Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

နို့နှစ်လုံးဖိုးလုံးကျေပါတယ် (အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ)

နို့နှစ်လုံးဖိုးလုံးကျေပါတယ် (အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ)
အရှင်ဘုရား…
မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲကျေအောင် ဆပ်နိုင်ခဲ့တယ်ဆိုတာ မှန်ပါ သလားဘုရား။
မောင်မိုးကျော်သူ၊ ရန်ကုန်မြို့ ။
ဒကာမိုးကျော်သူရေ...
ဦးဇင်းတို့ လူဝတ်ကြောင်ဘ၀ ငယ်ငယ်တုန်းက တက္ကသိုလ်အေးမောင်ရဲ့  " ဘယ်ပန်းချီရေးလို့မမီ" သီချင်းကို အရူးအမူး စွဲလမ်းခဲ့ဖူးပါတယ်။ အဲဒီသီချင်းများ ရေဒီယိုက မလာလိုက်နဲ့၊ အသက်ရှူဖို့ မေ့သွားမတတ် ရှိရှိသမျှ သမာဓိတွေကို သီချင်းဆီ စုပြုံပို့ပြီး နှစ်နှစ်ခြိုက်ခြိုက် နားထောင်တော့တာပါပဲ။ ငယ်ဘ၀ရဲ့  တသသ သီချင်းတွေထဲမှာ အဲဒီသီချင်းလည်း ထိပ်ဆုံးက ပါတာပေါ့။ မိဘမေတ္တာနဲ့
ပတ်သက်တဲ့သီချင်းဆိုရင် ကလေးတိုင်း ကြိုက်ကြတာပဲ မဟုတ်လား။
မိဘမေတ္တာကို ဖွဲ့ဆိုတဲ့ သီချင်းတွေ၊ ဇာတ်လမ်းတွေဟာ သားသမီးတွေကို မိဘမေတ္တာ နားလည်စိတ်၊ မိဘကျေးဇူးဆပ်လိုစိတ်ထက်သန်လာအောင် လှုံ့ဆော်တဲ့နေရာမှာ စာပေထက်တောင် ပိုပြီးထိရောက်ပါတယ်။ အနုပညာရသပါတဲ့အတွက် သားသမီးတွေရဲ့  ရင်ထဲကို စွဲစွဲနစ်နစ် ၀င်ရောက်သွား လို့ပါ။ အဲဒီအတွက် သက်ဆိုင်ရာ အနုပညာရှင်များကို အထူးကျေးဇူးတင်မိပါတယ်။
ဒါပေမယ့် ကိုယ်ဖန်တီးလိုက်တဲ့ မိဘမေတ္တာဖွဲ့ အနုပညာပစ္စည်းထဲမှာ မှားယွင်းတဲ့ အဲဒီအချက်အလက်၊ အဲဒီအတွေးအခေါ်ကို အမှန်လို့ သတ်မှတ်သွားသူတွေရဲ့  အသိမှား၊ အမှတ်မှားမှုဟာ
ကိုယ်ပေးလိုက်တဲ့ အကုသိုလ်အစိုင်အခဲကြီးဖြစ်နေတာမို့ ကိုယ်လည်း အကုသိုလ်ရှယ်ယာ ဝေစုခွဲပြီးသား ဖြစ်သွားပါတယ်။
မိဘမေတ္တာအကြောင်း ရေးကြ၊ ဖွဲ့ကြပြီဆိုရင် ဗုဒ္ဓစာပေ (ပိဋကတ်တော်) ထဲက အဆုံးအမတွေ၊ အချက်အလက်တွေကို အများဆုံး ကိုးကားကြတာ တွေ့ရပါတယ်။ ဗုဒ္ဓစာပေနဲ့ မိဘမေတ္တာ၊ မိဘမေတ္တာနဲ့ ဗုဒ္ဓစာပေ ခွဲခြားလို့တောင်မရပါဘူး။ " မိဘကျေးဇူးသိရမယ်၊ ဆပ်ရမယ် " လို့ ပြောလိုက်ရင်ကိုပဲ " ဒါ ဘာသာရေးအဆုံးအမ၊ ဒါ ဗုဒ္ဓလမ်းညွှန်ချက် " လို့တောင် သတ်မှတ်နားလည်လိုက်ကြတဲ့အထိပါပဲ။
ဗုဒ္ဓစာပေကို မှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ " မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ် " ဆိုတဲ့အချက်ကို တွေ့ရတော့ သိပ်ကို အံ့သြမိပါတယ်။
ပိဋကတ်တော်မှာမပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်း အရမ်းကို အပြစ်ကြီးပါတယ်။ " နို့တစ်လုံးပဲကျေတယ်" ဆိုတဲ့အချက်ကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် လည်း ဟောကြားတော်မမူခဲ့သလို အဋ္ဌကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော်မမူခဲ့ကြပါဘူး။
သားသမီးတွေအပေါ်မှာ မိခင်ကျေးဇူး ကြီးမားတာ မှန်ပါတယ်။ ဒါပေမယ့် မိခင်ကို အမွှန်းတင်ချင် လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို ပုတ်ခတ်စော်ကားလို ဖြစ်သွားတာကတော့ လုံးဝမသင့်တော်ပါဘူး။
" ဘုရားတောင်မှ မိခင်ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေတယ် " လို့ ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်ပါတယ်။ " သာသနာဖျက်တဲ့သူ" လို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီးပါတယ်။
" မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင်ဆပ်နိုင်ခဲ့ပါတယ်၊ မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝမကျန်တော့ပါဘူး " ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော်(ထေရ၀ါဒစစ်စစ် ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။
ပါဠိတော်မူရင်းကတော့ " ဗန္ဓနာရက္ခနေ မယှံ၊ အနဏောတွံ မဟာမုနေ " ပါ။ (စာမျက်နှာအညွှန်းနဲ့ ပါဠိအနက်ကို ဆောင်းပါးအဆုံးမှာ ဖော်ပြပေးထားပါတယ်။)
မိထွေးတော်ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ဝင်စံခါနီး (သေလွန်ခါနီး)မှာ မြတ်စွာဘုရားရှင်ကို စကားအတော်များများလျှောက်ထားသွားခဲ့ပါတယ်။ အဲဒီလျှောက်ထားချက်များစွာထဲက တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့  " နို့ဖိုးကြွေး" နဲ့ ပတ်သက်နေပါတယ်။ လျှောက်ထားပုံက ဒီလိုပါ။
" မြတ်စွာဘုရား…၊ အရှင်ဘုရားကို တပည့်တော်က လောကနို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ 
ရူပကာယ (ရုပ်ကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် တပည့်တော်ဟာ အရှင်ဘုရားရဲ့ 
မယ်တော်ကြီး(မိခင်) ဖြစ်ပါတယ် "
" တပည့်တော်ကို အရှင်ဘုရားက ဓမ္မနို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ 
ဓမ္မကာယ (တရားကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် အရှင်ဘုရားဟာ တပည့်တော်ရဲ့ 
ခမည်းတော်ကြီး (ဖခင်) ဖြစ်ပါတယ် "
" တပည့်တော် တိုက်ကျွေးခဲ့တဲ့ လောကနို့ရည်က ဆာလောင်မွတ်သိပ်ခြင်းကို တဒင်္ဂတစ်ခဏပဲ ငြိမ်းအေးပြေပျောက်စေနိုင်ပါတယ်။ အရှင်ဘုရားတိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ် ခြင်းကို အမြဲထာဝရ ငြိမ်းအေး ပြေပျောက်စေနိုင်ပါတယ် "
" မြတ်စွာဘုရား…၊ အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာအနှောင်ဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် တပည့်တော်အပေါ်မှာ အရှင်ဘုရား နို့ဖိုးကြွေး လုံးဝမကျန်တော့ပါ။ မယ်တော့်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား "
ဒကာမိုးကျော်သူရေ ..
မိထွေးတော်ဂေါတမီ ထေရီမကြီးရဲ့  " နို့ဖိုးကြွေးရှင်းတမ်း " လျှောက်ထားချက်ကို မြတ်စွာဘုရားရှင် က ငြင်းဆန်ခြင်း လုံးဝမပြုဘဲ လက်ခံတော်မူခဲ့တဲ့အတွက် အဲဒီလျှောက်ထားချက်သည်ပင်လျှင် မြတ်စွာဘုရားရှင်ရဲ့  မိန့်ကြားတော်မူချက်ပါပဲ။
တကယ်လို့သာ နို့ဖိုးကြွေးမကျေဘူးဆိုရင် " ဟဲ့..ဂေါတမီ၊ သင်လျှောက်ထားတာ မှားနေတယ်၊ မိခင်ကျေးဇူးကို ငါဘုရား နို့နှစ်လုံးဖိုးလုံးကျေအောင် မဆပ်နိုင်ဘူးကွဲ့၊ နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ် နိုင်တယ် " လို့ မြတ်စွာဘုရားရှင်က စကားပြင်ပြောမှာပေါ့။ အခုတော့ အဲဒီလို စကားပြင်ပြောခဲ့တာမှ မဟုတ်ဘဲ၊ ဆိတ်ဆိတ်နေပြီးလက်ခံတော်မူခဲ့တာပါ။
ဆာလောင်မွတ်သိပ်ခြင်းဆိုတာ " တဏှာ " ပါ။ " လောကနို့ရည်" က နို့ဆာတဲ့ တဏှာကိုပဲ ပယ်ဖျောက်ပေးနိုင်ပါတယ်။ (ဒါတောင်မှ တဒင်္ဂပါ။ အချိန်တန်တော့ ပြန်ဆာလာတာပါပဲ။ တခြားဆာတဲ့ တဏှာတွေကိုတော့ ပယ်ဖျောက်မပေးနိုင်ပါဘူး။ နို့စို့အရွယ်မှာတောင် ဟိုလူ့မြင်ချင်၊ ဒီလူ့မြင်ချင် ၊ ဟိုဟာစားချင်၊ ဒီဟာသောက်ချင်နဲ့ ဆာလောင်မွတ်သိပ်မှုမျိုးစုံ (လိုချင်နှစ်သက်တပ်မက်သာယာမှုမျိုးစုံ) တိုးပွားနေပါတယ်။
နို့ပြတ်သွားပြီဆိုတာနဲ့ တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ဆာလောင်မှုတဏှာတွေ တိုးတိုးလာပါတယ်။ အဲဒီလိုတိုးလာအောင်လည်း မိခင်ကိုယ်တိုင်ကပဲ သင်ကြားပေးတာပါ။ " သားသား ဒီမုန့်လေးက ကောင်းတယ်နော် " " မီးမီး ဒီအရုပ်လေး လှတယ်နော် " ဆိုတာမျိုးတွေက အစပြုလို့ပေါ့။
အသက်ကြီးလေ၊ အဆာတိုးလေနဲ့ တဏှာကြီးကြီးလာလိုက်တာ " နွားကြီးလေ၊ ချိုရှည်လေ " ဖြစ်တော့တာပါပဲ။ အဆင်း ၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကို " လောကနို့ရည် " လို့ခေါ်တဲ့ " မိခင်နို့ရည် " က ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက်မပေးနိုင်ပါဘူး။ (မိခင်ကျေးဇူး ရှုထောင့်နှင့် ရောထွေးမပစ်ပါနှင့်။)
" သစ္စာလေးပါ မြတ်တရား" ဆိုတဲ့ " ဓမ္မနို့ရည် " ကတော့ ဆာလောင်မွတ်သိပ်မှု တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္တမဂ်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာ ဖြစ်သွားပြီဆိုရင် ဘယ်အရာကိုမှ ဆာလောင်မွတ်သိပ်မှု မရှိတော့ပါဘူး။ အာရုံအားလုံး၊ ဘ၀အားလုံး ဘာကိုမှ သာယာနှစ်သက်တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တဏှာ အဆာဓာတ်အားလုံး အပြီးတိုင် ချုပ်ငြိမ်း ပြေပျောက်သွားပါပြီ။
ရဟန္တာအဆင့်ထိ မရောက်တောင်မှ သစ္စာတရားကို သူ့အဆင့်နဲ့သူ သိတဲ့သူဟာ သူ့အတိုင်းအတာနဲ့သူတော့ တဏှာအဆာဓာတ် လျော့ပါးသက်သာပါတယ်။
ပုထုဇဉ်အဆင့်ကို ကျော်လွန်ပြီး အောက်ထစ်ဆုံး သောတာပန်အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ပဲ သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာ ရဟန္တာဖြစ်ဖို့ သေချာသွားပြီ ဖြစ်တဲ့အတွက် မိခင်ကို သောတာပန်ဖြစ်အောင် " ဓမ္မနို့ရည် " တိုက်ကျွေးပေးတဲ့ သူတော်ကောင်းပုဂ္ဂိုလ်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးကျေအောင် ဆပ်ပြီးသား ဖြစ်တော့တာပါပဲ။
မြတ်စွာဘုရားရှင်ဟာ မိခင်နို့ ခုနစ်ရက် တိုက်ကျွေးခဲ့တဲ့ မယ်တော်ရင်း မဟာမာယာဒေ၀ီကနေ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတ နတ်သားကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား (သုတ္တန်ကြားညှပ်) ဟောကြားပေးခြင်းအားဖြင့် သောတာပန်ဖြစ်သွားအောင် " ဓမ္မနို့ရည်" တိုက်ကျွေးခဲ့ပါတယ်။ မယ်တော် နတ်ရွာစံပြီးတဲ့နောက် နို့မပြတ်မချင်း မိမိရဲ့  နို့ချိုကို တိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးကိုတော့ ရဟန္တာဖြစ်တဲ့အထိ " ဓမ္မနို့ရည် " တိုက်ကျွေးခဲ့ပါတယ်။
မယ်တော်ရင်းအနေနဲ့ သောတာပန်သာဖြစ်သေးတဲ့အတွက် တဏှာအဆာဓာတ်တွေ လုံးဝ မပြေပျောက်သေးပေမယ့် သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာတော့ တဏှာအဆာဓာတ်တွေ လုံးဝပြေပျောက်တဲ့ ရဟန္တာဖြစ်ဖို့ သေချာသွားပါပြီ။ အဲဒီအတွက် မြတ်စွာဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ အကြွေးမကျန်တော့ပါဘူး။ နို့ဖိုးကြွေးအားလုံး ကျေသွားပါပြီ။ နို့နှစ်လုံးဖိုးလုံး ကျေးဇူးဆပ်ပြီးပါပြီ။
နှစ်နဲ့ချီပြီး နို့စို့ ခဲ့ရတဲ့ မိထွေးတော်ဂေါတမီအပေါ် မှာတောင် နို့ဖိုးကြွေးမကျန်တော့ဘူးဆိုမှတော့ ခုနစ်ရက်ပဲ နို့စို့ခဲ့ရတဲ့ မယ်တော်မာယာအပေါ်မှာ နို့ဖိုးကြွေး တစ်စက်ဖိုးမှ မကျန်တော့ဘူးဆိုတာ ယုံမှား သံသယဖြစ်စရာ မရှိပါဘူး။ နို့နှစ်လုံးဖိုးလုံးကျေပါတယ်။
" မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့ပါတယ် " ဆိုတဲ့ စကားဟာ တက်တက်စင်အောင် လွဲမှားတဲ့ လုပ်ကြံစကားသာ ဖြစ်ပါတယ်။ ဘယ်ပိဋကတ်တော်၊ ဘယ်ဗုဒ္ဓစာပေမှာမှ မပါပါဘူး။
ပိဋကတ်ကျွမ်းကျင်တဲ့ ဘယ်ဆရာတော်ကိုမဆို မေးမြန်းကြည့်နိုင်ပါတယ်။ ၀ိဇ္ဇာလိုလို၊ ဘိုးတော်လိုလို ဖိုသီဖတ်သီဘုန်းကြီးတွေကိုတော့ သွားမမေးနဲ့ပေါ့။ သူတို့ကတော့ တစ်ဆင့်ကြား အစဉ်အလာစကားကိုပဲ အမှန်လို့ သတ်မှတ်ပြီး ဟုတ်တယ်လို့ ခေါင်းညိတ်ကြမှာလေ။ ပိဋကတ်ဆိုတဲ့နေရာ မှာလည်း ထေရ၀ါဒစစ်စစ် ပိဋကတ်တွေကိုသာ ဆိုလိုပါတယ်။
" နို့တစ်လုံးဖိုးပဲကျေတယ်" ဆိုတာတို့၊ " သားရွှေအိုးထမ်းလာတာ မြင်ချင်တယ် " ဆိုတာတို့ အဲဒီလို စသည် ပိဋကတ်တော်မှာမလာတဲ့ အချက်အလက် အလွဲအမှားတွေ လူထုကြားထဲ စိမ့်ဝင်ပျံ့  နှံ့နေတာရဲ့ 
အဓိကတရားခံက ဇာတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲလို့ ရှေးဆရာတော်ကြီးတွေက မိန့်ဆိုတော်မူခဲ့
ကြပါတယ်။
ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ် စိတ်ဝင်စားအောင် သိုင်းဝိုင်းချဲ့ ထွင် မွမ်းမံဖွဲ့နွဲ့ရင်းနဲ့ လက်လွန်နှုတ်လွန်ဖြစ်ပြီး ပိဋကတ်တော်လာ အမှန်တရားတွေကို တမင်မရည်ရွယ်ပေမယ့် ဖျက်ဆီးလိုက် သလို ဖြစ်သွားပါတယ်။ " ဇာတ်သမားသေရင် ပဟာသငရဲရောက်တယ် " ဆိုတဲ့ ဗုဒ္ဓစကားတော်ရဲ့  အကြောင်းပြချက်တွေထဲမှာ ဇာတ်စာရေးသူတွေရဲ့  အချက်အလက် လွဲမှားအောင် ဖန်တီးမှုလည်း တစ်ခု အပါအ၀င်ဖြစ်မှာ သေချာပါတယ်။ (ဇာတ်စာအားလုံးကို မဆိုလိုပါ)
" ပိဋကတ်တော်ကို ဇာတ်ဆရာ၊ ကွက်စိပ်ဆရာတွေ ဖျက်တယ် " ဆိုတဲ့စကား မှန်မမှန်သိချင်တာနဲ့ ဟိုတလောက ရေဒီယိုကလွှင့်တဲ့ ရွှေမန်းရဲ့  ဗုဒ္ဓ၀င်လေးတော်တင်ခန်းကို တစ်ဝက်တစ်ပျက်ကနေ ခဏဖွင့် နားထောင်ကြည့်လိုက်တော့…လား…လား .. မယ်တော်မာယာကနေ ဘ၀ပြောင်းသွားတဲ့နတ်ကို မင်းသမီး တစ်ဦးက " မယ်မယ်ဘုရား၊ မယ်မယ်ဘုရား " ချင်း မိုးမွှန်ပြီး နတ်သမီးတစ်ပါးအဖြစ်နဲ့ တင်ဆက်သွားတာ ကို ကြားလိုက်ရပါရောလား။
တကယ်ဆို ဗုဒ္ဓဘာသာဝင်တိုင်းသိတဲ့ " မယ်တော်မိနတ်သား" ဆိုတဲ့စကားစုလေးကို ကြည့်လိုက်ရင်ကိုပဲ မယ်တော်မာယာဟာ နတ်သမီးဖြစ်သွားတာမဟုတ်ဘူး၊ နတ်သားဖြစ်သွားတာဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။
ဇာတ်သမားတွေရဲ့  လက်ချက်ကြောင့် ဖုန်းကညာတစ်ပါ လုံးရာက ပြားသွားရပါပေါ့လား
သန္တုဿိတနတ်သားကြီးရေ..။
နို့ဖိုးကျေနိုင်ကြပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့