Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

အစိမ်းရောင် သင်္ကြန်


“ဒီမှာ…ရှင့်”
အသံကြားသဖြင့် ဒီဇိုင်းရေးဆွဲနေရာမှ ခေါင်းမော့ကြည့်လိုက်သည်။ အို…အ၀ါရောင်ဝမ်းဆက်ကလေးနဲ့ ချောမော လှပလွန်းတဲ့သူလေးပါလား။
“ကျွန်တော်…ဘာလုပ်ပေးရမလဲ”
“ကျွန်မတို့ ကုမ္ပဏီ မဏ္ဍပ်အတွက် နောက်ခံဒီဇိုင်းလေး ဆွဲချင်လို့ပါ”
“ဟုတ်ကဲ့ခင်ဗျ…ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်ဆိုင်မှာ ဗီနိုင်းတော့ ထုတ်လို့မရဘူးခင်ဗျ”
“ဟုတ်ကဲ့…ကျွန်မသိပါတယ်။ ရှင်…တခြားဆိုင်မှာ သွားထုတ်နေကျမဟုတ်လား”
“ဟုတ်ကဲ့ခင်ဗျ…ကျွန်တော်တို့က တခြားဆိုင်မှ သွားထုတ်ရတော့ ဈေးတော့နဲနဲပိုယူပါတယ်”
“ရပါတယ်ရှင်…ကျွန်မကိုသာ ရှင်ကမသိတာ။ ကျွန်မက ရှင့်ကိုသိပါတယ်”
“ဒီက မမ ဘယ်လို ဒီဇိုင်းလိုချင်တာလဲ”
“မမတို့ ကုမ္ပဏီ လိုဂိုလေးကတော့ပါမှာပေါ့။ ဒီမှာ အဆင်သင့်ယူလာတယ်။ ဒီပန်းဖလက်ထဲက လိုဂိုကို ထည့်ပေး။ နောက် ပုဂံခေတ်ရေကစားဟန်လေးထည့်ပေးစေချင်တာ…ဒါကတော့ အဆင်ပြေအောင်ရှာထည့်ပေးလေ။ နောက်ခံ ပုံလေးကိုတော့ မန္တလေးတောင်နဲ့ ကျုံးမြို့ရိုးလေးသုံးပေးပေါ့”
“ဟုတ်ကဲ့…ဖြစ်ပါတယ်။ ဘယ်ဆိုဒ် လိုချင်တာလဲခင်ဗျ”
အ၀ါရောင်မမက အတိုင်းအတာကို ပြောပြသည်။ ဒီဇိုင်းအတွက် အဆင်ပြေစွာညှိနှိုင်းပြီးစီးသွားသည်။ အ၀ါရောင်မမက စရံငွေများပေးချေပြီး ပြန်ထွက်သွားချိန်မှာတော့ ရင်ထဲမှာ ဘာရယ်မသိ ဟာတာတာဖြစ်သွားသည်။

♥♥♥♥♥

“မောင်လေးရေ…”
အလုပ်လုပ်နေရာက ခေါင်းမော့ကြည့်လိုက်သည်။
ဆိုင်ဖွင့်ပြီး မကြာခင်အချိန်မှာ အ၀ါရောင်မမ ရောက်လာသည်။ ဒီနေ့တော့ ခရမ်းရောင်ဝမ်းဆက်ကလေးကို ၀တ်လာသည်။
“ဒီဇိုင်းရပြီလား”
“ရပါပြီ”
ထက်အောင့်ကွန်ပျူတာထဲတွင် ရေးဆွဲထားသော ဒီဇိုင်းကို ဖွင့်ပြလိုက်သည်။ အ၀ါရောင်မမက သေသေချာချာကြည့်သည်။
“အရမ်းလှတယ်…မောင်လေးရေ…ကြိုက်သွားပြီ”
“ဟုတ်ကဲ့ခင်ဗျ…ကျွန်တော် ကာလာပရင်ထုတ်ပေးမယ်”
“ကောင်းသားပဲ”
ထက်အောင်က ရေးဆွဲထားသော ဒီဇိုင်းကို Photo Paper ဖြင့် ပရင်တာထုတ်ပေးလိုက်သည်။ အ၀ါရောင်မမက ယူကြည့်လိုက်သည်။
“ဒါ့ကြောင့် …. မောင်လေးက နာမည်ကြီးတာကိုး၊ ကိုယ်ပိုင် ဗီနိုင်းစက် ၀ယ်ပါလား”
“ကျွန်တော်က အဲဒီလောက် အရင်းအနှီး မတတ်နိုင်ဘူးခင်ဗျ”
“တစ်နေ့တော့ဖြစ်လာရမှာပေါ့ မောင်လေးရယ်။ မမတို့ ဘယ်ရက် ဗီနိုင်းရမှာလဲ”
“မမကြိုက်ရင် အခုပဲ သွားထုတ်မယ်။ ဒါပေမယ့် ဒီနေ့တော့ မရနိုင်ဘူး။ မနက်ဖန်ညနေလောက်လာယူလေ”
“ရပါတယ်…မဏ္ဍပ်ကလည်း ဆောက်လို့မှ မပြီးသေးတာ။ မနက်ဖန်…အဆင်ပြေတဲ့အချိန် မမလာယူမယ်နော်”
“ဟုတ်ကဲ့ပါခင်ဗျ”
အ၀ါရောင်မမက ဆိုင်ထဲမှ လှည့်ထွက်သွားပြီး အဖိုးတန်ကားကြီးပေါ်တက်ကာ ကိုယ်တိုင်မောင်းနှင်သွားကို ငေးကြည့်ရင်း ထက်အောင်ကျန်ရစ်ခဲ့လေသည်။

