Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

ပါဏာတိပါတာကံ ဆန်းစစ်ချက်

လူသတ်မှုကို ရာဇ၀တ်မှုလို့ နိုင်ငံအသီးသီးမှာ ဥပဒေပြဌာန်းထားကြတယ်။ ဒါကြောင့် လူသတ်မှုဟာ အပြစ်ရှိပြီး ထောင်ဒဏ်၊ ကြိုးဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်စတဲ့ အပြစ်ဒဏ်ကို ဒီဘ၀မှာပဲ ခံယူရပါတယ်။

လူသတ်မှုကို လူမသိအောင် ကျူးလွန်မယ်။ ဒါမှမဟုတ် တံစို့လက်ဆောင် အာဏာသုံးပြီး ဖုံးဖိထားမယ်။ ဒါမှမဟုတ် ထွက်ပြေးတိမ်းရှောင်နေမယ်ဆိုရင်ကော အပြစ်ဒဏ်ပေးခံရခြင်းမှ လွတ်ကင်းနိုင်မလား။

“ရာဇ၀တ်ဘေး ပြေးမလွတ်” ဆိုတဲ့ စကားအတိုင်း တစ်နေ့နေ့မှာ အမှုမှန်ပေါ်ပြီး အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက လူသတ်မှု ကျူးလွန်ခဲ့ကြတဲ့ နာဇီစစ်အရာရှိတွေဟာ တစ်ရပ်တစ်ကျေးသို့ ထွက်ပြေးပုန်းရှောင်ကြပေမယ့် အများစုက အဖမ်းခံရ၊ အရေးယူခံကြရပါတယ်။ တိမ်းရှောင်ပုန်းအောင်းနေတဲ့ ကာလမှာလည်း စိုးရိမ်ပူပန်ကြောက်လန့်မှုနဲ့သာ ဆင်းရဲစွာ နေထိုင်ကြရပါတယ်။

နောက်ဆုံး အရှောင်အတိမ်းကောင်းလို့ အရေးယူမခံရတာပဲထားဦး၊ ၀ိပါကဒဏ်မှာ လွန်မြောက်အောင် မရှောင်ပြေးနိုင်ဘူး။ လူသတ်ထားတဲ့ အကုသိုလ်စေတနာကံ ကုဋေသိန်းပေါင်းများစွာက ကံပြုသူရဲ့ စိတ်အစဉ်မှာ ကိန်းအောင်းနေပြီး ဒီကံက သူ့ကို ငရဲဘုံမှာ ဥပပတ် ပဋိသန္ဓေဖြစ်စေပြီး ငရဲအိုးမှာ ကျက်စေလိမ့်မယ်။ ငရဲ စက်ယန္တရားတို့ရဲ့ ညဉ်းပန်းနှိပ်စက်ခြင်းကို အလွန်ဆင်းရဲစွာ ခံစားရစေလိမ့်မယ်။

မိမိသတ်စဉ်က တစ်ခဏလေး၊ မိမိပြန်ညှဉ်းဆဲခံရတာက နှစ်ထောင်ပေါင်းများစွာ၊ အပြန်တစ်ရာ သေလောက်တဲ့ညှဉ်းပန်းမှုဖြစ်ပေမယ့် အကုသလိုလ်ကံမကုန်လို့ မသေဘူး။ သေရင်လည်း ချက်ချင်းပဲ ဥပပတ် ပဋိသန္ဓေဖြစ်ပြီး ဆက်အညှဉ်းပန်းခံရတယ်။

ကံရဲ့သဘောက အပြန်ကုဋေသိန်းပေါင်းများစွာ အကျိုးပေးနိုင်လို့ ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်ထက် အပြန်ကုဋေကုဋာ ပိုဆင်းရဲရပါတယ်။ ဒီကံရဲ့ သဘောကို သိလို့ သူတော်ကောင်းတို့ဟာ ပါဏာတိပါတာကံကို အလွန်ကြောက်ရွံ့ကြတာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့