Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

အီလက်ထရောနစ် ဥပဒေပြင်ရေး ဆွေးနွေးရန် လွှတ်တော်သဘောတူ

 နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်တဲ့နေရာမှာ အသုံးပြုခဲ့တဲ့ အီလက်ထရောနစ် ဥပဒေပြင်ဖို့ အဆိုတင်တာကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။ 

ဒီနေ့ပြုလုပ်တဲ့ လွှတ်တော်ထဲ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အဆိုတင်ခဲ့တာဖြစ်ပြီး လွှတ်တော်က ဆွေးနွေးဖို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။

သူအဓိက ပြင်ဆင်လိုက်တဲ့ ဥပဒေပါအချက်တချို့ကို ဦးသိန်းညွန့်က အခုလို ပြောပါတယ်။

“ဒီဥပဒေ အခန်း ၁၂ မှာ ပုဒ်မ ၃၃ ကနေ စပြီးတော့ ပြစ်ဒဏ်တွေကို ချမှတ်ထားတာ ရှိတယ်။ ဒီချမှတ်ချက်တွေဟာ ပြင်ထန်လွန်းပါတယ်။ နောက်တခါ ဒီဥပဒေရဲ့ ပြဋ္ဌာန်းချက်ဟာ အဓိပ္ပာယ်ကောက်တဲ့ အခါမှာ ကျယ်ကျယ်ပြန့်ပြန့် ကောက်ပြီးတော့ ပွင့်ပွင်လင်းလင်းပြောရရင်တော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အသုံးချလို့ ရတယ်။ ဥပမာ ပုဒ်မ ၃၃ မှာ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်မှု တခုခုကို ပြုရင် နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေးနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်သော သတင်းအချက်အလက်များကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း။

“ဆိုတော့ အပေါ်မှာ တင်ပြထားတဲ့ ဥပဒေတွေက အင်မတန်မှ ကျယ်ဝန်းတယ်။ ဒီလိုကျယ်ဝန်းတဲ့ အခါကျတော့ ဒီဥပဒေနဲ့ နည်းပညာကို မသိတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေ အားလုံးပေါင်းပြီး တရားစီရင်လိုက်တဲ့ အခါကျတော့ မသိပဲ စီရင်လိုက်တဲ့ ဒဏ်ပေါ့။ တော်တော်များများ ဒီနေ့ ကျနော်လွှတ်တော်ထဲမှာ ထောက်ပြသလိုပေါ့။ နိုင်ငံရေးသမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ ခံရတာကိုး။ အဲဒါကြောင့် ပြင်းထန်တဲ့ ပုဒ်မပေါ့။ ထောင်ဒဏ်တွေကို ထက်ဝက်လျှော့တဲ့ဟာပေါ့။ တတ်နိုင်သမျှ ကျနော် လျှော့ပစ်တာပေါ့။ ဤပြဋ္ဌာန်းချက်သည် နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် မဆန့်ကျင်သော မိမိယုံကြည်တဲ့ ထင်မြင်ယူဆချက်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေတာနဲ့ မသက်ဆိုင်ဆိုပြီးတော့ ကျနော် ကင်းလွတ်ခွင့်ရအောင် ထပ်ထည့်တယ်။ မူလအုပ်စုမှာ ကင်းလွတ်ခွင့်မပါဘူး။”

ဦးသိန်းညွန့်ဟာ ပြီးခဲ့တဲ့ ၆ ကြိမ်မြောက် လွှတ်တော်ထဲ ဒီအီလက်ထရောနစ်ဥပဒေကို ပယ်ဖျက်ဖို့ အဆိုတင်ခဲ့ပေမယ့် လွှတ်တော်က ပယ်ချခံတာမို့ အခုလို ဥပဒေကိုပြင်ဆင်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။

ထောင်အနှစ် ၆၀ ချခံခဲ့ရတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ဒီဥပဒေဟာ ဖျက်သိမ်းသင့်တဲ့ ဥပဒေလို့ ပြောပါတယ်။

“အဓိက ကျနော်ပြောချင်တာ ဥပဒေ ပုဒ်မ ၃၃ (က)မှာပေါ့။ အဲဒါက ကျနော်တို့ ဒီမိုကရေစီ နိုင်ငံတခု တည်ထောင်မယ်ဆိုရင် မဖြစ်သင့်တဲ့ ကိစ္စတခု။ ၃၃ (က)နဲ့ ကျနော်တို့ကို အမြင်ဆုံး ၁၅ နှစ်အထိ ချလို့ရတယ်။ ကျနော်တို့ဆိုရင် အီးမေးလ် ၄ စောင်ပို့တာနဲ့တင် အနှစ် ၆၀ ချတယ်။ အဲဒီလို ဥပဒေမျိုးကို ပြင်ဆင်ရုံပဲ ပြင်ဆယ်မယ်ဆိုရင် ဒီကနေ့ အင်တာနက် ခေတ်ကြီးမှာ တကမ္ဘာလုံးနဲ့ ဆက်နွှယ်ပတ်သက်ပြီးတော့ အသုံးပြုနေတဲ့ ခေတ်ကြီးမှာဆိုရင် နောက်ကျကျန်ခဲ့မယ့် ဥပဒေမျိုး ဖြစ်နေမှာကို ကျနော်စိုးရိမ်တယ်။ အကောင်းဆုံးကတော့ အဲဒီ ဥပဒေ တခုလုံးကို ပြန်သုံးသပ်ဖို့လိုတယ်။ ပြန်သုံးသပ်ပြီးတော့ ဖျက်သင့်ရင်လည်း ဖျက်လိုက်။ ဖျက်သင့်တယ်လို့ ကျနော် မြင်တယ်။ အဲဒီဥပဒေဟာ ဖျက်သင့်တဲ့ ဥပဒေကြီး။”

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို နအဖ စစ်အစိုးရခေတ် ၂၀၀၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့