“ ဟဲ့ ကျော်ကျော် .. နင်လဲ မိန်းမကို ရှာကျွေးနေတာ ခါးတောင်ကျိုးတယ်ဆို ကြည့်လည်းလုပ်အုံး ကိုယ်ယူထားတာ ငယ်ငယ်လေးလဲ မဟုတ်ဘူး ”
မကြာသေးခင်ကာလက အလုပ်ခွင်မှာ Accident(မတော်တဆထိခိုက်မှု)ဖြစ်ထားသော ကျွန်မယောင်္ကျား ဖြစ်သူကို ကျွန်မယောက်မက ပြောဆိုလိုက်သော အဲ့ဒီ စကားသံသည် ကျွန်မ ရင်အလွှာကို ခြေဖြင့်စုံကန်လိုက်သလို နင့်နင့်သီးသီး ဖြစ်စေသည်။
မြောက်ဥက္ကလာတွင်နေထိုင်သော အဒေါ်က ဒီကနေ. ရုံးပိတ်ရက်ဖြစ်ပြီး အလှူလုပ်သည်ဟုဆိုကာ သူ.အိမ်သို. လာလည်ရန်ဖိတ်ခေါ်သောကြောင့် လင်မယားနှစ်ယောက် မိုးလင်းကထဲက အိမ်က ထွက်လာကြသည်။ တကယ်ဆိုရင် ခုလိုရုံးပိတ်ရက်မျိုးကို နှစ်ယောက်လုံး မိမိအိမ်တွင်သာ နေချင်နားချင်ကြသည်။ ကျွန်မက ကုမ္ပဏီလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေသဖြင့် ဆန်းဒေးလို နေ.မျိုးသာ အားလပ်မှု.ရှိလေသည်။ အဒေါ်က ကျွန်မကို သူ.သမီးကလေးလိုသာ သံယောဇဉ်ဖြစ်နေပြီး သတိရနေသည်ဟု ခဏခဏပြောနေလို. သာ သွားရခြင်းဖြစ်သည်။
ကျွန်မယောက်မသည် အဒေါ်၏ချွေးမဖြစ်သည်။ ကျွန်မသိပ်ချစ်သော ကျွန်မအကိုကြီး၏ ချစ်ဇနီးဖြစ်သည်။ တနည်းဆိုရသော် ကျွန်မချစ်သော ကျွန်မ၏ငယ်သူငယ်ချင်းလည်းဖြစ်သည်။ တသက်လုံး အပျိုကြီးသာ လုပ်မည်.. ယောင်္ကျားလုံးဝ မယူတော့ပါဟု ကြွေးကြော်ထားသော ကျွန်မကို မျက်စေ့ဆံပင်မွေး စူးနေသူလည်း ဖြစ်သည်။ ဒါပေမဲ့ ကျွန်မ လင်ကောင်းသားကောင်းရထားခြင်းအပေါ် ခြွင်းချက်မရှိ ကျေနပ်နေသူလည်း ဖြစ်ပြန်သည်။
ချစ်လို. ပြောခြင်းပင်ဖြစ်စေ၊ ကျေနပ်သော လေသံလေးဖြင့် မြည်တွန်တောက်တီးသည်ဖြစ်စေ လတ်တလော အခြေအနေတွင် လင်တော်မောင်အတွက် ရတက်မအေးဖြစ်ခဲ့ရသူ ကျွန်မမှာ ထိုအပြောအဆိုကြောင့် စိတ်အနှောက်အယှက်တော့ ဖြစ်ရသည်။
“ ကျွန်တော်မြတ်နိုးလို. ယူထားတဲ့ မိန်းမကို အသက်သေသွားပါစေ ချမ်းသာစွာလုပ်ကျွေးမှာပါ
သူ.ဘာသာသူ အသက်ဘယ်လောက်ကြီးကြီး ကျွန်တော့အတွက်တော့ ချစ်ဇနီးပါ ”
ကျော့် ရဲ. နောက်ဆက်တွဲပြောလိုက်တဲ့ စကားသံကိုတော့ ကျွန်မ ကျေးဇူးအထူးတင်မိပါသည်။
