Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 11 April 2012

သီဟိုဠ်ကျွန်းကအလှပြိုင်ပွဲ

ပြီးခဲ့တဲ့ နှစ်ရက်လောက်က အွန်လိုင်းပေါ်မှာ
အစ်မကြီးတစ်ယောက်နဲ့ ချောကြောင်းလှကြောင်းကိစ္စလေးတစ်ခု ပြောမိကြလို့
အခု ဆရာတော်ဘုရားကြီးရဲ့တရားလေးကို တင်ရရင် ကောင်းမှာပဲလို့...........ဆိုပြီး...
တစ်ခါက သီဟိုဠ်ကျွန်းမှာ ရဟန်းတော်တစ်ပါးနဲ့ အမတ်ကြီးရဲ့သားတို့ အလှပြိုင်ကြတယ်တဲ့။
ရဟန်းတော်နဲ့ အမတ်သားလေးတို့ကို ဘယ်သူကလှတယ် ဘယ်သူကလှတယ်နဲ့
မြို့တွင်းမှာရှိတဲ့သူတွေ ငြင်းခုံနေကြတယ်။
အဲဒီလိုငြင်းခုံမှုတွေ ဖြစ်နေတဲ့အခါ ကဲ..ဒီလိုဆိုရင်ကောင်းပြီ။
ရဟန်းတော်နဲ့အမတ်သား ဘယ်သူကလှတယ်ဆိုတာ သိရအောင် အလှပြိုင်ပွဲလုပ်ကြမယ်ဆိုပြီး
သီဟိုဠ်ကျွန်းမှာရှိတဲ့ မဟာစေတီကြီးပေါ်မှာ ပြိုင်ဖို့စီစဉ်ကြတယ်။
"အဲဒီမဟာစေတီကြီးပေါ်ကို ရဟန်းတော်ရော အမတ်သားလေးရောကြွ
ပရိတ်သတ်တွေလည်းလာကြည့်ကြ
ဘယ်သူကလှတယ်ဆိုတာ အဆုံးအဖြတ်ပေးကြ..." ဆိုပြီး စီစဉ်ကြတယ်တဲ့။
အဲဒီလိုစီစဉ်ထားတဲ့အခါ အမတ်သားလေးကို သူ့ရဲ့မိဘဆွေမျိုးတွေက
ကောင်းမွန်တဲ့အ၀တ်အစားတန်ဆာတွေကို ဆင်မြန်းပေးကြတယ်။
လှလှပပကျကျနနဆင်မြန်းပေးပြီးတော့ မဟာစေတီရဲ့အနောက်မုခ်က ၀င်ရောက်လာတယ်။
ရဟန်းတော်ကိုလည်းသူ့ရဲ့မိခင်လုပ်သူက
သင်္ကန်းလေးဘာလေးနဲ့ကျကျနနချုပ် ဆေးလေးဘာလေးဆိုး
ခေါင်းလေးကိုလည်းပြောင်အောင်ရိတ်စေပြီးတော့ ပြင်ဆင်ပေးတယ်ပေါ့။
ရဟန်းဆိုတော့လည်းဒီလောက်ပဲပြင်လို့ရတယ်လေ။
အမတ်သားလေးလိုတော့ပြင်လို့မဖြစ်ဘူးပေါ့။
ပြင်ဆင်ပြီးတဲ့နောက် မဟာစေတီရဲ့အရှေ့မုခ်က ၀င်ပေါ့လေ။
ကဲဆုံကြပြီပေါ့ ။ မဟာစေတီမှာပြိုင်ကြပြီပေါ့။
အဲဒီအလှပြိုင်တဲ့ရဟန်းတော်က ဘယ်သူလဲဆိုတော့ 'အဘယမထေရ်' တဲ့။
ပိဋကတ်တော်တွေကိုလည်း တတ်ကျွမ်းတော်မူတယ်။
အနာဂါမိမဂ်ကိုရနေတဲ့ မထေရ်မြတ်လည်း ဖြစ်တယ်။ ဒီမှာပဲကြည့်ပေါ့။
ဒီရဟန်းတော်ရဲ့ သန္တာန်မှာ သီလ၊သမာဓိ။ပညာ သိက္ခာသုံးပါးနဲံပြည့်စုံနေပြီ။
သီလ၊သမာဓိ၊ပညာတွေ ပြည့်စုံနေပြီဆိုကတည်းက လှပြီပေါ့။
သီလတည်းဟူသော တန်ဆာသည် ဘယ်အလှတန်ဆာနဲ့မှ မတူဘူးတဲ့။
သီလံ ယောဂိဿ လင်္ကာရော၊ သီလံယောဂိဿ မဏ္ဍနံ။
သီလေဟိ လင်္ကတော ယောဂီ၊ မဏ္ဍနေ အဂ္ဂတံ ဂတော။
သီလသည်ကမ္မဋ္ဌာန်းတရားအားးထုတ်လေ့ရှိသောယောဂီ၏ တန်ဆာတည်း။
သီလသည်ကမ္မဋ္ဌာန်းတရားအားထုတ်လေ့ရှိသောယောဂီ၏
နိမ့်ရာအရပ်ကိုဖို့သိပ်ကြောင်းဖြစ်သော နံ့သာပါတည်း။
သီလတို့ဖြင့်တန်ဆာဆင်အပ်သော ယောဂီပုဂ္ဂိုလ်သည်
သီလရတနာတန်ဆာတည်းဟူသောအကြောင်းကြောင့်
မြတ်သောပုဂ္ဂိုလ်၏အဖြစ်သို့  ရောက်ရလေသတည်း။
သီလတည်းဟူသော တန်ဆာကိုဆင်မြန်းထားရင် ဘယ်သူမှနှိုင်းယှဉ်လို့မရအောင်
မွန်မြတ်တယ်။ လှပတယ်တဲ့။ အဘယမထေရ်မှာသီလနဲ့ပြည့်စုံနေတယ်။
သမာဓိတွေနဲ့လည်းပြည့်စုံနေပါတယ်။
