Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 17 March 2012

***ရွှေရည်လူး တဲ့ နွေတန်ခူး***


မြူးကြွတဲ့ သင်္ကြန်တေးသံတွေ ၊ သင်းပျံ့ကြိုင်လှိုင်တဲ့ ပိတောက်ပန်းရနံ့လေး နဲ့ အတူ အေးမြခြင်း သဘောကို ဆောင်ညဉ်း ပေးတဲ့  သင်္ကြန်ရေစင်အေးအေးလေးတွေကို ရွှေရည် အရမ်းကို ချစ်မြတ်နိုးခဲ့
သူတစ်ယောက်ပါ ။ ဒါပေမယ့် ခုချိန်မှာ ရွှေရည် ချစ်မြန်နိုးခဲ့ရတဲ့  အရာတွေ အားလုံးက ရွှေရည် နဲ့
အဝေးဆုံးမှာ ကျန်နေခဲ့ရပါပြီ။
မြူးကြွနေတဲ့သင်္ကြန်တေးသံတွေက ရွှေရည် အမုန်းတွေကို ဒီဂရီ မြှင့်ပေးနေသလိုပါဘဲ။ ရွှေရည်လူးတဲ့ ပိတောက်ပန်း
ဝါ၀ါလေးတွေ ကို မြင်တွေ့ခွင့် ဝေးခဲ့တာ သုံးနှစ် တိုင်ခဲ့လေပြီ။ရွှေရည်လူးတဲ့ ပိတောက်တွေ ကြွေတဲ့ သင်္ကြန်ရာသီကို ရောက်လာပြန်ပြီ ကိုကို။ သင်္ကြန်နဲ့ ရွှေရည်ကြားမှာ အမှောင်ကမ္ဘာတစ်ခုက စည်းခြားထားခဲ့တာပါ။ သင်္ကြန်ဆိုတာကို စိတ်ကူးထဲမှာပဲ ကျော်ဖြတ်ခဲ့ရတာ သုံးနှစ် တိတိ ရှိခဲ့ပါပြီ။သင်္ကြန်ဟာ ရွှေရည် နဲ့ မဆိုင်သလို
ဖြစ်လာခဲ့ရတယ်။သုံးနှစ်ဆိုသော အချိန်အပိုင်းခြားက အရာရာကို ပြောင်းလဲစေပါသလား။နာကြည်းခြင်း၊မုန်းတီခြင်း
တွေက ရင်ထဲမှာ အရှိန်ဟုန်ပြင်းစွာ ပြန်လည်လှိုက်တက်လာပါသည်။




~~~~~~@@@~~~~~~~
လွန်လေခဲ့သော သုံးနှစ်ကာလတစ်ခုဆီသို့ ................

ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့  အိမ်ထဲဝင်လာခိုက်.....
*အိမ်ထဲမှာ ဧည့်သည်တွေရောက်နေတယ် ရွှေရည် ၊ ရန်ကုန်ကလေ ရွှေရည်ဖေဖေ ရဲ့ သူငယ်ချင်းမိသားစုပဲ*
ဟုပြောတော့ ရွှေရည် ပြုံးပြီး...........
