Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်

 မန္တလေးမြို့၌ ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၁ နာရီ ၁၃မိနစ် ၂၈ စက္ကန့်မှ စတင်၍ အင်အားအနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တိုက် လှုပ်ခတ် ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။

အဆိုပါနေ့ ည ၁၁ နာရီ ၁၃ မိနစ် ၂၈ စက္ကန့်၌ မန္တလေးမြို့ မိုးလေဝသ တိုင်းထွာရေး စခန်းမှ အရှေ့တောင်ဘက် မိုင် ၂၀ ဒသမ ၆၅ မိုင် အကွာ၌ အင်အား ၄ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ ငလျင် လှုပ်ခဲ့ကြောင်း၊ ယင်းငလျင် လှုပ်ပြီး ၁၂ စက္ကန့်အကြား ည ၁၁ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်တွင် အင်အား ၄ ဒသမ ၄ ရစ်ခ်ျတာစကေးရှိ ဒုတိယ ငလျင်သည် မန္တလေးမြို့ မိုးလေဝသ တိုင်းထွာရေး စခန်းမှ မိုင်၂၇ ဒသမ ၅၃၀ မိုင် အကွာ၌ လှုပ်ခဲ့ကြောင်း အဆိုပါ ဌာန၏ တိုင်းထွာချက်များအရ သိရသည်။

ယင်းငလျင်များသည် အင်အား အနည်းငယ်ရှိ ငလျင်ဖြစ်၍ စိုးရိမ်ဖွယ် မရှိကြောင်း၊ ယခုလှုပ်ခတ် ခဲ့သော ငလျင်သည် စစ်ကိုင်းတိုင်းဒေသ ကြီး ရွှေဘိုမြို့သို့ ဦးတည် လှုပ်ခတ်ခဲ့သော ငလျင် နောက်ဆက်တွဲ ငလျင် မဖြစ်နိုင်ကြောင်း၊ ရှေးယခင်က ငလျင်များ အများစု၌ ရှေ့ပြေးအနေနှင့် အင်အား အနည်းငယ်ရှိ ငလျင်များ လှုပ်ခတ်တတ်လေ့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ငလျင်ဆိုင်ရာ မိုးလေဝသ ပညာရှင်က ဆိုသည်။

“ငလျင်လှုပ်သွားတာ သိတော့ သိလိုက်တယ်။ ပထမတစ်ကြိမ် လှုပ်တော့ အိမ် အောက်ထပ်က ခုန်လိုက်တာမျိုး အိမ်က ဒုန်းဒုန်းဆို လှုပ်သွားတယ်။ နောက် ဒုတိယအကြိမ် လှုပ်တော့မှ ငလျင် လှုပ်တယ်ဆိုပြီး သတိထားမိတာ။ ကြောက်လို့ ကြမ်းပြင်ပေါ် ဝပ်နေခဲ့တယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်နေ အသက် ၂၀ ခန့်ရှိ တက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေဘိုမြို့အနီး ၁၅ မိုင်ခန့် အကွာကို ဦးတည်ကာ အင်အား ရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ကျောင်းများ၊ စေတီ ပုထိုးများ ပြိုပျက်ခဲ့ သည်။

ငလျင်လှုပ်ခတ်မှု ၄ ရစ်ခ်ျတာစကေးကျော် ရှိပါက အင်အား အနည်းငယ်ရှိ ငလျင်ဖြစ်၍ စိုးရိမ်ဖွယ် မရှိကြောင်း၊ ငလျင် လှုပ်ခတ်မှု ၅ ရစ်ခ်ျတာစကေးနှင့် အထက် ဖြစ်ပါက အင်အား အသင့်အတင့်ရှိ ငလျင်ဖြစ်၍ အဆောက်အအုံ များ အက်ကွဲမှု ဖြစ်နိုင်ကြောင်း၊ ငလျင် လှုပ်ခတ်မှု ၆ ရစ်ခ်ျတာ စကေးနှင့် အထက် ဖြစ်ပါက အင်အားပြင်း ငလျင်ဖြစ်၍ အဆောက်အအုံများ ပြိုကျနိုင်သည့်အဆင့် ရောက်ရှိမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့