Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 April 2012

၂၀၁၂ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သတင်းနှင့် မြင်ကွင်းများ

tg11
၂၀၁၂ ခုနှစ်မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်အသီးသီး၌ အနုပညာရှင်များနှင့် အတူဖွင့်ပွဲများ အသီးသီးကျင်းပခဲ့ပြီး ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားများပြားခဲ့သည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် လည်းတင်ဆက်ခဲ့ကြသည်ဟု သတင်းရရှိသည်။ ရန်ကုန်မြို့၏ ရေကစားမဏ္ဍပ် အများစုကို မွန်းလွဲပိုင်းမှသာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကိုသာ နံနက်အစောပိုင်းတွင် ပထမ ဆုံးဖွင့်လှစ်ခဲ့ခြင်းကြောင့် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် ရေပက်ခံထွက်သူများ အတန်ငယ်နည်းပါးခဲ့သော်လည်း မွန်းလွဲပိုင်းမှစတင်ကာ ရေကစားမဏ္ဍပ်များတည်ရှိသည့် ကန်တော်ကြီးပတ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း အပါအ၀င် နေရာအသီးသီး၌ စည်ကားများပြားခဲ့သည်ဟု သိရှိရသည်။

အစဉ်အလာမပြတ်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်

tg22
ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်ကို သင်္ကြန်အကြိုနေ့ နံနက် ၇နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြသည်။ ဌာနဆိုင်ရာအသီးသီးမှ ယိမ်းအကအ ဖွဲ့များ၊ အနုပညာရှင်များ၊ အမေများအကအဖွဲ့၊ မမများအကအဖွဲ့တို့က အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီးနောက် ရေကစားမဏ္ဍပ်ကိုစတင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်သို့ သံရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများလည်း လာရောက်ခဲ့ကြသည်ဟု သိရှိ ရသည်။

မဏ္ဍပ်များကို မွန်းလွဲပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့


မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တစ်ခုတည်းသာ ဖွင့်လှစ်ခဲ့ပြီးနောက် ကျန်မဏ္ဍပ်များမှာ မီးစက်များ၊ ရေပိုက်များဖြင့် စမ်းသပ်ရင်း ဖြတ်သန်းခဲ့ကာ ရေပက်ခံထွက်သူများလည်း နည်းပါးခဲ့သည်။ မွန်းလွဲ ၁နာရီ ၀န်းကျင်ခန့်တွင်မူ ရေကစား မဏ္ဍပ်အသီးသီးနှင့် ဘေးပတ်ဝန်းကျင်တွင် ရေကစားရန် လာရောက်သူများ၊ ရေပက်ခံထွက်သူများနှင့် လာရောက်ကြည့်ရှုသူများဖြင့် စတင်စည်ကားများပြားနေခဲ့သည်။ မဏ္ဍပ်အများအပြား တည်ရှိရာ လမ်းများတစ်လျောက်တွင် ဈေးဆိုင်တန်းများ ပြည့်နှက်နေသည်ကို တွေ့မြင်ရပြီး လက်ကိုင်ဖုန်း ရေစိုခံအိတ်များလည်း အရောင်းသွက်ကာ ဈေးနှုန်းများ မြင့်တက်သွားသည်ကို တွေ့မြင်ရသည်။

