Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 15 August 2013

မုံရွာမြို့ပေါ်တွင် နံပါတ်တပ်ဆင်ထားခြင်းမရှိသော ဆီသယ်ယာဉ်ကြီးများ လွတ်လပ်စွာ ဖြတ် သန်းသွားလာလျက်ရှိ



မုံရွာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ဥဒဟို သွားလာလျက်ရှိသော ကျောက္ကာလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်ကြီးများ မ၀င်ရဟု ဆိုသော်လည်း ၁၂ ဘီးတပ်ဆင်ထားရှိပြီး ယာဉ်နံပါတ်တပ်ဆင်ထားခြင်းမရှိ သော လောင်စာဆီသယ်ယာဉ်ကြီးများ လွတ်လပ်စွာ ဖြတ်သန်းသွားလျက်ရှိနေသည့်အတွက် ယာဉ်တိုက်မှုတစ်စုံ တစ်ရာဖြစ်ပွားပေါ်ပေါက်လာပါက ယာဉ်နံပါတ်မှတ်သားရန် အလွန်ခက်ခဲလျက်ရှိကြောင်း စီးပွားရေး တက္ကသိုလ် ကျောင်းသားတစ်ဦးမှ ပြောပြသည်။

“ အဲ့ဒီ ဆီကားတွေက အရှိန်ပြင်းစွာနဲ့ တဟုန်ထိုးမောင်းတယ်။ ယာဉ်တိုက်မှုဖြစ်လို့ နံပါတ်မှတ်ထားလိုက် မယ်ဆိုရင်လည်း အဲ့ဒီကားတွေက နံပါတ်တပ်ဆင်ထားတာ မရှိဘူး။ ယာဉ်နံပါတ်မပါဘဲ အခုလို သွားလာမောင်းနင် နေတာကို သက်ဆိုင်ရာမှ တားမြစ်ပေးစေခြင်ပါတယ်..” ဟု ၎င်း ကျောင်းသားမှ ဆက်လက်၍ ပြောသည်။

အဆိုပါ ကျောက္ကာလမ်းမကြီးသည် တက္ကသိုလ်နယ်မြေကြီး၏ ဗဟိုချက်နေရာတွင် တည်ရှိပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဥဒဟိုသွားလာလျက်ရှိသော ယာဉ်ကြောရှုပ်ထွေးလှသည့် လမ်းမကြီးဖြစ်သည်။ ယခင်က ထိုလမ်းမကြီးပေါ်တွင် ၁၂ တန်အထက်ယာဉ်ကြီး မ၀င်ရဟု သတ်မှတ်ပြဌာန်းခဲ့သဖြင့် ၎င်း ယာဉ်ကြီးများ သည် မြို့ရှောင်လမ်းမှတဆင့် ဖြတ်သန်းသွားလာခဲ့ရကြောင်း သိရသည်။

ကျောက္ကာရေနံချက်ဖိုများရှိရာသို့ ၁၂ ဘီးတပ် လောင်စာဆီသယ်ယူပို့ဆောင်လျက်ရှိသည့် ဆီသယ်ယာဉ်ကြီး များသည် ယာဉ်နံပါတ် တပ်ဆင်ထားခြင်းမရှိသော်လည်း အဆိုပါ ၁၂ တန်အထက်ယာဉ်ကြီးများ မ၀င်ရဟု ပြဌာန်း ထားသော ဇလုပ်အ၀ိုင်း၏ အနောက် ကျောက္ကာလမ်းတလျောက် အရှိန်ပြင်းစွာ နေ့စဉ်ဖြတ်သန်းမောင်းနင်နေမှု ကြောင့် ယာဉ်တိုက်မှုအန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပွားပေါ်ပေါက်လာမည်ကို တက္ကသိုလ် ကျောင်းသားများမှ စိုးရိမ် ပူပန်နေရခြင်းဖြစ်ကြောင်း သိရသည်။

စက်သုံးဆီသယ်ယူပို့ဆောင်ရေးသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် အလွန်အရေးပါးသည့် အဓိ က လိုအပ်ချက်ကြီး တစ်ရပ်ဖြစ်သော်လည်း အများသူငှာ ၀င်းထွက်သွားလာလျက်ရှိသည့် လမ်းမကြီးများပေါ်တွင် လုပ်ငန်းသုံးပြေးဆွဲသည့်အခါ ၎င်း ယာဉ်ကြီးများ အနေဖြင့် ယာဉ်နံပါတ်တပ်ဆင်ထားခြင်းမရှိသည့်အတွက် ယာဉ် စည်ကမ်း လမ်းစည်းကမ်းများကို မျက်ဝါးထင်ထင် ချိုးဖောက်နေခြင်းဖြစ်သော်လည်း ယနေ့အထိ သက်ဆိုင်ရာမှ တားမြစ် ကန့်သတ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအရ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း တက္ကသိုလ် တွဲဘက်ပါမောက္ခတစ်ဦးမှလည်း ပြောပြသည်။

“ ယာဉ်ကြီး မ၀င်ရဟု သတ်မှတ်ထားရင် အဲ့ဒီ စည်းကမ်းကို ယာဉ်ကြီးသမား အားလုံးက လိုက်နာရပါ့မယ်။ မြို့ရှောင်၊ မြို့ပတ်လမ်းကြီး ပျက်စီးနေတယ်၊ သွားလာရတာအဆင်မပြေဘူး ဆိုရင်လည်း အဲ့ဒီ မြို့ရှောင်လမ်း မောင်း ယာဉ်သမားတွေက သက်ဆိုင်ရာကို ရဲရဲဝံ့ဝံ့ တင်ပြရဲဖို့လိုအပ်ပါလိမ့်မယ်..မြို့ရှောင်လမ်းက အဆင်မပြေလို့ မြို့တွင်း ကန့်သတ်လမ်းတွေက ဖြတ်သန်းမောင်းနင်းနေတာဟာ စည်းကမ်းကို နှစ်ဆင့် ချိုးဖောက်ခြင်းပဲဖြစ်ပါ တယ်” ဟု အဆိုပါ တွဲဘက်ပါမောက္ခမှ ဆက်လက်၍ ပြောပြသဖြင့် သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့