Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

ကံသဘောကိုသိပါမှ အကောင်းအဆိုးကိုသိပါမယ်

ကံဆိုတာက အလုပ်ပဲ၊ ကံမှာ တိုက်ရိုက်အကျိုးနဲ့ တန်ပြန်အကျိုးဆိုပြီး အကျိုးနှစ်မျိုး ရှိတယ်။ သိပ္ပံက တွေ့ရှိတဲ့ Action and Reaction သဘောပါပဲ။

ကိုယ်က သူတစ်ပါးနာရီကို လုယူလိုက်တယ်။ ကိုယ်က နာရီရလို့ အကျိုးရှိပေမယ့် နာရီပိုင်ရှင်ဟာ ထိခိုက်နစ်နာသွားတယ်။ အဲသလို သူတစ်ပါးအား ထိခိုက်နစ်နာစေတဲ့အမှု(ကံ)အတွက် တန်ပြန်အကျိုးက နှစ်မျိုးလာတယ်။

တစ်မျိုးက ရဲသားတွေက ကိုယ့်ကို ဖမ်းပြီး အချုပ်ထဲ ထည့်ထားမယ်၊ ရုံးတင်စစ်ဆေးမယ်၊ ထောင်ချမယ်။ ဒါက သိမြင်နိုင်တဲ့ တန်ပြန်အကျိုးပဲ။ နောက်တစ်မျိုးက ဒီဘ၀မှာပဲ ကိုယ့်ပစ္စည်းတွေ ပြန်အလုခံရမယ်၊ တစ်နည်းနည်းနဲ့ ပစ္စည်းတွေ ဆုံးရူံးမယ်။

နောက်ဘ၀တွေမှာလည်း အပါယ်ကျတတ်တယ်။ အပါယ်မကျလို့ လူဖြစ်လာရင်လည်း ဆင်းရဲမွဲတေမယ်၊ ပင်ပင်ပန်းပန်းနဲ့ ရှာဖွေ ရရှိတဲ့ ပစ္စည်းတွေဟာ ကိုယ့်မှာ ကြာကြာမတည်ဖူး။ တစ်ဘ၀ နှစ်ဘ၀တည်း မဟုတ်၊ ဘ၀ပေါင်းများစွာ မကောင်းကျိုးတွေကို ဆက်လက် ခံစားရမယ်။ ဒါက မသိမြင်နိုင်တဲ့ တန်ပြန် အကျိုးဖြစ်ပါတယ်။

ကန်ရေပြင်ကျယ်မှာ ခဲတစ်လုံး ပစ်ချတော့ လှိုင်းဂယက်တွေ အဝေးကြီးသို့ ရိုက်ခတ်သွားသလို အမှုတစ်ခုကြောင့် ဘ၀ပေါင်းများစွာ ဂယက်ရိုက်သွားတာကို အလုံစုံကို သိမြင်တော်မှုတဲ့ မြတ်စွာဘုရားတို့သာလျှင် အကြောင်းအကျိုးနဲ့ တကွ သိမြင်တော်မှုကြလို့ ကောင်းတာနဲ့ မကောင်းတာကို အမှန်အတိုင်း ထုတ်ဖော်ဟောကြားနိုင်ကြတယ်။ ဒဿနပညာရှိင်တွေက ကံရဲ့ အကျိုးတရားကို အစအဆုံး မမြင်သိနိုင်ကြလို့ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ကြဘူး။

ကောင်းတဲ့အလုပ် = ကောင်းမှု = ကုသိုလ်ကံတစ်ခုဟာ ဒီဘ၀မှစပြီး ဘ၀ပေါင်းမရေတွက်နိုင်အောင် ကောင်းကျိုးပေးမယ်။

မကောင်းတဲ့အလုပ် = မကောင်းမှု = အကုသိုလ်ကံတစ်ခုဟာ ဒီဘ၀မှစပြီး ဘ၀ပေါင်းများစွာ မကောင်းကျိုးပေးမယ် ဆိုတာဟာ သဘာဝတရားရဲ့ ဖြစ်မြဲသဘောပဲ။