♥ ♥ ♥ ♥ ♥

နံနက်ခင်း ဆိုင်ကို သွားရန်ဆိုင်ကယ် ထုတ်လိုက်စဉ် အိမ်ရှေ့ ပိတောက်ပင်ကို ကြည့်မိသည်။ ညက မိုးလေးတဖွဲဖွဲ ရွာထားသဖြင့် အ၀ါရောင်ပိတောက်ပန်းတို့က ဝေေ၀ဆာဆာဖူးပွင့်နေကြသည်။ ပိတောက်ရနံ့ကလည်း သင့်ပျံ့ကြိုင် လှိုင်နေသည်။ ပိတောက်ပန်းတွေကို ချိုးလိုက်သည်။ ဆိုင်ကဘုရားမှာ ပန်းကပ်ရန်နှင့် ဆိုင်က ကလေးမလေးတွေ အတွက်ဖြစ်သည်။
ပိတောက်ပန်းများကို ဘုရားစင်မှာတင်သည်။ ကေသီဦးတို့ အုပ်စုကို ပေးသည်။ ပိုသည့် ပန်းများကို ရေစိမ်ထား လိုက်သည်။
“ပိတောက်ပန်းတွေနဲ့ ဝေလို့ပါလား…မောင်လေးရေ”
အ၀ါရောင်မမ ရောက်လာသည်။ ဒီနေ့တော့ အနီရောင်ဝမ်းဆက်ကလေးကို ၀တ်လာသည်။
“မမက ပိတောက်ပန်းကို သိပ်ကြိုက်တာ။ ပေးပါလား”
ထက်အောင်က ဘာမှ ပြောမနေတော့ပဲ ရေစိမ်ထားသော ပိတောက်ပန်းတွေကို ယူပေးလိုက်သည်။ အ၀ါရောင်မမက ပိတောက်ပန်းတစ်ချို့ကို ခေါင်းမှာပန်လိုက်သည်။ အလှတွင် အယဉ်ဆင့် အမြင်တင့်တယ်သွားသည်မှာ ရင်ခုန်စရာ ကောင်းလှပါလား။
“ဗီနိုင်းလာယူတာ…မနေ့က မအားလို့လေ”
“ဟုတ်ကဲ့ခင်ဗျ”
ထက်အောင်က ဗီနိုင်းကို ယူပေးလိုက်သည်။ ကျန်ငွေကို လက်ခံယူလိုက်သည်။
“ဒီမှာ…မောင်လေး”
“ဟုတ်ကဲ့…ပြောပါခင်ဗျာ။ ဘာများ အဆင်မပြေတာရှိလို့လဲ”
“အဆင်ပြေပါတယ်…မောင်လေးရဲ့…မောင်လေးတို့ဆိုင်ကလူတွေကို မမတို့ မဏ္ဍပ်မှာလာကစားဖို့ ခေါ်ချင်လို့”
“ကျွန်တော်က လာချင်မှ လာနိုင်မှာ…ကလေးမလေးတွေကတော့ ကစားချင်မှာပေါ့”
“အဆင်ပြေတဲ့အချိန်လာခဲ့ကြပါ…မမ လက်မှတ်(၁၀)စောင်ပေးခဲ့မယ်။ (၃)ရက်စလုံးလာကစားလို့ရတယ်နော်”
“ဟာ…ကျနော့်ဆိုင်က ကျနော်ပါမှ (၅)ယောက်ထဲရှိတာ…(၁၀)စောင်မလိုပါဘူး”
“မောင်လေး…မိန်းမနဲ့ကလေးတွေအတွက်ပါပေးတာပါ”
ကေသီဦးတို့အုပ်စုက ရယ်ကြသည်။
“ဘာရယ်တာလဲ…”
“အိမ်ထောင်မရှိဘူးခင်ဗျ”
“အော်…ဟုတ်လား…မမ ပြောတာလွန်သွားရင် စိတ်မဆိုးနဲ့နော်”
“ရပါတယ်ခင်ဗျာ”
“မောင်လေး...ပေးချင်တဲ့သူပေးပါ။ လက်မှတ်(၁၀)စောင်ပေးခဲ့တယ်။ နေ့တိုင်း အစားအသောက်လဲ စီစဉ်ထားတယ်”
“အားနာစရာကောင်းလိုက်တာ မမရယ်”
“အားနာမနေနဲ့…မမက မောင်လေးကို မြင်မြင်ချင်း ခင်လို့ပါ”
“ဟုတ်ကဲ့…ကျွန်တော်ကလည်း ခင်ပါတယ်”
အ၀ါရောင်မမက ဗီနိုင်းကို ယူပြီးပြန်သွားချိန်မှာတော့ ပေးခဲ့သော လက်မှတ်ကို ကြည့်ပြီး ငေးငိုင်၍ ကျန်ရစ်ခဲ့လေသည်။

