Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 1 August 2013

အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှင်သန်နေရမည်ဟုဆို

 ရန်ကုန်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်သည် အကြောင်းမရွေး၊ အချိန်မရွေး ပြန် လည် ပေါ်ထွန်းလာနိုင်သည့် အတွက် စစ် အုပ်ချုပ်ရေးနှင့် တစ်ပါတီ အာဏာရှင် စနစ်များကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုသည့် အခမ်းအနားများကို လူထုအကြား ကျယ်ပြန့်စွာ ကျင်းပကာ ဖိနှိပ် ချုပ်ချယ်သည့် စနစ်ဆိုးကို ဆန့်ကျင်သော စိတ်ဓာတ်များ အမြဲ ရှင်သန် ပွင့်လန်းနေအောင် လုပ်ဆောင်ရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။

ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင်များနှင့် သူရဲကောင်းများကို ဂုဏ်ပြုသည့် အခမ်းအနားများ ကျင်းပခြင်းသည် အရိုးတွန်သံများ ဖြစ်ပြီး၊ ယင်းအရိုးတွန်သံများက အာဏာရှင် စနစ်ကို တွန်းလှန်နိုင် သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက ဟံသာဝတီ ဦးဝင်းတင်က ဆိုသည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းရှိ စိတ်တိုင်းကျ စားသောက်ဆိုင်တွင် ယနေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည့် (၄၂) နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့ သူရဲကောင်းနေ့ အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၇၁ ခုနှစ်က စစ်အာဏာရှင် ဦးနေဝင်း၏ ကိုကိုးကျွန်း ဖိနှိပ် ညှဉ်းပန်းရေး အကျဉ်းစခန်းတွင် ကိုကိုးကျွန်း အကျဉ်းထောင် ဖျက်သိမ်းရေးအတွက် ၅၃ ရက်ကြာ အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် ရဲဘော် ရှစ်ဦးကို ဂုဏ်ပြုသည့်အနေနှင့် ကျင်းပရခြင်းဖြစ်ကြောင်း အဆိုပါ အခမ်းအနားကို ဦးဆောင် ကျင်းပခဲ့သူ ကိုကိုးကျွန်းပြန် ရဲဘော်တစ်ဦး ဖြစ်သူ ဦးလှချိုက ပြောကြားသည်။

“ကျွန်မ ခြောက်နှစ်သမီး အရွယ်မှာ အဖေကို့ ကိုကိုးကျွန်းကို ပို့လိုက်တယ်၊ အဲဒီကတည်းက အဖေ့ကို မတွေ့ရတော့တာ၊ ကြားနိုင်မယ်ဆိုရင် အဖေ့ အတွက် ဂုဏ်ယူပါတယ်လို့ တမလွန်က အဖေ့ကို ပြောချင်ပါတယ်” ဟု ကိုကိုးကျွန်း အကျဉ်းစခန်းတွင် အစာငတ်ခံ ဆန္ဒပြရင်း ပထမဆုံး ကျဆုံးခဲ့ သည့် ရဲဘော် သိန်းကြည်၏ သမီးဖြစ်သူက The Voice သို့ ပြောကြားသည်။

ကိုကိုးကျွန်းတွင် အကျဉ်းကျခံရသူများ အနေနှင့် ကိုယ့်ရေတွင်း ကိုယ်တူး၊ ကိုယ့်ထမင်း ကိုယ်ချက်၊ ကိုယ့်ထင်း ကိုယ်ခွဲ စသည့် ကိုယ်ထူကိုယ်ထ စနစ်ကို ဖြတ်သန်းရပြီး၊ အစာရေစာ ရှားပါးမှုနှင့် ဖိနှိပ်မှု ဒဏ်ကို မခံနိုင်သဖြင့် ကျွန်း ကော်မတီဝင် တစ်ဦးဖြစ်သူ ဗကသများ အဖွဲ့ချုပ်မှ ရဲဘော် စိန်ဝင်း က ခေါင်းဆောင်ကာ ၁၉၇၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကိုကိုးကျွန်း အကျဉ်းထောင် ဖျက်သိမ်းရေး အတွက် အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ ကြကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ရဲဘော်ချိုက ၎င်း၏ အတွေ့အကြုံ များကို ရှင်းပြ ပြောဆိုသည်။

၁၉၇၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် အစိုးရမှ ကိုကိုးကျွန်း အကျဉ်းထောင် ကို ဖျက်သိမ်းကာ၊ အကျဉ်းသားများကို ပြည်မသို့ ပြန်လည် ပို့ဆောင်ပေးမည် ဟု ကတိပြုခဲ့သဖြင့် ဆန္ဒပြမှု ၅၃ ရက် ပြည့်သည့် အဆိုပါနေ့တွင် ဆန္ဒပြမှု ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ သမိုင်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့သူမှာ ဆရာတော် ဦးဝိစာရဖြစ်ပြီး အင်္ဂလိပ် အစိုးရကို အကြည်ညို ပျက်စေရန် တရားဟောမှုဖြင့် ဖမ်းဆီးခံ ရကာ ထောင်တွင်းတွင် ၁၆၆ ရက်အကြာ အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲ ဆင်နွှဲခဲ့ကာ ၁၉၂၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပျံလွန်တော် မူခဲ့သည်။

“ဘဝဆိုတာ တိုက်ပွဲပဲ၊ သူကတော့ အများအတွက် တိုက်ပွဲဝင်ရင်း သူရဲကောင်းအဖြစ် ကျဆုံးခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်” ဟု ကိုကိုးကျွန်း တွင် ကျဆုံးခဲ့သည့် ရဲဘော် ထွန်းမြင့်၏ ဇနီးဖြစ်သူ အသက် ၆၉ နှစ် အရွယ် ဒေါ်ကျော့စိန်က ဆိုသည်။

ယနေ့ ကျင်းပသည့် ကိုကိုးကျွန်း ပြည်သူ့ သူရဲကောင်းနေ့ အခမ်းအနားသို့ ကိုကိုးကျွန်းပြန် ရဲဘော် ဟောင်းများ၊ နိုင်ငံရေး ပါတီများနှင့် ဗကသ ကျောင်းသားများ အပါအဝင် လူ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး၊ ပွင့်လင်း လွတ်လပ်မှု မရှိခဲ့သော ယခင်နှစ်များက လူ ၁၀ ဦး မပြည့်သည့် ဂုဏ်ပြုအခမ်းအနားကို သိုသိပ်စွာ ကျင်းပခဲ့ရကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့