ဘယ်လိုကြောင့် ဖြစ်တာလဲလို့ သိချင်ရင် သိသလောက်လေးတော့ ထပ်ရှင်းပြဦးမယ်နော်။ ကျွန်တော် ကျွန်မတို့ နေ့စဉ်လုပ်နေကြတဲ့ အလုပ်တွေဟာ သုံးမျိုးရှိတယ်။ ကိုယ်ကာယနဲ့ ပြုလုပ်တဲ့ အလုပ်တွေကို ကာယကံ၊ နှုတ်နဲ့ပြောပြီး စီမံပြုလုပ်တဲ့ အလုပ်တွေကို ၀စီကံ၊ စိတ်ဖြင့် ကြံတွေးနေတဲ့ အမှုအလုပ်တွေကို မနောကံလို့ အသီးသီးခေါ်ပါတယ်။

ဒီအလုပ်အမျိုးမျိုးဖြစ်ပေါ်အောင် ဘယ်သူက လုပ်သလဲလို့ ဆန်းစစ်ရင်၊ စိတ်ကလုပ်တယ် လို့ အဖြေထွက်လာတယ်။ စိတ်စေခိုင်းတဲ့အတိုင်းသာ ကိုယ် လက် နှုတ်တို့က လှုပ်ရှားနိုင်ကြတာကိုး။

စိတ်ကို တစ်ဖန် ဘယ်သူက စေ့ဆော်တိုက်တွန်းလို့ ဒီအလုပ်တွေ လုပ်ဖြစ်တာလဲလို့ ထပ်ပြီး ဆန်းစစ်ရင် စေတနာစေတသိက်က စေ့ဆော်တယ် ဆိုတာကို တွေ့ရပါတယ်။ စေတနာဆိုတာ အလုပ်ကို လုပ်ဖြစ်အောင် စေ့ဆော်တိုက်တွန်းတဲ့ သဘော၊ အလုပ်ပြီးအောင် ကြောင့်ကြစိုက်တဲ့သဘော၊ အလုပ်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်သဘော ဖြစ်ပါတယ်။

ဒါကြောင့် စေတနာ ကို ကံလို့ မြတ်စွာဘုရား သတ်မှတ်တော်မှုတယ်။

စေတနာရဲ့ ရည်ရွယ်ချက်ကောင်းရင် ကံကောင်းပြီး ကောင်းကျိုးရရှိခံစားရမယ်။

စေတနာရဲ့ ရည်ရွယ်ချက် မကောင်းရင် ကံဆိုးပြီး ဆိုးကျိုးရမယ်။

စိတ္တနိယာမအရ စိတ်တို့က လက်ဖျစ်တစ်တွက် ကာလအတွင်းမှာပဲ ကုဋေတစ်သိန်းကျော် ရှေ့နောက်ဆက်ပြီး ဖြစ်သွားတယ်။

စိတ်နဲ့အတူ စေတနာနဲ့ အခြားစေတသိက်များက ယှဉ်တွဲဖြစ်ပျက်ကြလို့ လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်ကာလမှာပဲ စေတနာဟာ ကုဋေတစ်သိန်းကျော် ဖြစ်ပျက်သွားကြတယ်။

ဒါကြောင့် ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်ရင်ဖြစ်ဖြစ်၊ ခြင်တစ်ကောင်ကို ရိုက်သတ်ရင်ဖြစ်ဖြစ် မကောင်းတဲ့ စေတနာတွေ အနည်းဆုံး ကုဋေတစ်သိန်းကျော်တော့ ဖြစ်သွားမှာပဲ။ ဒီစေတနာတို့ရဲ့ တိုက်ရိုက်အကျိုးက အလုပ်ကို ပြီးမြောက်စေပြီး ခြင်၊ ပုရွက်ဆိတ်တို့ကို သေစေခြင်း ဖြစ်တယ်။

တန်ပြန်အကျိုးတွေက သေစေလို့တဲ့ စေတနာဟာ ဒေါသမှုစိတ်ကို ဖြစ်ပေါ်စေတဲ့အတွက် ဒေါမနဿဆိုတဲ့ စိတ်ဆင်းရဲ ပူလောင်မှုကို ပထမခံစားလိုက်ရတယ်လေ၊ ပြီးတော့ သေစေလိုတဲ့ စေတနာဆိုးတွေက သူတို့ မချုပ်ပျက်ခင်မှာ သူတို့ရဲ့ အစွမ်းသတ္တိ = ကမ္မသတ္တိ = ကံ တို့ကို စိတ်အစဉ်မှာ မြှုပ်နှံသွားကြတယ်။ ဒါကြောင့် ဒီကုသိုလ်ကံ ကုဋေတစ်သိန်းကျော်ဟာ ကိုယ့်စိတ်အစဉ်မှာ အမြဲလိုက်ပါနေပါတော့တယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့