ထိုယောင်္ကျားသည် ဘယ်အချိန်မေးမေး ကျွန်မအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာအကြောင်းကို မရိုးအောင်ပြောတတ်သည်။
သူတစ်ခါမှ မဆက်ဆံခဲ့ရဖူးသော ကျွန်မ၏အသိုင်းအ၀ိုင်းကို အလိုက်သင့်ပေါင်းသင်းဆက်ဆံတတ်သည်။
ကျွန်မအသိုင်းအ၀ိုင်းက သူ.အတွက်တော့ ဆိုးပါသည်ဟု ပြောရင်ရမည်။ ပစ္စည်းဂုဏ် ပညာဂုဏ် နေရာဌာန အစစအရာရာမှာ မာန်မာနတွေရှိနေသဖြင့် သူ.မှာ အတော်ကိုမှ အလိုက်အထိုက်ဆက်ဆံရပါသည်။ ကျွန်မကို နိုင်မည်၊ နိုမ်မည် စိုးသဖြင့်လည်း သူ.ကိုဖိနိုပ်ဆက်ဆံသည့် အခါများ များစွာ ရှိခဲ့ဖူးသည်။
တစ်ခါတစ်လေ သူ.ကို ကျွန်မက မေးမိပါသည်။
“ ကျော်… မမ အိမ်ကို ကြောက်လို. အိမ်နဲ. အဆင်မပြေမှာ စိုးလို. မမ ကို အချော့ပေး ဆက်ဆံတာလား ”
ဟုမေးလျှင်
“ မဟုတ်ဘူး မမ … ကျော် ကိုယ်တိုင်ကိုက မမ ကို ချစ်လို. သနားလို.”
ဟု သူအမြဲ ဖြေတတ်သည်။
ကျွန်မ၏အမေးနဲ. သူ.အဖြေဟာလည်း အမြဲ အံဝင်ခွင်ကျဖြစ်နေတတ်သည်ဟု ပြောရလောက်အောင် ကျွန်မစိတ်အနှောက်ယှက်ဖြစ်စေရမှာတွေကို သူ ကျွန်မကွယ်ရာမှာလည်း မလုပ်သလို ကျွန်မရှေ.မှာလဲ မလုပ်တတ်ခဲ့ပေ။
အိမ်ထောင်ရေးရပ်ကွက်အတွင်းတွင် ပြောဆိုနေကြသော
“ မချစ်ခြောက်လ ချစ်ခြောက်နှစ် ” ဆိုတဲ့ စကားများရှိသည်။
အိမ်ထောင်ရှင်မိန်းကလေးများက ထိုစကားကို ကြောက်တတ်ကြသည်။ မိန်းမတစ်ယောက်ကို မချစ်ပဲ ယူထားတဲ့ ယောင်္ကျားတစ်ယောက်ဟာ အိမ်ထောင်သက် ခြောက်လမှဖောက်ပြန်သွားနိုင်သလို မိန်းမတစ်ယောက်ကို ချစ်ပြီးယူထားတဲ့ ယောင်္ကျားတစ်ယောက်ဟာလည်း အိမ်ထောင်သက် ခြောက်နှစ်အတွင်းမှာ အလွယ်တကူဖောက်ပြန်နိုင်သတဲ့။
လူတစ်ယောက်နဲ. နောက်လူတစ်ယောက်ဟာ တစ်ယောက်နဲ.တစ်ယောက် အစစအရာရာမှာ သီးခံပြီး၊ အနစ်နာခံပြီး၊ အမြဲတမ်းပေါင်းသင်းဆက်ဆံနိုင်ဖို.ဆိုတာ အတော်ကို မလွယ်ကူတဲ့အလုပ်တစ်ခုပါ။ ကိုယ့်စိတ်နဲ. သူ.ကိုယ် သူ.စိတ်နဲ. ကိုယ့်ကိုယ် တစ်ထပ်တည်းကျနိုင်ဖို. မလွယ်နိုင်လို. ဘယ်အရာမှာ ကျွန်မအတွက် မမြဲပါလို. စိတ်မှာ နှလုံးသွင်းမိတိုင်း ခင်ပွန်းဖြစ်သူကို အဆိုးမှန်သမျှအရာရာတိုင်းအတွက် ဖြစ်မလာခင်ကတည်းက ခွင့်လွှတ်ထားသည်။