♥ ♥ ♥ ♥ ♥

သင်္ကြန်အကြိုနေ့…
မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို သွားရောက်ငေးမောကြည့်ပြီးနောက် မလှမ်းမကမ်းမှာရှိသော ရေကစားမဏ္ဍပ်ကို သွားဖြစ်သည်။
မဏ္ဍပ်နောက်ခံ ဒီဇိုင်းကို မြင်တော့မှ ထက်အောင်ဆွဲပေးခဲ့သော ဒီဇိုင်းမှန်းသိသွားသည်။ မဏ္ဍပ်ပေါ်မှာတော့ နာမည်ကြီး အဆိုတော်တွေက ဖျော်ဖြေနေသည်။ မဏ္ဍပ်ဝန်းကျင်တွင် ပရိသတ်များ ကြိတ်ကြိတ်တိုးစည်ကားနေသည်။ ရှေ့ဆုံးတန်းထိုင်ခုံတွင် အပြာရောင်ဝတ်စုံလေးဖြင့် ထိုင်ပြီးအားပေးနေသော အ၀ါရောင်မမကို မြင်လိုက်ရသည်။
ရောင်စုံဖြာလျက်ရှိသော မီးရောက်အောင်တွင် အ၀ါရောင်မမ၏ အလှအပသည် ပိုမိုပေါ်လွင်နေသည်။ အ၀ါရောင်မမ သည် ဒီမဏ္ဍပ်တွင် အင်မတန်အရေးပါ အရာရောက်သည့်နေရာတွင် ရှိလောက်သည်။ အ၀ါရောင်မမ နှင့် သူ့ဘ၀က ခြားနားနေပေလိမ့်မည်။ အ၀ါရောင်မမ စီးလာသည့်ကားကို ပင် ထက်အောင်က တန်ဖိုးခန့်မှန်းနိုင်ခြင်းမရှိပါ။
ထက်အောင် အခြေအနေက အရင်းအနှီးအသင့်အတင့်သာရှိသော ကွန်ပျူတာစာစီစာရိုက်နှင့် မိတ္တူလုပ်ငန်းလေးဖြင့် ရပ်တည်နေရသည်။ စီးတော်ယာဉ် မော်တော်ဆိုင်ကယ်ကလေးမှာလည်း နုံချာစုတ်ပြတ်နေသည်။ ဆိုင်က ကေသီဦး တို့စီးသည့် ဆိုင်ကယ်က အရောင်တလွင်လွင့်နှင့် ဂျပန်ဆိုင်ကယ်ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမားဆိုပေမယ့် ဆရာ နှင့် တပည့်ပုံစံလည်းဖြစ်သည်။ အပြင်မှာ ပညာတွေသင်လာခဲ့ပေမယ့် လုပ်ငန်းအတွေ့အကြုံမရှိသေးသည့် အတွက် အစစအရာရာသင်ကြားပြသပေးခဲ့ရသည်။
ထက်အောင်က ကေသီဦးအပေါ် မောင်နှမထက်မပိုသောခင်မင်မှုဖြစ်ဆက်ဆံခဲ့သော်လည်း ကေသီဦးက ထက်အောင် အပေါ်တွင် အားကိုးစိတ်၊ တွယ်တာ မြတ်နိုးစိတ်တို့ဖြစ်ပေါ်ခဲ့သည်။ ကေသီဦးက ထက်အောင်အတွက် နေ့စဉ်လိုလို စားသောက်ဖွယ်ရာများ ၀ယ်ယူလာသည်။ နေ့လယ်ပိုင်းတွင် ထက်အောင် ဆာမည်ဆိုပြီး တစ်ခုခုကို စီစဉ်ပေးသည်။
သို့သော် ထက်အောင်က စီးပွားရေးနှင့် ကွန်ပျူတာပညာကလွဲပြီး ဘာကိုမှ အာရုံမရောက်၊ ကျွေးလျှင်စားလိုက်သည်။ စကားကို အပိုမပြော။ ရောရောနှောနှောမနေ။ ဘာခံစားမှုမှ မရှိ။
အ၀ါရောင်မမသည် ထက်အောင်၏ စိတ်ကို လှုပ်ရှားစေခဲ့သည်။ ထက်အောင် ရင်ထဲတွင် အ၀ါရောင်မမ၏အလှက စိုးမိုး လျက်ရှိသည်။ အဝေးကသာမြင်နေရသော မဏ္ဍပ်ပေါ်မှ အ၀ါရောင်မမသည် မီးရောင်အောင်တွင် လှချင်တိုင်း လှနေပေသည်။

