Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 1 April 2012

နွေလယ်အိပ်မက်မှ လန့်နိုးခြင်း။

• အဲသည်ညမှာ ကျွန်တော် အိပ်မရခဲ့ပါဘူး။
သန်းခေါင်ယံအိမ်မက်ထဲ
အရောင် နဲ့ပတ်သက်ပြီး ငြင်းခုန်နေ၇ လို့ပါ။

• ဒါ အဖြူရောင်ပါ

ဖြူစင်ခြင်းကိုကိုယ်စားပြုခဲ့ စွန်းထင်းခြင်းမရှိတဲ့
အဖြူရောင်ပါ။

• မဟုတ်သေးဘူးသူငယ်ချင်း။

မင်းရဲ့အတ္တ၊ မင်းရဲ့ ၀ါဒတွေနဲ့
မင်းရဲ့လက်ဝါးကြီးအုပ်လိုမှုတွေက အရောင်ကို စွန်းထင်းစေသလားလို့ပါ။

• မဟုတ်ဘူးညီငယ်။

မင်းအထင်တွေမှားနေခဲ့ပြီ။
ငါထားခဲ့တဲ့ အတ္တ မင်းရဲ့လုံခြုံခြင်းအတွက်ပါ။
ငါထားခဲ့တဲ့ ၀ါဒ
ဘ၀ရဲ့ နောင်ရေးအတွက်ရော၊
အလုပ်ရဲ့ ဒဿနအတွက်ပါချထားခဲ့တာပါ။


• ငါ့ရဲ့ လက်ဝါးကြီးအုပ်လိုမှု

ဒါ မင်းအပေါ် မြူမှုန်မခစေလိုတဲ့ ဖခင်မေတ္တာကြောင့်ပါ။

• မင်းအသိသားပဲလေ

ငါတွေး ထင်ခဲ့သမျှ
ငါမျှော်လင့်ခဲ့သမျှစိန်ခေါ်မှုတွေ
ပြဿနာတွေ၊ အခက်အခဲတွေ
ငါနဲ့ဝေးခိုက် ငါမျှော်လင့်သလို မင်းရင်ဆိုင်ခဲ့ရတာပဲမဟုတ်လား။

• ဟုတ်ပါပြီလေ၊ ကျုပ်လည်း မငယ်တော့ဘူးဗျ။

သည်အခက်အခဲတွေအတွက်
ဇွဲနဲ့ အားမာန်၊ ထိုက်သင့်တဲ့ လုံ့လ
ကျုပ်မှာလည်းရှိပါသဗျ။

• အခုကတော့ဗျာ၊ ခင်ဗျားကြီး လုပ်တာနဲ့

ကျုပ်ကိုယ်ကျုပ်ပါ သူငယ်နှပ်စားတစ်ယောက်လို
သေးနုတ်သိမ်ငယ်စိတ်တွေ ပေါ်လာခဲ့ပါရဲ့။

• မချုပ်ခြယ်ပါနဲ့။

ကျုပ်ဟာ လူငယ်တစ်ယောက်ဖြစ်တယ်။

• မကန့်သတ်ပါနဲ့။

ကျုပ်ဟာ ကိုယ်ပိုင်အတွေးအခေါ်ရှိတယ်။

• မတားမြစ်ပါနဲ့၊

ကျုပ်ဟာကိုယ့်လမ်းကိုယ်ရွေးခွင့်ရှိတယ်။


• မဟုတ်ဘူးညီငယ်။

လောကမှာ အတွေ့အကြုံဆိုတာ ကိုယ်တိုင်သင်ကြားရတာဖြစ်ပေမဲ့
သင်ခန်းစာဆိုတာ
ကိုယ်တိုင်ကြုံတွေ့တာထက် သူတပါးဆီကတဆင့် ရယူတာ ထိရှမှုနည်းတယ်။


• ကမ္ဘာမြေကြီးဟာ ပရိယာယ်ကြွယ်လှတယ်။

မင်းရဲ့ ပျိုရွယ်မှု၊ နုပျိုမှုဟာ
သည်လောကကို စီးခြင်းထိုးဖို့ စောသေးတယ်။


• မင်းဘ၀အတွက် ဖြည့်စရာတွေကျန်နေတဲ့အချိန်မှာ

မင်းအထိမနာစေချင်ပါဘူး။

• အမောင်းသင်စ ဆိုင်ကယ်သမားတစ်ယောက်အဖို့

အနာတရဖြစ်ပြီး ကြောက်လန့်မသွားဖို့ ငါအမြဲကာကွယ်ပေးခဲ့သလို
မင်းဘ၀အတွက်လည်း ငါတွေးနေခဲ့တာပါ။

• လာမပြောပါနဲ့

နာကျဉ်မှုဆိုတာမလာဘဲ၊ ရင့်ကျက်မှု ဆိုတာ ရှိလာနိုင်မလား။
အနာမခံဘဲ၊ အသာစံရတယ်လို့ ခင်ဗျား ကြားခဲ့ဖူးလား။

• ဒဏ်ရာတစ်ခုရဲ့ အနာဖေးဟာ နောက်ဒဏ်ရာအတွက်

ရင့်ကျက်မှုဖြစ်စေတယ်။
• လက်လွတ်စမ်းလို့ရချိန်မှာ
ခင်ဗျားကြီးက အမြဲပဲ့ကိုင်ချင်တုန်းလား။

