Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 13 April 2012

ကံအမျိုးအစား

အတိတ်ကံသည် အလွန်အားကောင်းသောကံ၊ အလယ်အလတ် အားကောင်းသောကံ၊ နုံချာသောကံ ဟူ၍ သုံးမျိုးရှိသည်။ ထို့အတူပင် ပစ္စုပ္ပန်ကံသည်လည်း ကံ ဉာဏ် ၀ီရီယ မျှတစွာ သုံး၍ လက်ရှိအခြေအနေထက် တိုးတက်အောင် ကြိုးစားခြင်း၊ တည်တံ့ရုံသာ ကြိုးစားခြင်း၊ တည်တံ့ရုံလောက်ကိုပင် အားမထုတ်ခြင်းဟူ၍ သုံးမျိုးရှိသည်။ အလွန်အားကောင်းသော အတိတ်ကံကြောင့် မိကောင်း ဘကောင်း အထက်တန်းစား ဆရာသမား မိဘကောင်းတို့ထံတွင် လူဖြစ်လာရသည်။ ထိုသူသည် အရွယ်ရောက်လာသောခါ ကံ ဉာဏ် ၀ီရိယသုံးပါး ညီညွတ်စွာ ပစ္စုပ္ပန်ကောင်းအောင် ကြိုးစားက လူ့ဘ၀တွင် အထွတ်အထိပ် မင်းစိုးရာဇာ သူဋ္ဌေးသူကြွယ် ပညာရှင်ကြီး ဖြစ်နိုင်သည်။
အတိတ်ကံ အလွန်အားကောင်း၍ မိကောင်းဘကောင်းထံတွင် လူဖြစ်လာရသော်လည်း ပစ္စုပ္ပန်အားထုတ်မူမှာ အလယ်အလတ်တန်းစား ဘ၀သာ ရောက်ရှိမည်။ ထိုသူသည်ပင် ပစ္စုပ္ပန်ကြိုးစားမူမရှိ၊ တည်တံ့ရုံပင် ကြိုးစားမူမပြုပါလျှင် နိမ့်ကျဆင်းရဲမွဲတေသူ ဘ၀သို့ ရောက်သွားရသည်။ ပစ္စုပ္ပန်၏ အင်အားအပေါ်လိုက်၍ မိဘတို့ထက် ပိုတိုးတက်သူ - အတိဇာတသား၊ မိဘခြေရာနင်း၍ မိဘတို့အဆင့်ကိုမီသူ - အနုဇာတသား၊ မိဘတို့အဆင့်မမီဘဲ ယုတ်ညံ့နိမ့်ကျသွားသူ - အနုဇာတသားဟူ၍ သားသုံးမျိုး ပေါ်ထွက်လာသည်။ အတိတ်ကံမှာ မိကောင်း ဖခင်သားဖြစ်အောင် ပို့ပေးရုံသာ ပေးခဲ့၏။
အတိတ်ကံ အလတ်တန်းစားကြောင့် သာမန်မိဘတို့ ၀မ်း၌ လူဖြစ်ရသော်လည်း ပစ္စုပ္ပန်ကြိုးစားအားထုတ်မူများပြားလျှင် အထက်တန်းအဆင့်သို့ ရောက်ကြရသည်။ မင်းစိုးရာဇာ သူဌေး သူကြွယ် ပညာရှင်ကြီးများ ဖြစ်ကြရသည်။
ထိုသူသည်ပင် အလယ်အလတ် တည်တံ့ရုံသာ ကြိုးစားလျှင် အလတ်တန်းစားထဲက အလတ်တန်းစားသာ ဖြစ်ရသည်။ ထိုသူသည်ပင် ပျင်းရိပြီး ကြိုးစားမူမရှိ၊ ပစ္စုပ္ပန်ကံမွဲလျှင် ဆင်းရဲသူဘ၀ ရောက်ရသည်။
ထို့အတူပင် အတိတ်ကံအားနည်း၍ ဆင်းရဲသူမိဘများ ၀မ်း၌ ဖြစ်ရသော်လည်း ပစ္စုပ္ပန်ဘ၀အားထုတ်မူ များပြားလျှင် ကြီးပွားသူဘ၀ ရောက်ရသည်။ အလတ်တန်းစား တည်တံ့ရုံသာ ကြိုးစားလျှင် သာမာန်ဆင်းရဲသား ဘ၀သာ ရရှိမည်။ ပစ္စုပ္ပန်ကြိုးစားမူမပြလျှင်မူ လွန်စွာနိမ့်ကျ ဖုန်းတောင်းယာစကာဘ၀သို့ ရောက်ရသည်။