မဏ္ဍပ်အများဆုံးတည်ရှိရာ ကန်တော်ကြီးပတ်လမ်း

TG1-3

ယခုနှစ် မဏ္ဍပ်ဆောက်လုပ်မှုတွင် ရေကစားမဏ္ဍပ်အများဆုံးတည်ရှိပြီး မဏ္ဍပ်အကြီးများလည်း ပါဝင်သည့် ကန်တော်ကြီး ကန်ပတ်လမ်းကို တစ်လမ်းမောင်းစနစ်အဖြစ် သတ်မှတ်ထားသည်ကိုလည်း တွေ့မြင်ရသည်။ သင်္ကြန်အကြိုနေ့ ဖြစ်သော် လည်း တန်းစီသူ ရေပက်ခံအများအပြားရှိသည်ကို တွေ့မြင်ရသည်။ ကန်ပတ်လမ်းအတွင်းတွင် နှစ်စဉ်ဆောက်လုပ်မြဲဖြစ်သည့် ရေကစားမဏ္ဍပ်များကို သုံးဆင့်၊ လေးဆင့်စသည်ဖြင့် တည်ဆောက်ထားသည်ကို တွေ့မြင်ရ ပြီး သင်္ကြန်အကြိုနေ့ဖြစ်ခြင်းကြောင့် လာရောက်ရေကစားသူ အတန်ငယ် နည်းပါးနေသည်ကိုလည်း တွေ့မြင်ရသည်။ ကန်ပတ်လမ်းတွင် အနုပညာရှင်များဖြစ်သည့် သရုပ်ဆောင် ဖွေးဖွေး၏ 'Road Runner' ရေကစား မဏ္ဍပ်၊ သရုပ်ဆောင်နန်းသူဇာနှင့်  အဆိုတော် ကျော်ထွဋ်ဆွေတို့၏ '၆၉.၄' မဏ္ဍပ်၊ သရုပ်ဆောင်မောင်၏ 'Blizzard'မဏ္ဍပ်တို့လည်း တည်ရှိကြသည်။ ကန်တော်ကြီးမျှော်စင်ကျွန်းအတွင်းတွင် Grand Royal သင်္ကြန်အဖြစ်  Iron Cross Band ၏ဖျော်ဖြေမှုကို မွန်းလွဲ ၃နာရီအချိန် တွင်စတင်ဖွင့်လှစ်ခဲ့သည်။ ပထမ ဦးစွာသီဆိုမှုအဖြစ် ၀ိုင်ဝိုင်းကစတင်ခဲ့ပြီးနောက် မျိုးကြီး၊ အငဲ၊ လေးဖြူ တို့ကဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၀င်ကြေး၅၀၀ကျပ်ဖြင့်  Iron Cross အဖွဲ့သားများ၏ ဖျော်ဖြေမှုကို ကြည့်ရှု ခွင့်ရရှိခြင်းကြောင့် ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူ ပရိသတ်များပြားခဲ့သည်ကိုလည်း တွေ့မြင်ရသည်။



ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခုပါဝင်သည့် ကမ္ဘာအေးဘုရားလမ်း


TG1-5

ရန်ကုန်မြို့ကမ္ဘာအေး ဘုရားလမ်းတွင် မဏ္ဍပ်ဆယ်ခုဝန်းကျင်ရှိပြီး ဖျော်ဖြေရေးမဏ္ဍပ်များအဖြစ် Naing Group မဏ္ဍပ်နှင့် S.I.R မဏ္ဍပ်တို့ပါဝင်ခဲ့သည်။ Naing Group မဏ္ဍပ်ဖွင့်ပွဲကို မွန်းလွဲ ၃နာရီတွင် ပြုလုပ်ခဲ့ပြီး သရုပ်ဆောင် အနုပညာရှင်များဖြစ်ကြသည့် ဆောင်းဦးလှိုင်၊ စည်သူလွင်၊ Snare လူမင်း၊ သက်မွန်မြင့်၊ မိုးယုစံ၊ နေခြည်လင်းလဲ့၊ Nကိုင်ရာ၊ ရှင်ဖုန်း၊ မမများအဖွဲ့ စသူတို့က ဖွင့်လှစ်ပေးခဲ့ ကြသည်။ ဖျော်ဖြေရေးအစီအစဉ်အဖြစ် လာရောက်သည့် အနုပညာရှင်များ က အသီးသီး ဖျော်ဖြေတင်ဆက်ပေးခဲ့ ကြသည်။ S.I.R အဖွဲ့၏မဏ္ဍပ်မှာမူ ဆောက်လုပ်ဆဲ အနေအထားပင်ဖြစ်သောကြောင့် သင်္ကြန်အကြိုနေ့ ညနေပိုင်းအထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။  ကမ္ဘာအေးဘုရားလမ်း တစ်လျောက်တွင်လည်း ရေပက်ခံထွက်သည့်ကားများဖြင့် စည်ကားများပြားနေသည်ကိုလည်း သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင်တွေ့မြင်ရသည်။