*ရွှေရည် သိတယ် အန်တီအေး ၊ ဖေကြီး မနက်ကပဲ ပြောတယ် ၊ ဧည့်သည်တွေ လာလည်ကြမယ်တဲ့ *
ရွှေရည် ဆိုတာ ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားသူလေးမို့ အန်တီအေးလက်ထဲ ကြီးလာခဲ့ရသူပါ။
ဘယ်လောက်ဘဲ အရွယ်ရောက်နေနေ ကလေးတစ်ယောက်လိုဘဲ မြင်နေမိတယ်။အရမ်းကို အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ရွှေရည်ဆိုတဲ့ ကောင်မလေးကိုတွေ့တဲ့ သူတိုင်း ချစ်စရာလေးလို့ ပြောရလောက်
အောင်ကို ချစ်ဖို့ကောင်းသူလေးတစ်ယောက်ပါ။
အန်တီအေးနဲ့ စကားပြောပြီး ရွှေရည် မှန်တံခါးကို တွန်းဖွင့်ဝင်တော့ တကယ်ပဲ ဧည့်သည်တွေ ရောက်နေကြပါပြီ။
အန်ကယ်တစ်ယောက်နဲ့ အန်တီတစ်ဦးကြား မှာ ဆိုဖာပေါ် က္ကုနြေ္ဒကြီးတစ်ခွဲသားနဲ့ စတိုင်ထုတ် ထိုင်နေတဲ့ လူတစ်
ယောက်ကို ရွှေရည် ခပ်စူးစူးလေး စပ်စုမိလိုက်သည်။ ရှိနေသည့် အသက်ရွယ်ထက်ပိုပြီး ရင့်ကျက် လူကြီးဆန်နေတဲ့
သူကို ကြည့်ရတာ စိတ်ထဲတော်တော် အချဉ်ပေါက်မိသွားသည်။ဖျက်ဆို သူကလည်း ရွှေရည်ကို တစ်ချက်လှမ်းကြည့်
တာနဲ့ ဆုံသွားပါတော့သည်။ ဖေဖေက ရွှေရည်ကို မြင်တာနဲ့
*သမီးလေး လာထိုင်ပါအုံးကွယ် ဒီမှာ ဖေဖေ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးချင်လို့ *
ဖေဖေက လှမ်းခေါ်တော့ ရွှေရည် ပြုံးပြုံးလေး ဖေဖေဘေးမှာ ထိုင်လိုက်ရင်း အားလုံးကို နှုတ်ဆက် ပြုံးပြလိုက်ပါသည်။
အန်တီကြီးက စမေးလာပါသည်။
*သူလေးက ကိုစောမင်း သမီးလေးလား...........*
*ဟုတ်ပါဗျာ........ကျွန်တော်အသည်းနှလုံးလေးပေါ့*
*သမီးလေးက အချောလေးဘဲ.........ချောတယ်ဆိုတာထက် ချစ်ဖို့တော်တော် ကောင်းတာဘဲ*
*ကျေးဇူးတင်ပါတယ် အန်တီ ...သမီးနာမည် ရွှေရည်ပါရှင်.....အန်တီက လဲ အရမ်းကို အရွယ်တင်ပြီးချောတယ်နော်*
*သမီးလေးက စကားပြောတာလဲ ချစ်စရာလေးတော့*
ရွှေရည်နဲ့ အန်တီ အတိုင်ဖောက်ညီနေကြပါသည်။ ရွှေရည်နဲ့ အန်တီစကားပြောနေတာကို ပြုံးပြီးကြည့်နေတဲ့ ကိုလူချော
နဲ့ ပါအန်တီက မိတ်ဆက်ပေးပါသည်။
*ဒါ အန်တီသားလေ ။ နာမည်က ထွဋ်ခေါင်တဲ့ ။ သမီးလေးထက်တော့ ကြီးမယ်ထင်တယ်။ သမီး ကိုကို ပေါ့ကွယ်*
*ဟုတ်ကဲ့ ပါ ......တွေ့ရတာ ၀မ်းသာပါတယ်ရှင်*
*အကိုလဲ ၀မ်းသာပါတယ် ညီမလေး*
စကားပြောတာကအစ ရည်မွန်ပြီး လူကြီးဆန် ပုံရတဲ့ ကိုကို ကို စတွေ့တွေ့ချင်းတုန်းကလောက် ကြည့်မရ မရှိတော့ပါဘူး။ကိုကို တို့ မိသားစုလေးက ရွှေရည်တို့ အိမ်မှာ သင်္ကြန်ရက်နဲ့တိုက်ကာ လာလည်ခြင်းဖြစ်ပါသည်။

~~~~~~@@@~~~~~~~
