
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ငါးမြို့နယ်တွင် ဇန်နဝါရီမှ ဇူလိုင်လအထိ မိုးရေချိန် တိုင်းတာချက်များအရ ယခင်နှစ်ထက် မိုးရွာသွန်းမှု သုံးဆနီးပါး ပိုများကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။
၂၀၁၂ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မန္တလေးမြို့၌ မိုးရွာရက် ၁၂ ရက် ရှိခဲ့ပြီး မိုးရေချိန်လက်မ ၅ ဒသမ ၃၅ လက်မ ရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၂၉ ရက်နေ့အထိ မန္တလေးမြို့၌ မိုးရွာသွန်း ရက် ၁၈ ရက် ရှိခဲ့ပြီး မိုးရေချိန် လက်မ ၁၄ ဒသမ ၁၇ လက်မရှိကြောင်း အဆိုပါဌာနမှ တိုင်းထွာချက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ မိုးရာသီ ကာလမှာ ဧပြီလတွင် မိုးကြိုကာလ ဖြစ်ပြီး နိုဝင်ဘာ လတွင် မိုးနှောင်းကာလ ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ၂၀၁၂ခုနှစ် ဧပြီလ၌ မိုးရေချိန် ၂ ဒသမ ၄၈ လက်မရှိခဲ့ပြီး ၂၀၁၃ ဧပြီလ ၌ မိုးရေချိန် ၁ ဒသမ ၀၂ လက်မ ရှိခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် မေလ၌ မိုးရေချိန် ၀ ဒသမ ၅၉ လက်မ ရှိခဲ့ပြီး ၂၀၁၃ မေလ၌ မိုးရေချိန် ၆ ဒသမ၂၆ လက်မ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လ၌ မိုးရေချိန် ၁ ဒသမ ၅၃ လက်မ ရှိခဲ့ပြီး ၂၀၁၃ ဇွန်လ၌ မိုးရေချိန် ၅ ဒသမ၉၁ လက်မ ရှိခဲ့ကြောင်း အဆိုပါဌာနမှ တိုင်းထွာချက် များအရ သိရသည်။
ရာသီဥတု ပြောင်းလဲမှု တစ်နှစ်ထက် တစ်နှစ် မြန်ဆန် ဆိုးရွားလာ ရာ မြန်မာနိုင်ငံ တစ်ဝန်း ယခုနှစ် မိုးရာသီ ကာလတွင် မြန်မာနိုင်ငံ အောက် ပိုင်း ဒေသများ၌ မိုးများပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသ တို့တွင် မိုးနည်းလျက် ရှိကြောင်း၊ ထိုင်းနိုင်ငံဘက်တွင် မိုးရွာသွန်းမှု များပြီး ဆည်ရေ များ လွှတ်ချမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း နယ်စပ်မြို့ အချို့တွင် ရေနစ်မြုပ်နေကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။
“မန္တလေးမှာ ဒီနှစ် မိုးပိုများတယ်ဆိုတာ ဟုတ်ချင် ဟုတ်မယ်။ ဒါပေမဲ့ ဒီနှစ် မန္တလေးမှာ မိုးခေါင်သလောက် ရှိနေပြီ။ အောက်ပိုင်းတွေက မိုးကြီးနေပေ မယ့် နေပြည်တော်ကျော်ပြီး အထက်ဘက်ကို မိုးက တက်မလာဘူး။ ဒီလမှာဆို ဒီရက် ဇူလိုင်လ ၃၀ ရက်က မိုးစရွာတဲ့ရက်လားတောင် ထင်ရတယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ စားသောက်ဆိုင် လုပ်ငန်းရှင် ဒေါ်သန်းချစ်က ဆိုသည်။
No comments:
Post a Comment