• ကာကွယ်ပေးတယ်ဆိုတာရဲ့နောက်ကွယ်မှာ

ချုပ်ခြယ်မှု ဆိုတာပါနေတယ်။
• အဲသလို မမြင်ပါနဲ့
ငါပြောခဲ့သလိုပါပဲ။
ဘ၀ရဲ့အကွေ့အကောက်တွေမှာ
လွှဲမရှောင်သာလို့ ချိုင့်ထဲကျချိန်မှာ
အကောင်းဆုံးလမ်းကိုရွေး၊
အဖြစ်နိုင်ဆုံးကို စဉ်းစား
အမှန်ကန်ဆုံးဆုံးဖြတ်
ကိုယ့်လက်ကိုင်ကိုတော့ နိုင်ပါစေ။


• ငါဆိုခဲ့သလိုပါပဲ။

အတွေ့အကြုံဆိုတာက
ဘ၀ကို ရင့်ကျက်တည်ငြိမ်စေတာမှန်ပေမဲ့လို့
မလိုလားအပ်တဲ့အဖျက်တွေကြောင့်
ဘ၀မှာ နစ်နာတတ်လို့သာ
ငါကြောင့်ကြနေခဲ့တာပါ။


• ငါ့ရဲ့ ထက်သန်မှုဝါဒ

အလုပ်အပေါ်ထားတဲ့ စေတနာပါ။
မင်းအပေါ်ချုပ်ခြယ်လိုစိတ်ကြောင့်မဟုတ်ပေမဲ့
သွယ်ဝိုက်ပတ်သက်ခဲ့တာရှိချင်ရှိမယ်။


• မင်းမဟုတ်လည်း

မင်းနေရာမှာ ဘယ်သူဖြစ်ဖြစ်
သည်ထက်သန်မှုဟာ မလျော့ခဲ့ပါဘူး။

• ငါ့ရဲ့ လက်ဝါးကြီး အုပ်လိုမှု

ဒါ မင်းမှားနေခဲ့ပြီညီ။
• ငါ လက်ကိုဆုပ်ထားတာမဟုတ်ဘူး။
ရင်ဖွင့်ပြီး လက်ကိုဖြန့်တာပဲရှိတာပါ။
ကိုယ့်ရင်ဖတ်ထဲမှာ ရှိနေတဲ့ ကမ္ဘာဟာ
ကိုယ်လက်ဝါးကြီးအုပ်ထားတာမဟုတ်ဘူးညီ။

• ဖြူစင်ခြင်းဆိုတာ

၉၉.၉၉% ဖြူစင်လို့ရတာမဟုတ်ဘူးညီ။

• ငါပေးခဲ့တဲ့ ဖြူစင်မှုမှာ

အရောအနှောပါခဲ့ရင်
နေ့ညမဆိုင်းမင်းငါ့ကို ပြောနိုင်တယ်။

• ငါ့ရဲ့ထက်သန်မှုလုံ့လ၊

ငါရဲ့စိတ်စေတနာ
ငါ့ရဲ့အတ္တ၊ မာနအရာရာဟာ
ကိုယ်ကျိုးမှာအခြေမခံခဲ့ဘူးညီ။
ကိုယ်ယူဆခဲ့တဲ့ လောကဒဏ်တွေမှန်သမျှ မှာ
သက်သာရာအဖြစ်
ကာကွယ်မှုပေးချင်ခဲ့တာ ဖခင်ရဲ့ မေတ္တာ
ညီအစ်ကိုရင်းရဲ့ စိတ်စေတနာတွေအပေါ်အခြေခံခဲ့တယ်။

• မဖြစ်နိုင်တဲ့တစ်နေ့မှာ မုဒိတာထား၊

ဥပက္ခာတရားနဲ့နေဖို့တော့ ကြိုးစားရမှာပေါ့။
ဒါပေမဲ့
ကိုယ်ပေးခဲ့တာ အဖြူရောင်သက်သက်ရယ်ပါ။

• မင်းပြောတာမယုံလို့မဟုတ်ဘူး။

• မင်းကိုယုံတယ်။
• ဖြူစင်မှုကိုလည်းယုံတယ်။
• မင်းရဲ့ စိတ်စေတနာနဲ့ ဇွဲသတ္တိကိုလည်းယုံတယ်။
• မင်းရဲ့ အတွေးအခေါ်နဲ့ ဒဿနတွေကိုလည်းယုံတယ်။
• မင်းရဲ့စွန့်လွှတ်အနစ်နာခံတတ်တဲ့
• ရလိုခြင်းကင်းတဲ့ ချစ်ခြင်းမေတ္တာကိုလည်းယုံတယ်။
ဒါပေမဲ့
ဒါတွေကြောင့်ငါမွန်းကြပ်ပိတ်လှောင်မနေချင်ဘူး။

• ငါ့ဘ၀နဲ့ အားမာန်အတွက်

ငါ့ဇွဲနဲ့ငါ ရှေ့ဆက်ချင်တယ်။
မင်းခွင့်ပြုပေးပါ အစ်ကို..တဲ့
ညီငယ်က ဆိုတယ်။


• အိပ်စက်မပျော်တဲ့

နွေလယ်အိပ်မက်က လန့်အနိုးမှာ
ချွေးတွေနဲ့ မောဟိုက်လို့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့