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တနေ့တွင် အရှင်အာနန္ဒအား ဤသို့ မိန့်တော်မူ၏ -
အာနန္ဒာ - ခွက်လက်စွဲကာ တောင်းစားနေကြသည့် ဤသူတောင်းစား လင်မယားကို ကြည့်လော့၊ ထိုသူတို့သည် ဤသာဝတ္ထိမြို့၌ ချမ်းသာ ကြွယ်ဝသော သူဋ္ဌေးကြီးတို့၏ သားနှင့် သမီးများ ဖြစ်ကြသည်။ သူတို့သည် ငယ်စဉ်က ပညာမသင်ကြဘဲ အိမ်ထောင်ပြုကြပြီး မိဘပစ္စည်းများကို ဖြုန်းသုံးနေခဲ့ကြသည်။ မိဘတို့ ကွယ်လွန်ကြသောအခါ ကံ ဉာဏ် ၀ီရိယတို့ကို အသုံးမချ၊ စီးပွား ဥစ္စာတိုးတက်အောင် မကြိုးစား၊ ရှိပစ္စည်းကို ဖြုန်းခဲ့သုံးစွဲခဲ့ရာ နောက်ဆုံးတွင် ဥစ္စာကုန်ဆုံး၊ လူလုံးမလှ ခွက်လက်စွဲကာ တောင်းစားရသည့် ဖုန်းတောင်းယာစကာဘ၀သို့ ရောက်ကြရသည်။
ထိုလင်မယားနှစ်ယောက်တို့သည် အကယ်၍ ပထမအရွယ်တွင် စီးပွားဥစ္စာ ကြိုးစားရှာဖွေပါက ဤမြို့တွင် ပထမတန်းစား သူဌေးကြီးဘ၀ ရောက်နိုင်ကြသည်၊ ရဟန်းပြုကာ ရဟန်းတရားအားထုတ်ပါမူ အထက်မဂ်ဖိုလ်တို့ကို ရရှိနိုင်ကြသည်။ ဒုတိယအရွယ်တွင် သတိရပြီး ကြိုးစားပါက အလတ်တန်းစား သူဌေးဘ၀သို့ ရောက်နိုင်ကြသည်။ ရဟန်းတရား အားထုတ်ပါက အောက်မဂ်အောက်ဖိုလ်များကို ရနိုင်ကြသည်။ ရဟန်းပြုပါက အကျင့်မြတ်နှင့် ပြည့်စုံသူ ရဟန်းကောင်းများ ဖြစ်နိုင်ကြသည်။ ယခုမူ လုံ့လ ကြိုးကုတ် အားထုတ်မူ မပြုခဲ့ကြသဖြင့် ယခုမြင်တွေ့နေရသည့် သူတောင်းစား ဘ၀အဆင့်သို့ ရောက်သွားကြလေသည်ဟု မိန့်တော်မူလေသည်။
အတိတ်ကံကောင်း၍ အလွန်ခဲလှသည့် ဒုလ္လဘငါးဖြာ အပါအ၀င် လူအဖြစ်ကို ရခဲ့ကြပြီ ဖြစ်သည်။ လူ့ဘ၀ လူဖြစ်နေရခြင်းသည် အလွန်ကြီးကျယ်လှသော အခွင့်အရေးကြီး ဖြစ်သည်။ ဒုဂ္ဂတိဘ၀များတွင်သာ သတ္တ၀ါတို့ အမြဲထာဝရ နေအိမ် ဖြစ်နေကြရသည်။ ဒုစရိုက်တရားတို့ကိုသာ ထပ်ကာတလဲလဲ လုပ်ဆောင်နေကြသဖြင့် ဒုဂ္ဂတိဘ၀များသာ အဆက်မပြတ် ဖြစ်ပေါ်နေကြသည်။ ကြုံခဲလှသည့် ဘုရားသာသနာနှင့် ကြုံတွေ့လာသည့်အခိုက် ကမ္မဿကတသမ္မာဒိဋ္ဌိအမြင်မှန်ဖြင့် ပစ္စုပ္ပန်ကံကောင်းများ အမြဲဖြစ်ပွားနေရေး၊ သုစရိုက်တရားများ တိုးပွားနေရေးအတွက် အလေးထား လုပ်ဆောင်ရပေမည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့