Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 14 August 2013

အစိုးရဝန်ကြီးဌာနတွေ ကတိမတည်တာ လွှတ်တော် ကိုယ်စားလှယ်များဝေဖန်

 အစိုးရဝန်ကြီးဌာနတွေဟာ ပေးထားတဲ့ကတိအတိုင်း အကောင်အထည်ဖေါ် ဆောင်ရွက်မပေးခြင်းဟာ ဘဏ္ဍာငွေ အခက်အခဲကြောင့်မဟုတ်ပဲ ဝန်ကြီးဌာနတွေရဲ့ တာဝန်မကျေပွန်မှုနဲ့ ပေါ့လျော့မှုတွေကြောင့်သာ ပေးထားတဲ့ကတိတွေကို အလေးအနက်မထားတာဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့တဲ့ အစိုးရရဲ့ အာမခံချက်များနဲ့ ကတိကဝတ်များ စီမံခန့်ခွဲမှု ကော်မတီရဲ့ အစီရင်ခံအပေါ် ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းဝေးမှာ ဆွေးနွေးခဲ့ကြရာမှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဝင်ရောက်ဆွေနွေးခဲ့ကြပါတယ်။

ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းက ဝန်ကြီးဌာနတွေရဲ့ ပေးထားတဲ့ ကတိပျက်ကွက်မှုတွေကို တင်ပြခဲ့တယ်လို့ အခုလိုပြောပါတယ်။

“အချို့သောလုပ်ငန်းလက်ကျန်များအား ဘဏ္ဍာငွေ အခက်အခဲကြောင့်မဟုတ်ဘဲ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများရဲ့ တာဝန်မကျေပွန်မှု၊ ပေါ့လျော့မှု၊ ပေးထားတဲ့ကတိကို အလေးအနက်မထားမှုတို့ကြောင့်ဖြစ်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြောကြားချက်အရ သိရှိရပါတယ်”

ဒီအစီရင်ခံစာကို ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းဝေးမှာ တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ လွှတ်တော်မှာ ဆွေးနွေးတာပါ။

အစိုးရဝန်ကြီးဌာနတွေအနေနဲ့ ပေးခဲ့တဲ့ကတိကဝတ်တွေကို တည်နိုင်အောင် ဆောင်ရွက်သင့်သလို မဆောင်ရွက်နိုင်ရင် သက်ဆိုင်ရာဌာနတွေကို အရေးယူအပြစ်ပေးနိုင်မယ့် နည်းလမ်းတစ်ရပ်ကို လွှတ်တော်က စဉ်းစားသင့်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က RFA ကို ပြောပါတယ်။

“အစိုးရတွေရဲ့ ကတိကဝတ်ကော်မတီဆိုတာ လွှတ်တော်မှာ အင်မတန်အရေးကြီးတဲ့ အမြဲတမ်း ကော်မတီလေ၊ အဲဒီတော့ ဒီကော်မတီမှာ ကတိကဝတ်ပြုတဲ့ဟာတွေကို အစိုးရကလုပ်ရမှာ၊ ကတိကဝတ်ကော်မတီမှာ ကတိပေးထားတဲ့အချက်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသအစိုးရတွေက လိုက်နာအကောင်အထည်ဖော်ဖို့လိုတယ်၊ ကတိကဝတ်ပြုပြီးသားဟာကို နှစ်နဲ့ချီပြီးတော့ အကောင်အထည်မဖော်ဘူးဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေက ထိရောက်တဲ့အရေးယူနိုင်တဲ့ နည်းလမ်းတစ်ရပ်ကို လွှတ်တော်ကစဉ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်”

အစိုးရရဲ့ အာမခံချက်များ ကတိများနဲ့ တာဝန်ခံချက် စိစစ်ရေးကော်မတီက တင်သွင်းတဲ့ အစီအရင်ခံစာကို ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့