♥♥♥♥♥

သင်္ကြန်အကျနေ့
ကေသီဦးတို့ အုပ်စုက စောစောစီးစီးးအိမ်ကို ရောက်လာသည်။
“ကိုအောင်…”
“ဘယ်သွားကြမလို့လဲ”
“ကိုအောင်ကတော့ လုပ်ပြီ။ မဏ္ဍပ်သွားမယ်လေ”
“မသွားချင်ပါဘူး။ အိမ်မှာအေးအေးဆေးဆေးနေပြီး…စာဖတ်မယ်။ စိတ်ကူးရရင်စာရေးမယ်။ အင်တာနက်သုံးမယ်”
“လက်မှတ်တွေ အလကားဖြစ်ကုန်မှာပေါ့”
“ကေသီဦးရဲ့ သူငယ်ချင်းတွေ ပေးလိုက်ပေါ့”
“ကိုအောင်ရယ်…လိုက်ခဲ့နော်၊ ကေသီတို့နဲ့ အတူတူ မဏ္ဍပ်မှာ ရေအတူတူကစားရအောင်”
“ဒီနေ့တော့ မလိုက်တော့ပါဘူး၊ နောက်ရက်တွေအဆင်ပြေရင် လိုက်ခဲ့ပါမယ်”
“သိပါပြီနော်…ဗူးဆို ဖရုံမသိးတဲ့သူမှန်း…အစကတည်းက သိပါတယ်။ ဇွတ်မခေါ်တော့ပါဘူး။ သွားကြမယ်ဟေ့…”
ကေသီဦးတို့ သူငယ်ချင်းတစ်စုက ဆိုင်ကယ်ကို စက်နှိုးပြီး မောင်းထွက်သွားသည်ကို ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

♥♥♥♥♥

သင်္ကြန်အကြတ်နေ့….
ထက်အောင်က စောစောစီးစီးအိမ်မှထွက်ရန် ပြင်ဆင်လိုက်သည်။ အကြောင်းမှာ ကေသီဦးတို့အုပ်စု လာခေါ်မည်ကို စိုးရိမ်သော ကြောင့်ဖြစ်သည်။
ဆိုင်ကယ်ကို အိမ်ထဲမှ တွန်းထုတ်လာခဲ့သည်။ ဆီကြည့်သည်။ လိုအပ်သည်များ စစ်ဆေးသည်။ စက်နှိုးကြည့်သည်။
“သြော်…ဘယ်ထွက်မလို့လဲ”
အ၀ါရောင်မမ ဖြစ်သည်။ ကားဖြင့် အိမ်ရှေ့ကို ရောက်လာသည်။
“အပြင်သွားစရာရှိလို့ပါ။ မမ ပါလား…ဘယ်ကလာတာလဲ”
“ဒီရပ်ကွက်ထဲက အသိအိမ်လာတာ…မောင်လေးကို မြင်လိုက်လို့”
“ဟုတ်ကဲ့…အိမ်ထဲ ၀င်ထိုင်ပါဦးလားခင်ဗျ”
“မထိုင်တော့ဘူး…မောင်လေး တစ်ခါတည်း မမနဲ့ မဏ္ဍပ်ကို လိုက်ခဲ့”
“ကျွန်တော်…သွားစရာရှိသေးတယ်”
“မရဘူး…မောင်လေးက မမကို ခင်တယ်မဟုတ်လား”
ထက်အောင်က မမ၏ စကားကို မလွန်ဆန်နိုင်သဖြင့် ဆိုင်ကယ်ကို အိမ်ထဲပြန်သွင်းလိုက်သည်။ အ၀ါရောင်မမ၏ ကားဖြင့် သင်္ကြန်မဏ္ဍပ်သို့ လိုက်ပါသွားခဲ့လေသည်။
သင်္ကြန်မဏ္ဍပ်တွင် ကေသီဦးတို့ အုပ်စုကို တွေ့လိုက်ရသည်။ သူတို့တော်တော်ပျော်နေပုံရသည်။ ထက်အောင်ကို မြင်တော့ ကေသီဦးက အတူတူရေကစားရန် လာခေါ်သည်။ ထက်အောင်က ကေသီဦးနှင့်အတူရေကစားရန်အတွက် အ၀ါရောင်မမကို တစ်ချက်ကြည့်လိုက်သည်။
“သွားကစားလိုက်ပါ…မောင်လေး၊ မမ…စားသောက်စရာတွေ စီစဉ်လိုက်ဦးမယ်”
ထက်အောင်က အ၀ါရောင်မမကို ခေါင်းညိတ်ပြလိုက်သည်။ ထိုနေ့ တစ်နေ့တာအတွက် မဏ္ဍပ်တွင်သာ အချိန်ကုန် ဆုံးခဲ့ရလေသည်။

