Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

ဥပဒေများကို လိင်လုပ်သားများ နားလည် ကျွမ်းဝင်ရန်လိုဟု လွှတ်တော်ကိုယ်စားလှယ် ပြောဆို

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ရန်ကုန်၊ ဇူလိုင် ၃၀

အကြောင်းအမျိုးမျိုးကြောင့် လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသည့် လိင်လုပ်သားများ (Sex Worker) အနေနှင့် သက်ဆိုင်ရာ ဥပဒေများကို နားလည် ကျွမ်းဝင်ရန် လိုအပ် ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

လိင်လုပ်သား အများစုသည် ပြည့်တန်ဆာ တားဆီး နှိပ်ကွပ်ရေး ဥပဒေတွင် ပါဝင်သော အချက်အလက်များကို သေချာစွာ မသိရှိခြင်းတို့ကြောင့် မတရား ဖမ်းဆီးခံရမှုများရှိကြောင်း၊ ဥပဒေကို ကျော်လွန်ကာ ဖမ်းဆီးခံ ရလျှင် ပြန်လည် ချေပနိုင်ရန်အတွက် ဥပဒေများကို လေ့လာထားရန် လိုအပ်ပြီး သတ္တိရှိစွာ ရင်ဆိုင် ဖြေရှင်းသင့်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့က Excel Treasure Tower တွင် ကျင်းပသည့် Sex Worker in Myanmar (SWiM) ကွန်ရက်၏ နှစ်ပတ်လည် အစည်းအဝေးတွင် ၎င်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“မတတ်သာလို့ ဒီလုပ်ငန်း လုပ်မယ်ဆိုရင်လည်း ကိုယ့်ကို ဘယ်လို ဥပဒေတွေနဲ့ အရေးယူလို့ ရတယ် ဆိုတာကို လေ့လာထားဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေပါ စာသားများသည် ရှုပ်ထွေးသဖြင့် နားလည်ရန် ခက်ခဲကြောင်း၊ တရားဝင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို စီးပွားဖြစ် လုပ်ကိုင်ရန် တောင်းဆိုခြင်း မဟုတ်ဘဲ ကျန်းမာရေး စောင့်ရှောက်မှုများကို တရားဝင် ရရှိစေရန်အတွက် တောင်း ဆိုခြင်း၊ ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေ အဟောင်းများကို အသစ် ပြန်လည် ပြင်ဆင်ပေးစေလိုခြင်းတို့ကြောင့် တောင်းဆို ရခြင်း ဖြစ်ကြောင်း SWiM ကွန်ရက်၏ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြား သည်။

ပွင့်လင်းလာသည့် နိုင်ငံရေး အခြေအနေများအရ နိုင်ငံတကာမှ ဝင်ရောက်လာမည့် လိင်လုပ်ငန်းများ နှင့် ပတ်သက်၍ ခေါင်းပုံဖြတ်မှုများကို ခုခံနိုင်ရန်၊ ပြည့်တန်ဆာများသည် ပျောက်ကွယ်ရန်မှာ မဖြစ်နိုင် သဖြင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ တားဆီး နှိပ်ကွပ်ရေး အက်ဥပဒေကို ခေါင်းစဉ်ကစပြီး ပြောင်းလဲကာ အသစ် ပြန်လည် ရေးဆွဲသင့်ကြောင်း၊ အဆိုပါ ဥပဒေကို ရေးဆွဲနိုင်ရန် လိင်လုပ်သားများ၏ အခက် အခဲကို အသေးစိတ် သိရှိနိုင်ရန် နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

“သူတို့လည်း လူသားတွေပဲမို့လို့ ဥပဒေအရ အကာအကွယ် ပေးသင့်ပါ တယ်။ ပြည့်တန်ဆာတွေကို တရားဝင် ခွင့်ပြုဖို့ မဟုတ်ပါဘူး။ ခေတ်နဲ့ လျော် ညီတဲ့ ဥပဒေကို အသစ် ပြန်လည် ရေးဆွဲဖို့ပါ။ အမျိုးသမီးကိုပဲ အရေးယူတာ မဟုတ်ဘဲ အမျိုးသားတွေကိုပါ အရေးယူနိုင်ဖို့ပါ” ဟု ၎င်းက ရှင်းပြသည်။

ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီးရာတွင် အသွင်ယူကာ ဖမ်းဆီးမှု များကို ရှောင်လွှဲဖို့ မရကြောင်း၊ အတူ ဖမ်းဆီးခံရသည့် သက်သေကို တရားရုံးအထိ ခေါ်ယူ စစ်ဆေးခြင်းမရှိဘဲ လိင်လုပ်သားများ ထောင်ချ ခံနေရကြောင်း၊ ယခင်က ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခဲ့သူများက လက်ရှိတွင် လုပ်ကိုင်ခြင်း မရှိသော်လည်း ကျော်စောမှု ပုဒ်မ ၃ (ခ) ဖြင့် လည်း ဖမ်းဆီးခံနေရကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် လာသည့် လိင်လုပ်သားများက ပြောဆိုသည်။

နေ့စဉ် စားသောက်ကုန်ကဲ့သို့ အမျိုးသားများအတွက် လိုအပ်ချက် ဖြစ်နေ ဦးမည်ဆိုပါက လိင်လုပ်ငန်း ဝန်ဆောင်မှု ပျောက်ကွယ်ရန် လုပ်ဆောင်နိုင် မည် မဟုတ်ကြောင်း၊ လိင်လုပ်ငန်း လောကထဲသို့ ရောက်ရှိပြီးသော လုပ်သားများကို အခွင့်အရေးများ နစ်နာမှုများ မရှိစေရန် လာရောက် ကူညီပေးခြင်း ဖြစ်ကြောင်း အဆိုပါ ကွန်ရက်၏ အကြံပေး အဖွဲ့ဝင် အမျိုးသမီး တစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ပြဋ္ဌာန်းထားသည့် ပြည့်တန်ဆာ တားဆီး နှိပ်ကွပ်ရေး ဥပဒေကို ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စု လွှတ်တော် တွင် မေးမြန်းခဲ့ရာ ယင်းဥပဒေကို ဖျက်သိမ်းရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးက ပြန်လည် ဖြေကြား ခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့