ပညာတွေနဲ့လည်းပြည့်စုံနေပါတယ်။
အမတ်သားလေးကတော့အပေါ်ယံပြင်ဆင်မှုသာရှိနေတယ်။ အတွင်းပိုင်းတန်ဆာများဖြစ်တဲ့သီလ၊သမာဓိ၊ပညာဆိုတဲ့တန်ဆာတွေကတော့သူ့မှာနဲနဲမရှိဘူး။
ဒါကြောင့် ရဟန်းတော်နဲ့ အမတ်သားလေးကို ကြည့်လိုက်ရင် တော်တော်ကို ကွာခြားနေတယ်နော်။
အဲဒီလို ကွာခြားနေတာကြောင့် ပြိုင်ပွဲမှာ ရဟန်းတော်က အနိုင်ရသွားတယ်။
ဒါနဲ့ရဟန်းတော်က ရှုံးသွားတဲ့မင်းသားလေးထံကို သွားပြီးတော့
ငါကိုယ်တော်ကြီးလှည်းတဲ့ အမှိုက်တွေကိုကျုံးတဲ့ သူကငါနဲ့များ ယှဉ်ဝံ့တယ်ကွာလို့ ပြောလိုက်တယ်တဲ့။
ဒီတော့ အမတ်သားလေးဟာ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘ၀တစ်ခုမှ ဒီ 'အဘယမထေရ်' ဟာ ရဟန်းအိုကြီး။
ကျောင်းဝန်းထဲမှာ တန်မျက်လှည်းပေါ့။။
ခုနက အမတ်သားလေးက ရဟန်းအိုကြီးလှည်းတဲ့ အမှိုက်တွေကို ကျုံးရတဲ့ပုဂ္ဂိုလ်။
အဲဒီတန်မျက်လှည်းတဲ့ကောင်းမှုကြောင့် ရဟန်းအိုကြီးက
ယခု အနာဂါမ်တည်နေတဲ့ 'အဘယမထေရ်' ဖြစ်လာတယ်။
အမှိုက်ကျုံးသူကတော့ အမတ်သားလေးဖြစ်လာခဲ့တယ်။
အဲဒါအမှိုက်လှည်းရ၊ ကျုံးရ တဲ့ကုသိုလ်ကံတွေပဲ။ 
အမှိုက်ထဲက အနာဂါမိမဂ်ဥာဏ်ဖိုလ်ဥာဏ်တွေကို ထုတ်ယူသွားတာပဲ။
လောကီစည်းစိမ်ချမ်းသာတွေကိုထုတ်ယူသွားတာပဲ။
မိလိန္ဒမင်းတို့ ရှင်နာဂသိန်တို့ကိုလည်း ကြည့်ပေါ့။ ဒီအတိုင်းပဲ။
တစ်ဘ၀မှာ မိလိန္ဒမင်းကြီးက ကိုရင်လေးဘ၀နဲ့ အမှိုက်ကျုံးရတယ်။
အရှင်နာဂသိန်မထေရ်မြတ်က ရဟန်းဘ၀နဲ့ အမှိုက်လှည်းတယ်။
အဲဒီကုသိုလ်ကံတွေကြောင့်အမှိုက်ကျုံးသူက မိလိန္ဒမင်းကြီးဖြစ်၊
အမှိုက်လှည်းသူက ရှင်နာဂသိန်ဖြစ်လာတယ်။
သာသနာတော်မှာအလွန်ထင်ရှားကျော်ကြားခဲ့ပါတယ်။
ဒါလည်းပဲ အမှိုက်ထဲကထုတ်ယူသွားကြတဲ့ကောင်းမှုရဲ့ အကျိုးအာနိသင်တွေပဲ။
သဒ္ဓါတရားရှိသူတွေမှာနော် သဒ္ဓါတရားရှိရင်မြေ့ပာပလောက်တဲ့ အမှုလေးတွေကြောင့်လည်း
ကြီးကျယ်မြင့်မြတ်တဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားရပါတယ်။
ဒါကြောင့် သဒ္ဓါတရားဟာသိပ်အရေးကြီတယ်။
ဒီသဒ္ဓါတရားကို အခြေခံပြီးတော့မှ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်တွေကို ဆွတ်ခူးလို့ရပါတယ်။
ဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့ ကြုံတွေ့နေကြရတဲ့
ဘုန်းကြီးတို့ဒါယကာ ဒါယိကာမအပေါင်းသူတော်ကောင်းတို့အနေနဲ့
ဒီသဒ္ဓါတရားကို မိမိတို့နှလုံးသားထဲမှာ တည်ရှိနေအောင် ကြိုးစားကြပါ။
ကြိုးစားပြီးတော့မိမိတို့လိုလားတဲ့လောကီစည်းစိမ်ချမ်းသာတွေ
မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာတွေကို ရရှိခံစားနိုင်အောင်ကြိုးစားကြပါ။
ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းရင်းတရားနိဂုံးချုပ်ရအောင်။
(ပန်းငွေရုံဆရာတော်ဘုရားကြီး၏ တရားတော်မှ...)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့