ရွှေရည် အိပ်ရာမှ နိုးထလာသောအချိန်တွင် ပထမဆုံး သတိထားမိတာက အိမ်မှာ ဧည့်သည်တွေ ရှိနေတယ်ဆိုတာ
ဖြစ်သည်။ ရွှေရည် တစ်ကိုယ်ရေ သန့်ရှင်းမှု လုပ်ပြီးချိန် အခန်းတွင်းရှိ ပြတင်းပေါက်နား သွားလိုက်ပြီး ပြတင်းတံခါးကို
ဖွင့်ကာ ခြံထဲက ပိတောက်ပင်ကြီးကို လှမ်းကြည့်လိုက်မိပါသည်။ အားပါး မနေ့ကထက်ကို ပြွတ်ခဲနေအောင် တစ်ပင်လုံး
ပွင့်နေတဲ့ ပိတောင်ပန်းတွေ က ရွှေရည်ကို လက်ယပ်ခေါ်နေသလိုပါဘဲ ..........ခြံထဲကို ပြေးဆင်းလာခဲ့ မိပါသည်။
ပိတောက် အောက်ရောက်တော့ ရွှေရည်ထက် ဦးအောင်ရောက်နေသူက ကိုကို။
*ညီမလေး နိုးပြီလား*
*ဟုတ်ကဲ့ အကို ...အကိုက အစောကြီးနိုးနေတာပေါ့ *
*အိပ်ယာ အပြောင်းလဲမို့ အိပ်မပျော်လို့လေ.......ညီမလေးက ပိတောက်ပန်း တော်တော် ကြိုက်တယ်ထင်တယ်*
*ကြိုက်တာပေါ့ အကို ။ ပိတောက်ကိုလဲ ကြိုက်တယ် ..သင်္ကြန်ကိုလဲ အရမ်းချစ်တယ်*
*အကို နဲ့ တူတယ်......... မေမေ ပြောသလိုဘဲ ကိုကို လို့ ခေါ်လေ ညီမလေး*
*ဟုတ်ကဲ့ ကိုကို *
*ဒါနဲ့ သင်္ကြန်ကို ချစ်တဲ့ သူက သင်္ကြန်သမိုင်းလေးကော သိရဲ့လား*
*ရှင်...သိဘူး...ဟီးးးးးးးးး  ကိုကိုက သိတယ်လား ..... သိရင်ပြောပြလေ *
*သိတာပေါ့ ညီမလေးရ ...ညီမလေးသိချင်တယ်ဆို ပြောပြမယ်နော်........ဒီနေ့က သင်္ကြန်အကြိုနေ့လေးဆိုတော့ အကြိုနေ့ အကြောင်းကို အရင်ပြောပြမယ်နော်*
*ဟုတ်ကဲ့ ကိုကို *
*သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်တယ် ညီမလေး။
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့တယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာတယ်လေ။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်တယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်တယ်။ အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်တယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ် ညီမလေး။
ပုဂံခေတ်မြန်မာသင်္ကြန် အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။ ကဲ အကျနေ့ အကြောင်းကိုတော့ မနက်ဖြန်မှာ ဆက်ပြောပြမယ် ခု ညီမလေး ပန်းခူးမလို့ မလား ကိုကို ခူးပေးမယ်နော်*
*ဟုတ်ကဲ့ ကိုကို ခုလို မသိသေးတာတွေ သိခွင့်ရတဲ့ အတွက်ကော ........... ပန်းခူးပေးမယ်ဆိုတဲ့
အတွက်ပါ ကျေးဇူးကမ္ဘာပါဘဲ ကိုကို *
ပန်းတွေ ခူးပြီး ကိုကို နဲ့ အတူ အိမ်ထဲဝင်လာတော့  ရွှေရည်တို့ကို လူကြီးတွေက မနက်စာစားဖို့ စောင့်နေကြပြီလေ။ မနက်စာ ကော်ဖီဝိုင်းမှာ သင်္ကြန်တွင်းကို ဖေဖေတို့က နေ့တိုင်း ဥပုတ်