♥♥♥♥♥

သင်္ကြန်အတက်နေ့ည….
နံနက်ကတည်းက အပြင်ထွက်ရန် စိတ်မပါသောကြောင့် တံခါးပိတ်ပြီး စာဖတ်သည်။ အင်တာနက်ကြည့်သည်။
ညနေ ၃ နာရီတွင် တယ်လီဖုန်းမြည်လာသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်သောအခါ တစ်ခါမှ မဆက်ဘူးသော ဖုန်းနံပါတ်ဖြစ်သည်။
“ထက်အောင်ပါ”
“မောင်လေး…မမပါ”
အ၀ါရောင်မမ ဖုန်းဆက်ခြင်းဖြစ်သည်။
“မောင်လေးရေ…မမတို့ မဏ္ဍပ်ကို ညပိုင်းလာခဲ့ပါနော်”
“ကျွန်တော်…မလာလို့မရဘူးလားမမ”
“မောင်လေး…လာခဲ့နော်…မမတို့ အစီအစဉ်တစ်ခုလုပ်ထားလို့ပါ။ မောင်လေး မလာရင် မမစိတ်ဆိုးမှာနော်”
“ဟုတ်ကဲ့…မမ လာစေချင်ရင် လာခဲ့ပါမယ်”
သည်လိုနှင့် ည ၇ နာရီတွင် ထက်အောင် အ၀ါရောင်မမ၏ မဏ္ဍပ်ကို ရောက်သွားသည်။ ထိုညတွင် မီးရောင် အောက်တွင် အစိမ်းရောင်လေးဖြင့် လှချင်တိုင်းလှနေသော အ၀ါရောင်မမ ကို တွေ့လိုက်ရသည်။ ၁၅ မိနစ်ခန့် အကြာတွင် အစိမ်းရောင်ဝမ်းဆက် ၀တ်ဆင်လျက် ကေသီဦးကိုတွေ့လိုက်ရသဖြင့် ထက်အောင် အံ့သြသွားသည်။ ကေသီဦးက ထက်အောင်ဘေးတွင်လာထိုင်သည်။ အစိမ်းရောင်အမျိုးသမီး နှစ်ယောက်ကြားတွင် ထက်အောင် အနေအထိုင်ခက်နေသည်။
တီးဝိုင်းက လက်စွမ်းပြတီးမှုတ်ပေးသည်။ နိုင်ငံကျော် အဆိုတော်များကလည်း မြူးမြူးကြွကြွ သီဆိုဖျော်ဖြေသည်။ သင်္ကြန်မယ်ကလေးများကလည်း အလှည့်ကျ ကပြအသုံးတော်ခံသည်။ မဏ္ဍပ်ရှေ့တွင် အထူးစည်ကားနေသည်။
“ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များရှင်၊ အထူးအစီအစဉ်တစ်ခုကို ကြေညာပေးပါမယ်။ အခု ကျွန်မတို့ မဏ္ဍပ်ကို တကူးတကလာပြီးအားပေးတဲ့ ကိုထက်အောင် သီဆိုပြီး…မကေသီဦးက ကပြဖျော်ဖြေပေးပါမယ်ရှင်”
ထက်အောင် အံ့သြသွားသည်။ အ၀ါရောင်မမက ထက်အောင်ကို ပြုံးပြီးကြည့်သည်။ ကေသီဦးက နေရာကထသည်။
“မောင်လေး…စိတ်မဆိုးနဲ့နော်။ ဒါက မမ စီစဉ်တာပါ။ မောင်လေးက သီချင်းလဲကောင်းကောင်းဆိုတတ်တယ်ဆိုတာ မမသိပြီးသာပါ”
ထက်အောင် မတတ်သာတော့ပဲ နေရာမှထပြီး နွေဦးကဗျာကို ပိုင်ပိုင်နိုင်နိုင် သီဆိုဖျော်ဖြေသည့်အခါ ကေသီဦးက အစိမ်းရောင်ဝမ်းဆက်ကလေးဖြင့် လှလှပပ ညက်ညက်ညောညော ပြုံးပြုံးရွှင်ရွင် ကပြသည်မှာ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရလေသည်။
အဆိုနှင့်အကကို ပိုင်နိုင်စွာအသုံးတော်ခံပြီးသည်နှင့် ပရိသတ်၏ လက်ခုပ်သံများက သောသောညံသွားလေသည်။
“အဆိုနဲ့အကကို အတွဲညီညီနဲ့ သီဆိုဖျော်မြေသွားတဲ့ ကိုထက်အောင်နဲ့ မကေသီဦး တို့ကို ကုမ္ပဏီပိုင်ရှင် ၏ ဇနီး ဒေါ်တွယ်တာပွင့်က ဆုတော်ငွေ ကျပ်တစ်သိန်းတိတိ ချီးမြှင့်ပေးပါမယ်ရှင်။ ဆုတော်ငွေများ ချီးမြှင့်ပေးပါရန် ဒေါ်တွယ်တာပွင့်အား လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်”
အခမ်းအနားမှူးက ကြေညာလိုက်သည်နှင့် အ၀ါရောင်မမက နေရာမှထလိုက်သောကြောင့် ထက်အောင် ရင်ထဲတွင် ဖော်ပြနိုင်စွမ်းမရှိသော ဝေဒနာဖြစ်ပေါ်ခဲ့ရလေသည်။ ထက်အောင်အနေဖြင့် အ၀ါရောင်မမကို တိတ်တခိုးတွယ်တာ မိသည်မှာ ရင်မှာဝေဒနာသာ အဖတ်တင်ရပေတော့သည်။
ထက်အောင် က ကေသီဦးနှင့် ယှဉ်လျက်ရပ်နေလိုက်သည်။ ကေသီဦး၏ မျက်နှာမှုာ အပြုံးပန်တွေ ဝေ ဆာလျက် ရှိနေသည်ကို တွေ့ရှိရသည်။ အ၀ါရောင်မမ ခေါ် ဒေါ်တွယ်တာပွင့်က ထက်အောင်နှင့် ကေသီဦးကို ဆုငွေများ ပေးအပ်သည်။
“မောင်လေးနဲ့ ညီမလေးက အရမ်းလိုက်ဖက်တယ်နော်။ ရှေ့သွားနောက်လိုက် ညီလိုက်တာ…ပျော်ရွှင်သော ဘ၀လေးကို ဖန်တီးနိုင်ပါစေ”
ဒေါ်တွယ်တာပွင့်က ဆုငွေပေးအပ်အပြီးတွင် ပြောလိုက်သောစကားသည် ထက်အောင်ရင်ထဲ၌ အမျိုးအမည် မသိသော ခံစားမှု ကြည်နူးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ကေသီဦးကို ပြုံးပြလိုက်သောအခါတွင် လှပသော အပြုံးကလေး ဖြင့် ပြန်လည်တုန့်ပြန်လာပုံမှာ ထက်အောင် ရင်ထဲတွင် တစ်ခါမှ မခံစားဘူးသော ခံစားမှု ဖြစ်ပေါ်စေခဲ့လေသည်။
ထက်အောင် က နေရာတွင် ပြန်လည်ထိုင်လိုက်ပြီး သီဆိုဖျော်ဖြေမှုများကို အားပေးကြည့်ရှုနေလေသည်။ ကေသီဦး မှာ ထက်အောင်၏ ဘေးတွင် အပျော်ကြီးပျော်လျက်ရှိနေလေသည်။

