Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

မြေယာဥပဒေများ ပြန်လည်ရေးဆွဲဖို့ လယ်သမားများ တောင်းဆို

 ၂ဝ၁၂ ခုနစ်မှာ ရေးဆွဲပြဌာန်းခဲ့တဲ့ မြေယာဥပဒေတွေ နဲ့ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေတွေကို တောင်သူ လယ်သမားတွေရဲ့ အကျိုးစီးပွားနဲ့အညီ ပြန်လည်ရေးဆွဲ ဖို့နဲ့ လယ်ယာမြေ အငြင်းပွားမှု ပြသနာတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်သူလယ်သမား အစည်းအဝေးကနေ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းရုံးခန်းအနီး ဓမ္မပီယကျောင်းတိုက်မှာ နှစ်ရက်ကြာ တောင်သူ လယ်သမား အစည်းအဝေး ပြုလုပ်ကျင်းပခဲ့တာပါ။ တက်ရောက်လာခဲ့ကြတဲ့ လယ်သမားတွေရဲ့ သဘောထားတွေကိုစုစည်းပြီး ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက် တောင်သူ လယ်သမားရေးရာ တွဲဘက်တာဝန်ခံ ကိုမျိုးသန့်က အခုလို ပြောပါတယ်။

“မနေ့က ဆွေးနွေးချက်တွေအပေါ်မှာ ကျနော်တို့ပြန်ပြီးတော့ ခြုံငုံသုံးသပ်ပြီးတော့ အချက် ၇ ချက် သဘောတူထုတ်ပြန်နိုင်ခဲ့ပါတယ်၊ မြေလွတ်မြေရိုင်းဥပဒေတွေကို ထည့်သွင်းပြောထားပါတယ်၊ အားလုံးပါဝင်နိုင်တဲ့အချက်တွေနဲ့ စာတမ်းပြုစုဖို့ရှိပါတယ်၊ အဲဒီစာတမ်းကို လွှတ်တော်ကို တင်သွင်းပါမယ်”

ဒီကြေငြာချက်မှာ တောင်သူလယ်သမားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်သူတွေကို ဖမ်းဆီးတာတွေ ရပ်ဆိုင်းပေးဖို့၊ မြေယာလျော်ကြေးတွေ ပေးအပ်ရာမှာ တောင်သူလယ်သမားတွေထံ တိုက်ရိုက်ပေးအပ်ဖို့ ၊ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ သဘောထားတွေကိုရယူပြီး ပွင့်လင်းမြင်သာမှုရှိရှိ အကောင်ထည်ဖော်ဖို့၊ မြေလွတ်မြေလပ်မြေရိုင်းတွေကိုဖော်ထုတ်ပြီး ကျေးလက်နေပြည်သူတွေကို ဦးစားပေးလုပ်ကိုင်ခွင့်ပြုဖို့စတဲ့ အချက်တွေပါဝင်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့