Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

'✿♥✿♥✿အဖြည့်ခံ ပန်းတစ်ပွင့်ရဲ့ ရှိုက်ငိုသံ'✿♥✿♥✿

ဒီနိုင်ငံ ဒီဒေသမှာ နွေဦးပေါက်ပြီး ဆိုတာနှင့် လူသားအားလုံး မြင်တွေ့ချင်ကြတာ ပန်းပိတောက်ပါ။ ရင်ထဲ တောင့်တနေကြတာ ပန်းပိတောက်ပါ။
တစ်နှစ်မှာ တစ်ခါသာ ပွင့်တယ်ဆိုပြီး ရှားပါးတဲ့ ပန်းတစ်ပွင့်အနေနှင့် လူတွေမြတ်နိုးကြတယ်။ မျှော်လင့်နေခဲ့ကြတယ်။
ပူပြင်းပြင်းနေရောင်အောက်မှာ ဖူးငုံချီလို့ မိုးတစ်ပြိုက်အရွာကို စောင့်မျှော်ငင့်လင့်ရင်း သူမရဲ့ အုံပုန်းအလှကို ရဲရဲဝံ့ဝံ့ ထုတ်ပြခဲ့တာ ပန်းပိတောက်ပါ။
မြန်မာမှန်ရင် နွေရာသီက ပန်းပိတောက်ကို ချစ်ကြတယ်။

ပိတောက်တွေ ပွင့်ရင် လူတိုင်း ပျော်ရွှင်ကြတယ်။ နွေရာသီရဲ့ ပန်း ဆိုပြီး ပန်းပိတောက်ကို နွေရာသီ ချစ်သူတွေက တန်ဖိုးထားကြတယ်။
ပိတောက်ကို ချစ်တဲ့ လူသားတွေရဲ့ ရင်ထဲမှာ နွေရာသီရဲ့ အပူဒဏ်ကို ကြံ့ကြံ့ခိုင် အန်တုရင်း ခြောက်သွေ့လွန်းတဲ့ ပတ်ဝန်းကျင်ကို သဘာဝအလှဆင်မြန်းပေးတဲ့ ပန်းလေးတစ်ပွင့်ကို လျစ်လျူရှူ့ မေ့ပျောက်နေခဲ့ကြတယ်။
သူမမှာရှိတဲ့ ခွန်အားတွေအကုန်သုံး ဖူးပွင့်နေကြတဲ့ ငုဝါပန်းတွေရှေ့က ဖြတ်လျှောက်သွားကြပြီး မပွင့်သေးတဲ့ ပန်းပိတောက်ကို သွားရောက်စောင့်မျှော်နေကြတဲ့ လူသားတွေကို ကြည့်ရင်း ငုဝါလေး ကြေကွဲစွာ ငိုနေမိတယ်။
ပင်လုံးကြိုင် လန်းဆန်းပွင့်ဝေနေပေမဲ့ ငုဝါလေးရဲ့ ရင်ထဲမှာ အထီးကျန်ဝေဒနာတွေနဲ့လေ။

ရရှိခဲ့တဲ့ ဥပေက္ခာတွေကြောင့် ငုဝါလေးရဲ့ ရင်ထဲမှာ နာကျင်နေခဲ့တယ်။
သူမ နားမလည်နိုင်ခဲ့တဲ့ လူတွေရဲ့ သဘော၊သဘာဝ စိတ်ဓာတ်ပုစ္ဆာများစွာကို သူမဘာသာ တီးတိုးရွတ်ဆိုရင်း တစ်ယောက်ထဲ တွက်နေမိခဲ့တယ်။
✿ အဝါရောင်ပန်းခြင်းတူခဲ့ပေမဲ့ ဘာကြောင့်များ ပိတောက်ကို လူတွေက ပို၍ တန်ဖိုးထားကြပြီး ငုဝါကို မေ့ပြစ်ထားကြတာလဲ။
✿ ပန်းပိတောက်ရဲ့ မိုးရေ အကူအညီကိုရရှိမှ ပွင့်လာနိုင်တဲ့ အားနွဲ့ခြင်းတွေကို ဂရုဏာသက်ခဲ့ပြီး မိမိဘာသာ ရုန်းကန်ကြိုးစားနိုင်စွမ်းရှိတဲ့ ငုဝါကို နောက်ထပ်အကြင်နာတွေ ပေးစရာမလိုတော့ဘူးလို့ တွေးခဲ့ကြတာများလား။
✿တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်သာ ပွင့်လန်းနိုင်ခဲ့တဲ့ ရှားပါးတဲ့ ပန်းပိတောက် နှင့် နွေရာသီ ခါရာသီ တစ်လျှောက်မှာ မညှိုးမနွမ်း လန်းဆန်းစွာ ပွင့်နေနိုင်တဲ့ ငုဝါတို့ကြားမှာ ရှားပါးမှုကို ပိုပြီးအရေးပေးလိုက်ကြတာလား။
✿ပိတောက်က အဆင်းရော ရနံ့ပါ ပြီးပြည့်စုံပြီး ငုလေးမှာက အဆင်းသာလှ ရနံ့ မပြည့်စုံခဲ့လို့လား။
✿အကြွေစောခဲ့လို့ ပိတောက်ကို ပိုမို ဂရုဏာသက်ခဲ့ကြတာလား။
နွေရာသီတွေ ရောက်လေတိုင်း မြူးတူးစွာ ပွင့်လာတဲ့ ပန်းပိတောက်ရဲ့ ဘေးမှာ ညှိုးငယ်စွာ ရပ်နေတဲ့ အကြင်နာရင်ခွင်ပျောက် ငုဝါလေးတစ်ပွင့် တိုးတိတ်စွာ ငိုနေတာ ဘယ်သူတွေ သတိထားမိခဲ့သလဲ။
မည်သူတွေက ငုဝါလေးကို အကြင်နာပေးဖို့ သတိရကြသလဲ။
အထီးကျန်ငုဝါလေးအတွက် မည်သူက အကြင်နာရင်ခွင်တစ်စုံ ပေးလှည့်မှာလဲ။
မည်သူကြင်နာသည် ဖြစ်စေ၊လျစ်လျူရှုခဲ့သည်ဖြစ်စေ ငုဝါလေးတစ်ပွင့်ကတော့ ပူပြင်းလွန်းတဲ့ ရာသီကိုအန်တု ၊သူမအစွမ်းရှိသလောက် ဟောဒီ ဩကာသ လောကကြီးကို အလှဆင်နေအုံးမှာပါပဲ။
သဘာဝက ပေးလာတဲ့ အချိန်တွေ ကုန်ဆုံးသွားတဲ့ အထိ သူမ ရှင်သန်ပွင့်လန်းနေမှာပါ။
အထီးကျန်မှုကြောင့် ညှိုးဖွဲ့လာတဲ့ မျက်ရည်တစ်ချို့ကို တိုးတိတ်စွာ သိမ်းဆည်းရင်း သူမ နှုတ်ခမ်းပါးမှ အပြုံးလှလှတပ်ဆင် လောကအလှကို သူမစာဖွဲ့ပေးနေအုံးမှာပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့