♥♥♥♥♥

“မောင်လေး….အပြန်မှာ ကေသီဦးကို လိုက်ပို့လိုက်ပါလား။ အလာတုန်းက မမကားနဲ့သွားခေါ်ခိုင်းတော့ သူ့မှာ ဆိုင်ကယ်ပါမလာဘူး”
“ဟုတ်ကဲ့မမ”
ဒေါ်တွယ်တာပွင့်ကို နှုတ်ဆက်၍ ကေသီဦးနှင့်အတူ ဆိုင်ကယ်ဖြင့် ပြန်လာခဲ့သည်။ နိုင်လွန်အအေးဆိုင်တွင် နှစ်ယောက်သား ဒူးမလိုင်ဝင်သောက်ရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နားလည်မှုရရှိခဲ့လေသည်။
“ကိုအောင်…”
“ပြေပါ…ကေသီ”
“မမတွယ်တာပွင့် ယောက်ျားက စင်္ကာပူကို ခဏသွားနေတာလေ။ ဒါ့ကြောင့် မဏ္ဍပ်မှာ မတွေ့တာ”
“သြော်…”
ထက်အောင် မိမိကိုယ်ကို ရှက်မိသည်။ အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်အပေါ် သံယောဇဉ်နှောင်ဖွဲ့မိသည့် အဖြစ်ပါလား။ အပျိုစင်စစ် တစ်ယောက် ဟုသာ ထက်အောင်ထင်ခဲ့သည်။ အနားက ကေသီဦးသည် သူ့အတွက် ဘ၀အဖော်မွန်တစ်ယောက် ဖြစ်လို့များနေမလား။
ထက်အောင်က ကေသီဦးကို စေ့စေ့ကြည့်မိသည်။
“ကိုအောင်…ဘာလို့ ဒါလောက်တောင်စိုက်ကြည့်နေတာလဲ”
“ကေသီနဲ့ ဒီအစိမ်းရောင် ဖက်ရှင်လေးနဲ့ အရမ်းလိုက်တယ်နော်။ ကိုအောင့် မျက်စိထဲမှာ အစိမ်းရောင် မင်းသမီးလေးလို့ ထင်မိတယ်”
“ကိုအောင်ရယ်…မြှောက်ပြန်ပြီ…နေ့တိုင်းမြင်နေရတဲ့ ကိုယ့်ဆိုင်က အလုပ်သမလေးကို ဒီနေ့မှ ထူးထူးခြားခြား ဘာစကားတွေလာပြောနေတာလဲ”
“ကေသီ့ကို ကိုအောင်က အလုပ်ရှင်…အလုပ်သမား ပုံစံဆက်ဆံခဲ့လို့လား။ ဆိုင်မှာဆို ကေသီ ဦးစီးပြီးလုပ်နေလို့ ကိုအောင်က အပြင်ကိစ္စတွေကို စိတ်အေးလက်အေး သွားလုပ်နိုင်တာပဲ မဟုတ်လား ကေသီရယ်”
“ကေသီ…နာလည်ပါတယ်…ကိုအောင်…ဒါနဲ့ ဒီနေ့ရတဲ့ ဆုငွေကို ကေသီလဲ မယူဘူး။ ကိုအောင်လဲ မယူနဲ့နော့်”
“ကေသီက ဘာလုပ်ချင်လို့လဲ”
“ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ န၀ကမ္မသွားလှူလိုက်ရအောင်လေ”
“ကေသီ့ သဘောပါ။ မိုးချုပ်နေမယ်…သွားရအောင်နော်”
“ကိုအောင်ရယ်….ဒီနေ့လောက် ပျော်ရတဲ့နေ့ ကေသီဘ၀မှာ မရှိခဲ့ပါဘူး”
“ကိုအောင်လဲ ထပ်တူခံစားရပါတယ် ကေသီရယ်”
ထက်အောင် နှင့် ကေသီဦးတို့ တစ်ဦးကိုတစ်ဦးနားလည်မှုရရှိခဲ့သည်။ ထက်အောင် နှင့် ကေသီဦးတို့ အဖို့ ဒီနှစ် အတာသင်္ကြန်သည် ပျော်စရာအကောင်းဆုံးသင်္ကြန်ဖြစ်ခဲ့လေသည်။