Alpine နှင့် အဲပုဂံဖျော်ဖြေရေး မဏ္ဍပ်များတည်ရှိသည့် ပြည်လမ်း

TG1-1
TG1-2
ရန်ကုန်မြို့ ပြည်လမ်းတွင် မဏ္ဍပ်အနည်းငယ်သာရှိသော်လည်း စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းများဖျော်ဖြေမည့် Alpine မဏ္ဍပ် နှင့် ဇော်ဝင်းထွဋ်နှင့် Emperor အဖွဲ့သားများဖျော်ဖြေသည့် အဲပုဂံမဏ္ဍပ်တို့ ပါဝင်ခြင်းကြောင့် ပြည်လမ်း တစ်လျောက်တွင်လည်း ရေပက်ခံထွက်သည့် ကားများဖြင့် စည်ကားခဲ့သည်။ သင်္ကြန်အကြိုနေ့ မွန်းလွဲပိုင်းအထိ Alpine မဏ္ဍပ်တွင ဖျော်ဖြေရေးအစီအစဉ်များ မပြုလုပ်ခဲ့ဘဲ ရေကစားရုံ သက်သက်သာ စတင်ဖွင့်လှစ်ခဲ့သည်။ အဲပုဂံမဏ္ဍပ်ကိုမူ သင်္ကြန်အကြိုနေ့ မွန်းလွဲပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုတော်ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်တို့က သီဆိုဖျော် ဖြေပေးခဲ့ခြင်းကြောင့် ရေပက်ခံထွက်သည့် ကားများအပြင် လာရောက်ကြည့် ရှုသူများလည်း များပြားခဲ့သည်။ အင်းလျားကန်ဘောင်တွင်လည်း လာရောက်အပန်းဖြေအနားယူသူ အများအပြားတွေ့မြင်ခဲ့ရပြီး ဖျော်ဖြေရေးများ လိုက်လံကြည့်ရှုသူများအားလည်း တွေ့မြင်ရသည်။



သာဓုပါဗျာ ဖျော်ဖြေရေးအဖွဲ့နှင့် စတင်ဖွင့်လှစ်ခဲ့သည့် Sky Net မဏ္ဍပ်

TG1-6

ဆယ်စုနှစ် တစ်ခုကျော်ခန့် တွေ့မြင်ခွင့်မရခဲ့သည့် သင်္ကြန်အလှပြကားနှင့် သံချပ်အဖွဲ့၏ ရုပ်ပုံကို ပုံဖော်ထင်ဟပ်စေခဲ့သည့် သာဓုပါဗျာ ဖျော်ဖြေရေးအဖွဲ့နှင့် ရန်ကုန်မြို့ ၁၉ လမ်းရှိ Sky Net မဏ္ဍပ်ကို ဖွင့်လှစ်ခဲ့သည်။ မဏ္ဍပ်ဖွင့်ပွဲကို အနုပညာရှင်များဖြစ်သည့် အဆိုတော်ဂျေမီ၊ ဥာဏ်လင်းအောင်၊ ဆိုတေး၊ သားကြီး၊ ဘရိတ်ကီ၊ နီနီခင်ဇော်၊ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ မာရီနာ၊ နန်းမြတ်ဖြိုးသင်းစသူတို့က ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် သရုပ်ဆောင်မေတ္တာ၊ ဗေလုဝ၊ ကုသိုလ်တို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် 'သာဓုပါဗျာ' ဖျော်ဖြေရေးအဖွဲ့က ရိုးရာအတာသင်္ကြန်၏ အထိမ်းအမှတ်ဖြစ်သည့် သံချပ်အစီအစဉ်များဖြင့် တင်ဆက်ခဲ့သည်။ 'သာဓုပါဗျာ'  အဖွဲ့အနေဖြင့် အခြားသောဖျော်ဖြေရေး မဏ္ဍပ်များသို့လည်း သွားရောက် တင်ဆက်သွားရန် စီစဉ်ထားသည်ဟုသိရသည်။ Sky Net ရုပ်သံလိုင်းမှ ရန်ကုန်မြို့ရှိ ဖျော်ဖြေရေးမဏ္ဍပ်များ အပါအ၀င် မဏ္ဍပ်အသီးသီးသို့ ရိုက်ကူးမှုများပြုလုပ်၍ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။

အကြိုနေ့ နံနက်ပိုင်းတွင် စည်ကားမှု မရှိခဲ့သော ရန်ကုန်မြို့ရှိ  သင်္ကန်းကျွန်း၊ တောင်ဥက္ကလာစသည့် မြို့နယ်များတွင်လည်း ညနေပိုင်းတွင် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ အုန်းလက် ရေကစားမဏ္ဍပ်များထိုး၍ လည်းကောင်း၊ ရေပုံးများ၊ ရေတိုင်ကီများချ၍ ရေပက်ကစားသော ရပ်ကွက်သင်္ကြန်သည်လည်း စည်ကားခဲ့ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့