စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာရှိ ကျေးရွာ မြေယာခွဲဝေရေး ကော်မတီဝင်တစ်ဦးကို တပ်သိမ်းမြေတွင် လက်ရှိသီးစား လုပ်ကိုင်သူများက ရိုက်နှက်ခဲ့ကြကြောင်း ငှက်ပျောတိုင်း ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသံဝရက မိန့်ကြားသည်။“လယ်မြေကိစ္စ ညှိနှိုင်းရအောင်ဆိုပြီး လာခေါ်တယ်။ ဟိုရောက်တော့မှ ဝိုင်းရိုက်လိုက်ကြတာ...” ဟု ဆရာတော်က မိန့်ဆိုသည်။
ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ကျေးရွာတွင် ကန့်ဘလူ သကြားစက်အတွက် ကြံစိုက်ပျိုးရန် တပ်မတော်က သိမ်းယူထားသော လယ်ယာမြေ ၄၅၁၅ ဧက ရှိသည့်အနက် လယ်မြေဧက ၄၁၂၂ ဧကကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ သြဂုတ်လ ၇ ရက်နေ့တွင် မူလလယ်ပိုင်များက တပ်မတော်က သိမ်းယူခဲ့သော ၎င်းတို့ပိုင် လယ်မြေများအတွင်း ဝင်ရောက် ထွန်ယက်သောကြောင့် သီးစားလုပ်ကိုင်သူများက တားဆီးပေးရန် ပြောဆိုရာမှ အငြင်းပွားကာ ရိုက်နှိက်ခံခဲ့ရကြောင်း ရိုက်နှက်ခံခဲ့ရသည့် ကျေးရွာ မြေယာ ခွဲဝေရေး ကော်မတီဝင် ဦးသန်းဆွေက ပြောကြားသည်။
“သူတို့လယ်ကို လယ်သမားတွေ ဝင်ထွန်တာ ကျွန်တော့်ကြောင့်လို့ သူတို့က စွပ်စွဲတယ်” ဟု ၎င်းကဆိုသည်။
တပ်သိမ်း လယ်ယာမြေများကို ပြန်လည် ပေးအပ်ရာတွင် တပ်မတော်က နှုတ်အမိန့်ဖြင့်သာ ပေးအပ်ကြောင်း ပြောဆိုပြီး ၎င်းတို့ သီးစားချထားသူများကိုလည်း ဆက်လက်လုပ်ကိုင်ခွင့် ရှိကြောင်း ပြောဆိုမှုများ ရှိသောကြောင့် သီးစားလုပ်ကိုင်သူများနှင့် မူလလယ်ပိုင်ရှင်များ ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO နှင့် ချိတ်ဆက်သူများကွန်ရက် စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ဦးတင်နိုင်ထွန်းက ပြောသည်။
အဆိုပါကျေးရွာ မြေယာခွဲဝေရေး ကော်မတီဝင် ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ငှက်ပျောတိုင်းကျေးရွာသား ဦးအောင်ထွန်းနှင့် ဦးမြင့်ဟန်တို့ နှစ်ဦးကို(ပ)၂၇၇/၂၀၀၃၊ ပုဒ်မ ၃၂၅၊ ၂ ၉၄၊ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
No comments:
Post a Comment