♥♥♥♥♥

ဥပုသ်နေ့မို့ ဆိုင်ပိတ်သည်။
ထက်အောင် က စိတ်ကူးတစ်ခုရသဖြင့် ကျေးဇူးရှင် မြားနတ်မောင် ဒေါ်တွယ်တာပွင့်ကို အမှတ်တရ လက်ဆောင်ပေးရန် ပစ္စည်းများ ၀ယ်ခဲ့သည်။ ဒေါ်တွယ်တာပွင့်တို့ ကုမ္ပဏီက စနေနှင့်တနင်္ဂနွေမှသာ ပိတ်သဖြင့် ဂိတ်တွင် ပြောပြီး ဆိုင်ကယ်ကို မောင်းဝင်လာခဲ့သည်။
ဆိုင်ကယ်ထားရာနေရာသို့ မောင်းဝင်လာခဲ့သည်။ ကေသီဦးရဲ့ ဆိုင်ကယ်ကို တွေ့လိုက်ရသဖြင့် ထက်အောင် အံ့သြသွားသည်။ ကေသီဦး ရောက်နေပါလား။
ဧည့်ကြိုဌာနမှ ကောင်မလေးက ဒေါ်တွယ်တာဦး၏ ရုံးခန်းကိုလိုက်ပို့သည်။ ရုံးခန်းတံခါးဖွင့်ထားသည်။ အတွင်းသို့ လှမ်းမမြင်နိုင်အောင် လုပ်ထားသည့်အထပ်သား ခန်းဆီးအနားကို ရောက်သောအခါ အတွင်းမှ ကြားရသော စကား သံကြောင့် ဆက်မ၀င်သေးဘဲ နားထောင်နေလိုက်သည်။
“မမရယ်…ကေသီ အရမ်းကျေးဇူးတင်တယ်နော်။ မဏ္ဍပ်အတွက် လက်မှတ်ဖိုး ကို ကေသီက ကြိုပေးထားပြီး။ ကေသီတို့ဆိုင်မှာ ဗီနိုင်းအပ်ဖြစ်အောင် ကိုအောင့် အချစ်ကို ရရှိအောင် မမက စီစဉ်ပေးနိုင်တာ ဘာမှ လွဲချော်မှု မရှိအောင် ဖြစ်တယ်နော်”
“ဒါက ကေသီရယ်…မမနဲ့ကေသီတို့ အရင်ကတည်းက သိကျွမ်းနေတယ်ဆိုတာ မောင်ထက်အောင် မသိလို့ပေါ့”
“ကေသီက သူ့ကို တစ်ဖက်သတ်ချစ်မြတ်နိုးနေတာပါ မမရယ်။ ကိုအောင်က မမကို အပျိုထင်ပြီး စိတ်ဝင်စားနေတာ သိတော့ ကေသီ မနာလိုဘူးသိလား”
“ကေသီရယ်…မမက ကေသီ့ချစ်သူကို မလုပါဘူးနော်”
“ကေသီ အခုလို မမနဲ့ပေါင်းပြီး ကိုအောင့်ရဲ့ အချစ်ကို ရအောင်လုပ်တာ မမ လျှို့ဝှက်ထားပေးပါနော်”
“အင်းပါ…ကေသီရယ်….မမကို စိတ်ချပါ။ ကေသီက မောင်ထက်အောင်ကို အရမ်းချစ်တာကိုး”
“ဟုတ်ပါတယ်…မမရယ်…ကေသီက ကိုအောင်ကို အရမ်းချစ်မိလို့ အခုလို ကြံမိတာပါ”
ထက်အောင်က လက်ထဲမှ လက်ဆောင်ပစ္စည်းများကို အလိုလို လွှတ်ချမိလိုက်သည်။ ပစ္စည်းများ လွှတ်ကျသံကြောင့် ဒေါ်တွယ်တာပွင့်နှင့် ကေသီဦးတို့ ပြေးထွက်လာကြသည်။
“ကိုအောင်”
“မောင်လေး”
ထက်အောင် ဘာမှ ပြန်ပြောမနေတော့ဘဲ လှည့်ထွက်သွားသည်။
“ကေသီ…မြန်မြန်လိုက်သွား”
ကေသီဦးက ထက်အောင်၏နောက်ကို အပြေးလိုက်သွားသည်။ ထက်အောင်က အပြေးတစ်ပိုင်းဖြင့် ဆိုင်ကယ် ရှိရာသို့ ထွက်လာခဲ့သည်။ ဆိုင်ကယ်ကို အမြန်ထုတ်ပြီး လမ်းမပေါ်သို့ အရှိန်ဖြင့် မောင်းထွက်လိုက်သည်။
ထိုအချိန်တွင် လမ်းကြောင်းအတိုင်း မှန်မှန်လေး မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက လမ်းမပေါ်သို့ ရုတ်တရက် ထွက်လာသော ထက်အောင်၏ ဆိုင်ကယ်ကို ၀င်တိုက်မိလေသည်။
ထက်အောင်သည် ဆိုင်ကယ် ပေါ်မှ အရှိန်ဖြင့်ကျသွားပြီး ဦးခေါင်းဖြင့် လမ်းမပေါ်ရိုက်မိကာ သတိမေ့မြောသွားလေ သည်။
ကေသီဦးက အပြေးကလေး ရောက်လာပြီး ထက်အောင်ကို သွားရောက် ပွေ့ချီလေသည်။ ခြေထောက်မှာလည်း ဒဏ်ရာရသွားပြီး သွေးများက မြင်မကောင်းအောင် ဖြစ်နေသည်။
“ကိုအောင့်ကို ဆေးရုံအမြန်ပို့ကြပါ”
ဒေါ်တွယ်တာပွင့်က အခြေအနေကို သိလိုက်ပြီး ဒရိုင်ဘာကို အမြန်ခေါ်ကာ ကားစီစဉ်ပြီး ပြည်သူ့ဆေးရုံသို့ ထက်အောင်ကို ပို့ဆောင်ပေးခဲ့လေသည်။