စောင့် မှာ ဖြစ်ကြောင်းနှင့် ကိုကို ကို ရွှေရည်လက်သို့အပ်ကြောင်း အန်တီက ထပြောလိုက်လို့ ပွဲကျခဲ့ရပါ
သေးတယ်။ လူကြီးတွေ ဖန်တီးပေးတဲ့ နီးစပ်မှုတစ်ခုဆိုတာ သင်္ကြန်ပြီးမှာ သိခွင့်ရလိုက်ပါသည်။
သင်္ကြန် အကြိုနေ့လေးမှာ ကိုကိုနဲ့ တူတူ ကားမှန်ပိတ်ပြီး မြို့အနှံ့ လျှောက်ကြည့်ခဲ့ပါတယ်။ ကိုကို မောင်းတဲ့ ကားလေးကို ဘေးက ထိုင်စီးပြီး စကားတွေ များလိုက် ကိုကို ကို လူတတ်ကြီးလုပ်ပြီး ရှင်းပြလိုက်နဲ့ အကြိုနေ့ တစ်ရက်ကို ဖြတ်ကျော်ခဲ့ပါတယ်။

~~~~~~@@@~~~~~~~
ဒီနေ့တော့ ၀ီရိယ ကောင်းစွာ အိပ်ယာမှ အစောကြီးနိုးနေခဲ့သည်။ ဒီနေ့ သူငယ်ချင်းတွေ့ ကားနဲ့ ရေပတ်ခံထွက်မှာကို
လိုက်မယ်လို့ကတိပေးထားပြီးဖြစ်နေပါသည်။ ကိုကို ကလဲရှိနေတယ် ........ဘယ်လို လုပ်ရပါ့မလဲ။ မထူးပါဘူးကွာ ကိုကို ပါခေါ်သွားမယ်.........အကြံရတာနဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။ အဆင်သင့်ပါဘဲ ကိုကို ကို ဧည့်ခန်းမှာ စာထိုင်ဖတ်နေတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ ဖေဖေတို့ ဘုန်းကြီးကျောင်း သွားကြပြီထင်ပါသည်။
*ဟေ့ ....ကိုကို *
မနေ့က တစ်ရက်လျှောက်လည်လိုက်တာ ကိုကိုနဲ့ ရွှေရည်ရင်းနှီးမှုတိုးခဲ့ပြီမို့ ရင်းနှီးစွာ နှုတ်ဆက်လိုက်ပါတယ်။
*ဗျာ.......ညီမလေး နိုးပြီလား........ဒီနေ့ စောတယ်*
*ဟုတ်တယ်.....ကိုကို့ ကို ပြောရအုံးမယ်...ရွှေရည်ကလေ ဒီနေ့ သူငယ်ချင်းတွေနဲ့ လည်မယ်လို့ အစောထဲက ချိန်းပြီး
နေပြီလေ....ကိုကို လာမယ်ဆိုတာလဲ ကြိုမသိတော့..ချိန်းထားမိတယ်..လိုက်မယ်လို့လဲ ကတိပေးထားမိတယ်လေ*
*သြော် .........လိုက်သွားလေ ညီမလေး ကိုကိုက ရပါတယ်*
*အာ.......ကိုကို ထားခဲ့ပြီးလိုက်ရင် ဖေဖေက ရွှေရည်ကို ဆူမှာပေါ့လို့........ဒီလိုလုပ်ပါလားဟင်*
*ဘယ်လို လုပ်ရမလဲ ညီမလေး ပြောလေ*
*ဟိုလေ ကိုကို ပါ ရွှေရည်တို့နဲ့ လိုက်ခဲ့ပါ လား ကိုကို ......လိုက်ခဲ့ပါနော်*
*ဟာ! ရွှေရည် သူငယ်ချင်းတွေ ကိုကို မှမသိတာကို ...အန်ကယ်မဆူအောင် ကိုကို ပြောပေးပါ့မယ်ကွ နော်*
*ဟာ ..... မရဘူး ဖေကြီးအကြောင်း ရွှေရည်ဘဲသိတယ် ။ လိုက်ခဲ့ပါ ကိုကို ရာနော်*
*ကဲ .......ဟုတ်ပါပြီဗျာ........လိုက်ခဲ့မယ်......ညီမလေး အ၀တ်စားသွားလဲတော့လေ*
*ဟေးးးးးးးးး ပျော်လိုက်တာ .........လဲသေးဘူး ကိုကို .......စောသေးတယ်လေ။ ကိုကို မနေ့က အကြောင်းဆက်ပြောပြလေ အကျနေ့ အကြောင်း*
*သြော် ဟုတ်သားဘဲ........ပြောပြမယ်နော်.............
အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်တယ်လေ ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်တယ်ညီမလေး။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိတယ်လေ။ ညီမလေးလဲ ကြားဖူးမှာပေါ့။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့တယ်။မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါဘဲကွယ်။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ သင်္ကြန်ပွဲလေးကို ကိုကို တော့
ချစ်တယ်။ကဲ ပြောလို့ ပြီးပြီ ညီမလေးလဲ အ၀တ်စားလဲတော့ နော်.....ထူထူထဲထဲ ၀တ်လာခဲ့ ။
အရောင်နုတာတွေလဲ မ၀တ်နဲ့ ရေစိုရင် အရောင်နုတွေက ကြည့်မကောင်းဘူး*
*ဟုတ်ကဲ့ ပါ ကိုကို .... ရွှေရည် သွားလဲတော့မယ်....ကိုကို လဲ လဲတော့နော်..........ရှယ်ပြင်လာခဲ့
ရွှေရည် သူငယ်ချင်းတွေ ကိုကို ကို ခိုက်သွားအောင်လို့လေ*
*ဟားဟ.........ဟုတ်ပါပြီဗျာ*

~~~~~~@@@~~~~~~~
သင်္ကြန်အကြတ်နေ့လေးမှာတော့ တစ်နေကုန် ကိုကို နဲ့ အိမ်မှာ စကားတွေ ထိုင်ပြောဖြစ်ပါသည်။ အကြတ်နေ့တိုင်း
ထူးထူးခြားခြား လုပ်ဖြစ်တာလေးတစ်ခုရှိတယ်....သူငယ်ချင်းတွေ ဆုလုပ်တဲ့ မဏ္ဍပ်လေးမှာ သွားကဖြစ်တာပါဘဲ။
ညနေ နေစောင်းတော့ ကဖို့ဝတ်စုံလေးနဲ့  လှေကားကဆင်းလာတဲ့ ရွှေရည်ကို ကိုကို မျက်တောင်မခတ် စိုက်ကြည့်
နေခဲ့တယ်နော်.......ရွှေရည် သွားကမယ်ဆိုတာသိတော့ ကိုကို ကိုယ်တိုင် ကားမောင်းပို့ပေးခဲ့တယ်.........။
အရမ်းကို ကြည်နူးပျော်ရွင်ခဲ့ရပါတယ်ကိုကို..........မထင်မှတ်ဘဲ ကိုကိုက သီချင်းဆိုပေးခဲ့လို့ ကိုကိုဆိုတဲ့ သီးချင်းလေး
မှာ ရွှေရည်ကခွင့်ရခဲ့ပြန်တယ်ရှင်။

~~~~~~@@@~~~~~~~
နောက်ဆုံး သင်္ကြန်အတက်နေ့လေးမှာတော့ တစ်နေ့ကုန် ညအထိ အကတွေ လျှောက်ကြည့်ခဲ့တာလဲ မမေ့စရာ
အမှတ်တရလေးတွေပါ ကိုကိုရယ်။ ကိုကို နဲ့ တွေ့ဆုံရတာ ရက်ပိုင်းလေးဆိုပေမယ့် တစ်ကယ်ကို ကြည်နူး စိတ်ချမ်း
သာခြင်းတွေကို ရွှေရည် ပိုင်ဆိုင်ခဲ့ရတာပါရှင်။

~~~~~~@@@~~~~~~~
နှစ်ဆန်းတစ်ရက်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ တူတူ ကုသိုလ်ကောင်းမှုလေးတွေ လုပ်နေကျအတိုင်း လုပ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဘေးမှာ ကိုကို လဲပါလာတယ်လေ။ သူငယ်ချင်းတွေက ၀ိုင်းစနေလို့
မနေတတ်အောင် ရှက်ခဲ့ရတဲ့ နေ့လေးတစ်နေ့ဆိုလဲ မမှားပါဘူး ကိုကို။ ကိုကို ဆိုတဲ့ လူသားတစ်ယောက်
ရွှေရည် ဘ၀လေးထဲကို သင်္ကြန်ရက်လေးတွေနဲ့ တူတူ တိုးဝင်လာခဲ့ပါသည်။ ရွှေရည်ချစ်တဲ့ သင်္ကြန်ရာသီလေး
မှာ ရွှေရည်ကို အရမ်းးချစ်နိုင်တဲ့ ကိုကို ကို သင်္ကြန်လက်ဆောင် ပို့ပေးလိုက်သလိုပါဘဲရှင်။


~~~~~~@@@~~~~~~~
သင်္ကြန်ရက်လေးတွေ ပြီးသွားတော့ ကိုကိုတို့ ပြန်ရဖို့ရက်လေးတွေ ရောက်လို့လာပါပြီ.....မပြန်ခင်တစ်ရက်အလိုမှာ
ကိုကို က ရွှေရည်ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ပိတော်ပန်းတွေ တပွေ့တစ်ပိုက်နဲ့ အိမ်ထဲ ၀င်လာတဲ့ ရွှေရည်ကို ကိုကို က မြင်မြင်ချင်းသဘောကျ နှစ်သက်ခဲ့တယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။
ကိုကို နဲ့ ရွှေရည်ကို လူကြီးတွေ သဘောတူ ကြည်ဖြူကြလို့ လူငယ်ချင်းနီးစပ်အောင် ခုလို လာလည်
ကြတယ်ဆိုတာကိုလဲ ကိုကို ပြောပြမှ သိခဲ့ရပြန်တယ်လေ။ သိပ်ကို ကြင်နာတတ်ပြီး ရွှေရည်ကို အရမ်းချစ်နိုင်တဲ့ ကိုကို့ ကို ဆုံးစည်းပေးတဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်မိသလို ၊ သင်္ကြန်ရာသီလေးမှာ မှတ်မှတ်ရရ ကိုကို နဲ့ ဆုံစည်း
ခဲ့ရတာကိုလဲ ကြည်နူးမိတယ် ကိုကို။ လူကြီးတွေကလဲ ကြည်ဖြူ သဘောတူ ၊ ရွှေရည်နဲ့ ကိုကိုကလဲ တစ်ကယ်မေတ္တာ
စစ်နဲ့ ချစ်ကြတဲ့ ချစ်သူတွေ မို့ ......ရွှေရည်တို့ ချစ်ခရီးလမ်းလေးက သယာဖြောင့်ဖြူးမှု တွေနဲ့ တကယ်ကို ကြည်နူး
စေခဲ့ရပါတယ်။ ကိုကိုက တစ်ခါတည်းလက်ထပ်ချင်ပေမယ့် ရွှေရည် အလိုကျနောက်နှစ် သင်္ကြန်အပြီး နှစ်ဆန်း (2) ရက်နေ့ မှာ လက်ထပ်ချင်တယ်လို့ ပူဆာခဲ့တာကိုလဲ စောင့်နေပေးခဲ့တယ်နော်။ အဲဒီနေ့လေးက ရွှေရည်နဲ့ကိုကို ချစ်သူဖြစ်တဲ့နေ့လေးဖြစ်သလို ၊ ရွှေရည် မွေးနေ့လေးလဲ ဖြစ်နေတယ်လေ။
ဒီလိုနဲ့ ရက်တွေ လတွေ အလီလီပြောင်းလို့ သင်္ကြန်အခါလေးကို ရောက်ရှိလို့လာပြန်ပြီ...........................

~~~~~~@@@~~~~~~~
သင်္ကြန်ရက်တွေ ကိုကိုနဲ့ တူတူ လျှောက်လည်ရတာ အရမ်းကို ပျော်ရွင်မိပါတယ်။ မနှစ်ကနဲ့မတူတော့ဘူးလေ။ ခုဆို ချစ်သူတွေဖြစ်နေကြပြီ.....မကြာခင်မှာ ကိုကိုနဲ့ လက်ထပ်ရတော့မယ်လေ။ ဒီနေ့ဆိုဘဲ အတက်နေ့ကို
ရောက်နေပါပြီ။ ဒီနေ့ ထွက်လည်မယ်ဆိုတော့ ကိုကို မေမေက မင်္ဂလာရက်ကနီးနေပြီ မသွားဖို့တားနေတာကို
နှစ်ယောက်သား ထွက်လာခဲ့မိကြတယ်။ ကိုကို့ ကို အပြီးဆုံးရှုံးဖို့ဆိုတာကိုတာ ကြိုသိခဲ့ရင် ရွှေရည် လည်မိမှာ
မဟုတ်ပါဘူးကိုကို ရယ်။ ရွှေရည်တို့ ဂျစ်ကားးလေးနဲ့ထွက်လည်ခဲ့ကြတာပါ.....မဏ္ဍပ်တစ်ခုရှေ့ကို ရောက်လို့
ကားကို မှေးရပ်မလို့ ရှိသေးတယ်.....တစ်ဘက်ကနေ မူမမှန်စွာမောင်းလာတဲ့ ကားတစ်စီးကို မြင်နေရလို့
ကိုကို ကို သတိထားဖို့ ပြောတဲ့စကားတောင် မဆုံးခင်မှာဘဲ .........
ဝုန်းးးးးး!  ဆိုတဲ့ အသံကျယ်ကြီးတစ်ခုကို နောက်ဆုံးကြားလိုက်ပြီး ရွှေရည်ဘာဆိုဘာမှ မသိတော့တဲ့ အမှောင်ထုထဲကို ရောက်ရှိသွားတော့တာပါဘဲရှင်။


~~~~~~@@@~~~~~~~
စာတွေက များနေလို့ တခါတည်းတင်တာကို ဆိုဒ်က ဒီစာလေးပြနေလို့
Please limit your blog post to 100,000 characters
ပထမ ပိုင်း.....ဒုတိယပိုင်း ခွဲတင်လိုက်ရပါတယ်။
ဒုတိယပိုင်းလေးကိုလဲ အားပေးကြပါအုံးနော်။
ကျေးဇူး တင်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့