နိုင်ငံတော် အစိုးရနဲ့ ပြည်ပနိုင်ငံတွေရဲ့ အကူအညီ တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံတော်မှ ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရှိစေဖို့ ဆောင်ရွက် လျက်ရှိရာ နိုင်ငံတော် အစိုးရ ဘဏ္ဍာငွေနဲ့ အိမ်တန်းလျား ၉၈၉ လုံး ဆောက်လုပ် ပေးနေတာဖြစ်ပြီး ၅ လုံးသာ ပြီးစီးဖို့ ကျန်ရှိနေ သေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုံးချင်းအိမ် ၁၂၄၂ လုံး ကိုလည်း ဆောက်လုပ် ပေးနေပြီး ၂၃ လုံးသာ ဆောက်လုပ်ဖို့ ကျန်သေးတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး  စာသင်ကျောင်း ၃၄ ကျောင်းလည်း ဆောက်လုပ် ပေးနေပြီး ပြီးစီးဖို့ အတွက် စာသင်ကျောင်း ၈ ကျောင်းသာ ကျန်ရှိနေသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ကုလသမဂ္ဂ အဖွဲ့အစည်းများ မှလည်း အိမ်တန်းလျား ၅၆၄ လုံး ဆောက်ပေး လျက်ရှိပြီး ၂၁၆ လုံးပြီးစီးဖို့ ကျန်ရှိနေသေး တယ်လို့ သိရပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP မှလည်း ဒုက္ခသည် စခန်းများ အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့ အမေရိကန် ဒေါ်လာ ၆ သိန်းခန့်ကို အသုံးပြုခဲ့ပြီး စားနပ်ရိက္ခာ ၁၅၁၅ တန်ကို ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် WFP ရဲ့ သိုလှောင်ရုံများမှာ ရိက္ခာ တန်းချိန် ၂၁၀၀ ကို သိုလှောင် ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
ဆက်လက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း များမှ မီးဖိုချောင် အသုံးအဆောင် အမျိုးမျိုး ၆၈၁၈ စုံနဲ့ မိုးရေကာဖျင် အချပ်ပေါင်း ၂၄၁၂ ကိုလည်း ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များ အတွက် ပံ့ပိုးပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတော် အစိုးရ အနေနဲ့ ယခုကျန်ရှိ နေသေးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ကိုလည်း မကြာမီ အချိန် အတွင်း ပြီးစီးဖို့ ဆောင်ရွက် လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့