♥♥♥♥♥

“ကိုအောင်ရယ်…ကေသီကြောင့် အခုလို ဖြစ်ရတာနော်”
ကေသီဦးက ကုတင်ပေါ်တွင် ပက်လက်ကလေးဖြစ်နေသော ထက်အောင်ကိုကြည့်ပြီး တိုးတိုးလေး ရေရွတ်မိလေသည်။ ထက်အောင်မှာ ဦးခေါင်းကို ထိခိုက်မိပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည်။ တစ်ဖက်မှ ဆိုင်ကယ်သာ အရှိန်ဖြင့် မောင်းဝင်လာပါက အခြေအနေက ဒီထက်ဆိုးဆိုးရွာရွားဖြစ်သွားနိုင်သည်။ အခြေထောက်တစ်ထက်က တွင်တွင်ကျိုးသွားသဖြင့် ကျောက်ပတ်တီးစီး ထားရသည်။
ကေသီဦးက စဖြစ်သည့်နေ့မှ စပြီး ထက်အောင်၏အနားက လုံးဝမခွါတော့။ ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆေးရုံကို ပြောင်းသည်။ ဆေးရုံတွင်ပင် နေလိုက်သည်။ ဆေးရုံတွင် နေထိုင်ရင်း ထက်အောင်ကို ပြုစုနေသဖြင့် ထက်အောင်၏ ဇနီးဟု ထင်နေကြသည်။ ထက်အောင်က တစ်ကိုယ်ရေတစ်ကာယသမားမို့ ကေသီဦးအဖို့ လိုလေသေးမရှိအောင် ပြုစုနေလေသည်။
ကေသီဦးက ထက်အောင်၏ လက်ဖ၀ါးလေးကို တယုတယ ကိုင်တွယ်လိုက်သည်။ နူးညံ့နေသော လက်ကလေးကို အသာအယာ ပွတ်သပ်ပေးနေမိသည်။ နောက် ထက်အောင်၏ လက်ကလေးကို အသာအယာမပြီး သူမ၏ ပါးပြင်မှာ အုပ်ထားလိုက်မိသည်။ မျက်လုံးအစုံကို မှိတ်ထားလိုက်လေသည်။
ထက်အောင်က နူးညံ့သော အတွေ့အထိကြောင့် မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်။ မိမိ၏လက်ကလေးကို ကိုင်ပြီး ပါးပြင်တွင် အုပ်ထားသော ကေသီဦးကို တွေ့လိုက်ရသည်။ ကျန်သောလက်တစ်ဖက်ကို မကြည့်လိုက်သည်။ ဘာမှ ထိခိုက်မှု မရှိသဖြင့် ကေသီဦးကို ဆံစလေးများကို အသာအယာလှမ်းကိုင်လိုက်သည်။
ကေသီဦးက မျက်လုံးကလေး ဖွင့်ကြည့်လိုက်သည်။
“ကိုကို…သတိရပြီနော်”
ထက်အောင်က ခေါင်းကို အသာညိတ်ပြလိုက်သည်။
“ကိုကို…လို့ပဲ ခေါ်တော့မယ်နော်…ကေသီလေ…ကိုကို့ကို အရမ်းချစ်တယ်”
ထက်အောင်က ကေသီဦး ၀တ်ဆင်ထားသော အစိမ်းရောင် ၀မ်းဆက်ကလေးကို သတိထားမိသွားသည်။
“ကေသီ”
“ကိုကို”
“ကိုကို့ကို ချစ်လို့ ကေသီကြံစည်လုပ်ကိုင်တာတွေကို ကိုကို ခွင့်လွှတ်ပါတယ်နော်”
“၀မ်းသာလိုက်တာကိုကိုရယ်”
“ဒီအစိမ်းရောင် ၀မ်းဆက်ကလေးက ကိုကို့ မျက်စိထဲမှာ ကြည်လင်အေးမြနေပါတယ်။ ဒီနှစ် သင်္ကြန်ဟာ ကေသီနဲ့ ကိုကိုတို့အတွက် ဘ၀တစ်သက်တာ မေ့လို့ရမှာမဟုတ်ဘူးနော်”
“ကိုကိုရယ်…ကေသီအတွက်တော့ ဆယ်ဘ၀ မေ့လို့ရမှာ မဟုတ်ပါဘူး”
ကေသီဦးက ခေါင်းကလေးကို ထက်အောင်၏ ရင်ခွင်ထဲတိုးဝင်လိုက်သည်။ ထက်အော်က ကေသီဦးကို အသာအယာ ပြန်လည်၍ ပွေ့ဖက်ထားလိုက်လေသတည်း။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့