အိမ်ထောင်ရေးအဆင်မပြေခြင်းများ ကျွန်မတွင် “ လုံးဝ ” မရှိပါ။ သို.သော် ကျွန်မဆွေမျိုးနဲ. ကျွန်မအသိုင်း အ၀ိုင်းကြားမှာ ငယ်တာလေးကိုယူထားတာ နောင်တချိန်ဒုက္ခတွေ.မယ် ဆိုသည့် စကားများ၊ စိုးရိမ်သလိုလိုနဲ. ကျွန်မစိတ်ထိခိုက်အောင်ပြောဆိုတတ်ကြသော
“ လင်ကိုသိပ်အလိုလိုက်နေ တစ်နေ.နေ.တစ်ချိန်ချိန်ကျ ထားသွားမှ မျက်ရည်နဲ.မျက်ခွက်ဖြစ်မယ် ” ဆိုတာမျိုး
“ နင့်ယောင်္ကျားအလုပ်ကောင်းတာ ခုကထဲက ပိုက်ဆံကိုကျစ်ကျစ်ပါအောင်စုထား.. တကယ်လို. သူက နောက်တစ်ယောက်တွေ.တော့လည်း နင့်မှာ အထုတ်နဲ.အထည်နဲ. ကျန်ခဲ့ရင် ကိုယ့်တူမလေးအတွက် စိတ်အေးရတာပေါ့ ” ဆိုတာမျိုး ရင်နင့်နာနာစကားများ ကြားရတတ်သည်။
ထိုလို အခါမျိုးမှာ ခင်ပွန်းသည်ဖြစ်သူ၏
“ မ… ဘာတွေများ စိတ်မကောင်းစရာတွေ တွေ.ရပြန်ပြီလဲ
အဲ့လို စကားတွေ ကြားရပြန်ပြီလား ခေါင်းထဲ ထည့်မထားနဲ. ကျော်က အဲ့လိုကောင်မဟုတ်ဘူး
အဘွားကြီးဖြစ်သွားရင်တောင်မှ မ .. ကို ပြုစုရင်း ဆက်ချစ်မဲ့ ကောင်ပါဗျ ”
ဆိုတဲ့ စကားတွေနဲ. ပတ်ဝန်းကျင်ပြောစကားတွေကို အန်တုခိုင်းခဲ့သည်။
ခွန်အားဖြစ်စေသော ခင်ပွန်းသည်၏ စကားများကြောင့် ခပ်ကြောင်ကြောင်အတွေးတစ်ချို.တို. အချိန်နှင့်အတူ မျောပါသွားကြသည်။ ဘာတွေပဲ ပြောနေကြပါစေ ကျော်သည် ကျွန်မအတွက် အိမ်ဦးနတ်ကလေးသာဖြစ်သည်။ လတ်တလောအခြေနေတွင် အပြစ်ကင်းသောအလုပ်များဖြင့် ကျွန်မကို တင့်တောင့်တင့်တယ် ရှာဖွေကျွေးမွေး နေသူဖြစ်သည်။
ဒီလိုနဲ.ဘဲ မိုးလင်းတာနှင့်မိုးချုပ်သည်ထိ
“ မ..ရေ ကျော့်အတွက် သဘက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး အဆင်သင့်ဖြစ်ပြီလား ”
“ မ..ရေ ကျော်ဝတ်ဖို. အင်္ကျီပုဆိုး ”
“ မ..ရေ ကျော့်ကို အရိုးထွင်ပေးပါ ”
“ မ..ကျော် သောက်ဖို.ရေ..ခပ်ပေးပါ ”
“ မ..ရေ ကျော့် အတွက်…………….” ဆိုတဲ့ မဆုံးနိုင်တဲ့ အကြောင်းအရာတွေထဲမှာ ကျေနပ်စွာ လည်ပတ်ရင်းဖြင့်သာ။
No comments:
Post a Comment