ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းက အကျယ် ၃ ဧကကျော်ရှိတဲ့ မြို့မအားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဟိုတယ်ဆောက်လုပ်ဖို့ စီစဉ်နေတဲ့အတွက် ဒေသခံတွေက မကျေနပ်တာကြောင့် ဒီနေ့နေ့လည်ပိုင်းက ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ သရက်တောကျောင်းတိုက်မှာ ဆွေးနွေးပွဲကျင်းပပြီး ကန့်ကွက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်ပြည်နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ အရှင်ဂမ္ဘီသာရက RFA ကို ပြောပါတယ်။
“၁၉၄၇ တုန်းက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ကရင်ပြည်နယ်ကို စည်းရုံးရေးလာတုန်းက ဗိုလ်ချုပ်မိန့်ခွန်းပြောခဲ့တဲ့၊ ဘားအံမြို့ စတည်ကတည်းကရှိခဲ့တဲ့ ဘားအံမြို့ မြို့မအားကစားကွင်းမှာ ကုမ္ပဏီတွေက ဟိုတယ်ဆောက်လုပ်ဖို့အတွက် ဦးဇင်းတို့ ကန့်ကွက်ဖို့အတွက် အစည်းအဝေးပြုလုပ်တာပါ၊ အခုလောလောဆယ်တော့ ကွင်းပတ်ပတ်လည်မှာ သွပ်ပြားတွေနဲ့ ကာပြီးတော့အထဲမှာ အုတ်တွေ၊ သဲတွေ၊ သံချောင်းတွေပုံတယ်၊ နောက်ပြီးတော့ ဖောင်ဒေးရှင်းအတွက် မြေကြီးတွေတူးနေပြီ၊ ဒါကိုသဘောမတူဘူး၊ ကန့်ကွက်ကြောင်း ဦးဇင်းတို့ လက်မှတ်ထိုးပြီးတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီ ပို့ပေးမှာပါ”
အခုပြုလုပ်တဲ့ ဆွေးနွေးပွဲကို ကရင်ပြည်နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်အပါအဝင် မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းပေါင်း ၄ဝ ကျော်က ကျောင်းထိုင်ဆရာတော်အပါး ၄ဝ ကျော်နဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ အဲဒီဟိုတယ်စီမံကိန်းကို ကန့်ကွက်ကြောင်း လက်မှတ်တွေကို စုပေါင်းရေးထိုးခဲ့ကြပြီး ရရှိတဲ့လက်မှတ်တွေကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီပို့မှာဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment